အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးနှစ်ဦး ထိပ်ပိုင်းရာထူးများ ဝင်ရောက်နေရာယူမည်ဟု သတင်းပြေးနေသည့် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တတိယအကြိမ်ညီလာခံမှာ ဒုတိယဥက္ကဌ-၁ နှင့် အထွေထွေအတွင်းရေးမှူးရာထူးနေရာအတွက် အတည် ပြုခန့်အပ်နိုင်ခြင်း မရှိဘဲ ယနေ့ ပြီးဆုံးသွားပြီဖြစ်သည်။
ညီလာခံတွင် ပါတီဥက္ကဋ္ဌ အပြောင်းအလဲ ပြုလုပ်ခဲ့သော်လည်း ကျန်အရေးပါသော ဒု ဥက္ကဋ္ဌ-၁ နှင့် အထွေထွေ အတွင်း ရေးမှူး နေရာအတွက် လတ်တလော စစ်တပ်မှ အငြိမ်းစားယူထားသည် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီးအောင်စိုးတို့အား အတည်ပြုခြင်းမရှိသေးကြောင်း ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် တဦးဖြစ်သူ ဦးမောင်မြင့်က ပြောသည်။
၎င်းက “ဒါက မေးခွန်းတခု ဖြစ်နေတာပေါ့၊ အခုထိတော့ ဘာမှမထူးသေးဘူး။ အခုချိန်ထိတော့ မရောက်သေးဘူး၊ သေချာတယ်” ဟု ဒုဗိုလ်ချုပ်ကြီးနှစ်ဦးနှင့် ပတ်သက်ပြီးပြောသည်။
ပြီးခဲ့သည့် နှစ်ရက်တာကျင်းပခဲ့သည့် ပါတီညီလာခံတွင် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ရင်းနှီးသူ ဦးခင်ရီမှာ ပါတီ ဥက္ကဌဖြစ်လာသော်လည်း ယခင်ဒုတိယဥက္ကဌဟောင်းနှစ်ဦးဖြစ်သူ ဦးလှထွန်းနှင့် ဦးမြတ်ဟိန်းတို့အား ပြန်လည်တာဝန် ပေးအပ်ခံရကာ ပါတီတွဲဖက်အတွင်းရေးမှူးအဖြစ် ဦးတင်အောင်ချစ်အား ခန့်အပ်ခဲ့သည်။
ယင်းအပြင် အခြားသော ပါတီဗဟိုအကြံပေးများ၊ ပါတီဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များကိုလည်း အတည်ပြုခန့်အပ်ခဲ့ ပြီးဖြစ်ကြောင်းလည်း သိရသည်။
သို့သော် ယခင်ကပါတီ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်း၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဝေလွင်၊ အထွေထွေ အတွင်းရေးမှူး ဟောင်းဖြစ်သူ ဒု ဗိုလ်ချုပ်ကြီးဟောင်း သက်နိုင်ဝင်းတို့မှာ ပါတီတွင် ပြန်လည် ပါဝင်လာခြင်းမရှိတော့ဘဲ အနားယူသွားပြီဖြစ်သည်။
ယခု ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်းအပြောင်းအလဲနှင့် ပတ်သက်၍ အာဏာ သိမ်းစစ်ခေါင်းဆောင် လိုလားသည့် အမာခံများဖြင့် ပြန်လည်အစားထိုးကာ မိုးကျရွှေကိုယ် တပ်ပိုင်းအရာရှိများ ပါတီတွင် ပိုမိုနေရာယူပါဝင်နိုင်ဖွယ် ရှိနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က သုံးသပ်ကြသည်။
ပါတီတွင် တပ်အရာရှိများ နေရာယူပါဝင်ခြင်းနှင့် ပတ်သက်ပြီး ယခင်ဥက္ကဌဦးသိန်းစိန်လက်ထက်ကတည်းက ပါတီဖွဲ့စည်းပုံတွင် ဗဟိုအလုပ်အမှုဆောင်များ ရွေးချယ်ရာ၍ ဝန်ကြီးဟောင်း၊ ဒုဝန်ကြီးဟောင်း၊ စစ်တပ်အငြိမ်းစားများ ပါဝင်မှုအား ၂၅ ရာခိုင်နှုန်းထက် ပိုမိုမှုမရှိစေရန် ကန့်သတ်ချက်ရှိခဲ့သည်။
သို့သော် ယခုညီလာခံမပြုလုပ်မီက ကျင်းပခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးတွင် ယင်းအချက်အား ကန့်ကွက် မှုများ ရှိလာခဲ့သည့် အတွက် ပါတီဖွဲ့စည်းပုံစည်းမျဉ်းစာအုပ်မှ ယင်းအချက်အား ပယ်ဖျက်ပေးခဲ့ပြီး အကယ်၍ ယင်းသို့ ကန့်သတ်မည် ဆိုပါက တပ်မတော်နှင့်ပါတီက တည့်တော့မည်မဟုတ်ကြောင်း ဗိုလ်မှူးချုပ်ဟောင်းတဦးဖြစ်သည့် ဦးမောင်မြင့်က ထောက်ပြခဲ့သည်။
၎င်းက “ ပြည်ခိုင်ဖြိုးပါတီ ဆိုတာကတော့ သူ့ရဲ့သန္ဓေက တပ်မတော်ပဲလေ။ ဘာမှ လျှို့ဝှက်ထားစရာလည်းမရှိဘူး။ တပ်မတော်သားတွေ အများစုကို အခြေခံထားတာပဲ။ အခုက အနည်းစုဖြစ်အောင် လုပ်မယ်ဆိုတော့ သဘာဝမကျ ဘူးလေ။ အရည်အချင်းရှိရင် အရပ်သားဖြစ် ဖြစ်၊ တပ်မတော်သားဖြစ်ဖြစ်ပဲလေ” ဟု ပြောသည်။
လက်ရှိပါတီဥက္ကဌသစ်ဖြစ်လာသူ ဦးခင်ရီကလည်း ၎င်း၏ပထမဆုံးမိန့်ခွန်းတွင် စစ်ကောင်စီ၏ လုပ်ဆောင်ချက်များတွင် အစွမ်းကုန် လက်တွဲဆောင်ရွက်သွားကြရန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
ယနေ့မနက်ပိုင်းကလည်း ဥက္ကဌသစ် ဦးခင်ရီက အသစ်ရွေးချယ်ခန့်အပ်လိုက်သည့် ပါတီဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းနှင့်ပြည်နယ်မှ ပါတီဥက္ကဌများ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဥက္ကဌများနှင့် တွေ့ဆုံကာ ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
You may also like these stories:
စစ်ကောင်စီနှင့် အစွမ်းကုန်ပူးပေါင်းဆောင်ရွက်ဖို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဌသစ် ဦးခင်ရီပြော
စစ်ဗိုလ်ချုပ်ကြီးများနှင့် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ
အကွဲအပြဲဖြင့် အာဏာထပ်လုကြဦးမည့် ကြံ့ခိုင်ရေးပါတီ