မကွေးတိုင်း မှတ်ပုံတင်အမှတ် ၈/၊ စစ်ကိုင်းတိုင်း ၅/၊ မန္တလေးတိုင်း ၉ / ကိုင်ဆောင်သူများ စစ်ကိုင်းမြို့သို့ လာရောက် ပါက တည်းခိုနေထိုင်မှုအတွက် ဧည့်စာရင်းမပေးသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
စစ်ကိုင်းမြို့ခံတဦးက “ဧည့်စာရင်းတိုင်ရင် မန္တလေးဘက်က လာတဲ့သူတွေဆိုရင် ညအိပ်လက်ခံပေးလို့ မရဘူးဆိုပြီး ဧည့်စာရင်း လက်ခံ မပေးဘူး။ သူတို့ကတော့ လုံခြုံရေးကြောင့်လို့ အကြောင်းပြတယ်၊ အဲဒီတော့ အိမ်ကိုလာတဲ့ မိတ်ဆွေတွေဆိုရင် ဘယ်လို အတိုင်းအတာထိ ရင်းနှီးပါစေ ညအိပ်လို့ မရဘူးလို့ ပြောနေရတော့ အခက်တွေ့တာပေါ့” ဟု ပြောသည်။
ထိုသို့ ဧည့်စာရင်း မပေးသဖြင့် မန္တလေး၊ မကွေးတိုင်းများနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ အခြားမြို့နယ်များမှ စစ်ကိုင်းမြို့သို့ လာရောက် အလုပ်လုပ်ကိုင်ကြသူများ၊ ရွှေ့ပြောင်း အလုပ်သမားများ၊ ငှားရမ်း နေထိုင်ကြသူများအပြင် ကျန်းမာရေး ကိစ္စဖြင့် လာရောက်သူများ၊ သာရေးနာရေး ကိစ္စရပ်များဖြင့် လာရောက်ကြသူများလည်း နေထိုင်ရေးအတွက် အခက် အခဲများ ရင်ဆိုင်ကြရကြောင်း သိရသည်။
စစ်ကိုင်း မြို့မိမြို့ဖ အဖွဲ့ဝင် ဖြစ်ခဲ့သူ တဦးက “ကိုယ့်ဆီလာတဲ့ ဧည့်သည်ကို မတည်းခိုရဘူး ဆိုတာမျိုး ကတော့ လုံး၀ မဖြစ်သင့်တဲ့ အရာတခု ဖြစ်တယ်။ ဘယ်အရပ် ဘယ်ဒေသကပဲလာလာ ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း တရားဝင် ဧည့်စာရင်း တိုင်ရင် လက်ခံပေးရမယ်၊ ကိုယ့်ရပ် ကိုယ့်ရွာမှာ နေလို့ မရတော့လို့ စစ်ကိုင်းမှာရှိတဲ့ ဆွေမျိုး တွေဆီ လာခိုကြတဲ့သူတွေလည်း ပါနိုင်တယ်ဆိုတော့ အခုလို အဘက်ဘက်က အခက်အခဲမျိုးစုံ ရှိနေတဲ့ အချိန်မျိုးမှာ လူသားချင်း စာနာပေးနိုင်ကြဖို့ လိုပါတယ်” ဟု ပြောသည်။
ထိုသို့ ဧည့်စာရင်း တိုင်ကြားခွင့်မပြုသည်မှာ သာသနာ့ နယ်မြေဖြစ်သော စစ်ကိုင်းတောင်ရိုးရှိ ဘုန်းကြီးကျောင်းများ လည်း ပါဝင်နေသဖြင့် ကျောင်းအမြဲနေ ကပ္ပိယ၊ ကျောင်းသားများမှ လွဲ၍ ညအိပ်ဧည့်သည် လက်မခံတော့ကြောင်း လည်း ဘုန်းကြီးကျောင်းတချို့က သိရသည်။
စစ်ကိုင်းတောင်ရိုးပေါ်မှ ကျောင်းတခုတွင် ကျောင်းထိုင်သည့် ဆရာတော် ဦးနန္ဒဝံသက “ဦးပဉ္ဖင်းက မန္တလေးကနေ ဒီ စစ်ကိုင်းတောင်ရိုးပေါ်ကို ကျောင်းလာထိုင်တာ ၈ နှစ်လောက်ရှိပြီ။ အခု ဧည့်သည်တွေလာရင် အသိပေး အကြောင်း ကြား ဧည့်စာရင်း တိုင်ရမယ်ဆိုလို့ သွားတိုင်တော့ မကွေးဘက်နဲ့ မန္တလေးဘက်မို့ ဧည့်စာရင်း ပေးလို့မရဘူး ပြော တော့ ဘယ်ဧည့်သည်မှကို ညအိပ် လက်မခံတော့ဘူး။ မကွေးဘက်က ဦးပဉ္ဖင်းနဲ့ ဆရာ ဒကာအရင်းတွေ ဆေးလာကု ဖို့ လာတာတောင် မန္တလေးက သူငယ်ချင်းရဲ့ ကျောင်းကို ပို့လိုက်ရတယ်” ဟု မိန့်သည်။
စစ်ကိုင်းမြို့တွင် ဟိုတယ် ၄ လုံး၊ တည်းခိုခန်းများ အပါအဝင် အလုံး ၃၀ ကျော်ရှိပြီး လာရောက် တည်းခိုသူများ၏ ကိုယ်ရေးအချက်အလက်နှင့် တည်းခိုသည့် အကြောင်းရင်းများကိုလည်း စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေး အဖွဲ့များသို့ နေ့စဉ်ပေးပို့နေရကြောင်း ဟိုတယ်၊ တည်းခိုခန်း ပိုင်ရှင် အသိုင်းအဝိုင်းက သိရသည်။
စစ်ကိုင်းမြို့ပေါ် ရပ်ကွက်တခုမှ အမည်မဖော်လိုသည့် အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက “အခုနောက်ပ်ိုင်း စစ်ကိုင်းဘက်မှာ မကြာခဏ ဆိုသလို တိုက်ခိုက်ခံနေရတာတွေ ရှိလာတယ်။ ပြီးတော့ PDF အဖွဲ့တွေက လူဝင်ဖမ်းတာတွေလည်း ရှိလာ တယ်၊ နောက်တခုက မန္တလေးဘက်က တော်လှန်ရေးအဖွဲ့က လူတွေလည်း စစ်ကိုင်းဘက်ကို လာပြီး ခိုအောင်းကြ တာတွေလည်း ရှိနေတာကြောင့် သေချာ စိစစ်တဲ့ သဘောပါ။ ဧည့်စာရင်း လာတိုင်ရင်ဖြစ်ဖြစ် ဧည့်စာရင်း စစ်တာပဲ ဖြစ်ဖြစ် ရပ်ရွာ လုံခြုံရေးအတွက် စစ်ဆေးတာမျိုးပဲ ရှိပါတယ်။ ကျနော်တို့ဆီကို ၅၊ ၈၊ ၉ မို့ ဧည့်စာရင်း မပေးရဘူးလို့ ညွှန်ကြားထားတာမျိုး မရှိပါဘူး” ဟု ပြောသည်။
ယင်းကဲ့သို့ ဧည့်စာရင်း မပေးရန် ညွှန်ကြားချက်မရှိဟု ဆိုသော်လည်း မြေပြင်တွင်မူ ဧည့်စာရင်းမပေးခြင်း၊ ရှောင် တခင် ဝင်ရောက်စစ်ဆေးခြင်းများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။
ယခင် စစ်အာဏာရှင် လက်ထက်က ပြဋ္ဌာန်းခဲ့သည့်၂၀၁၂ ခုနှစ် ဧည့်စာရင်း တိုင်ကြားခြင်းဆိုင်ရာ ဥပဒေများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အစိုးရ လက်ထက်၂၀၁၆ ခုနှစ်အတွင်းက ပယ်ဖျက်ခဲ့သော်လည်း စစ် အာဏာသ်ိမ်းပြီးနောက် စစ်ကောင်စီက ဧည့်စာရင်း ပြန်လည် တိုင်ကြားရမည့် ပုဒ်မ ပြင်ဆင်ချက် အပါအဝင် ကျေး ရွာနှင့် အုပ်ချုပ်ရေး ဥပဒေများကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြန်လည် ပြဋ္ဌာန်းခဲ့သည်။
စစ်ကိုင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက “ဧည့်စာရင်း ဥပဒေကို ပြန်ပြီး အသက်သွင်းထားတာကိုက ပြည်သူအပေါ်ကို ဥပဒေဆိုတာနဲ့ အနိုင်ကျင့်ဖို့အတွက်ပဲ။ အဲဒီဥပဒေနဲ့ပဲ ပြည်သူတွေရဲ့ နေအိမ်တွေကို အချိန်မရွေး ဝင်ရောက်ပြီး စိတ်ထင်တိုင်း အနိုင်ကျင့်နေကြတာ၊ အချို့ ဖမ်းဆီးခံရတဲ့သူတွေဆိုရင် ဧည့်စာရင်းစစ်ဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အချိန်မတော် ဝင်ဖမ်းနေကြတာလည်း အားလုံး သိပြီးသားမို့ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်က ပြောစရာ စကားကို မရှိတော့ဘူး” ဟု ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေး ယန္တရား၊ ထောက်တိုင်များကို ဖြိုဖျက်သည့်အနေဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတင်းပေး (ဒလန်) များ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ပျူစောထီးများကို ပစ်ခတ် လုပ်ကြံမှုများ၊ စစ်ကောင်စီ စစ်ကြောင်းများအား မိုင်းဆွဲခြင်းနှင့် ပြောက်ကျား တိုက်ခိုက်မှု များကို အရှိန်မြှင့် လုပ်ဆောင်လျက် ရှိသည်။
စစ်ကိုင်းမြို့နယ်ရှိ အာဏာသိမ်း စစ်ကောင်စီခန့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ကြရန်နှင့် နုတ် ထွက်ခြင်း မရှိသော အုပ်ချုပ်ရေးမှူးများနှင့် မိသားစုများ၏ အသက်အိုးအိမ်၊ စည်းစိမ်များ ထိခိုက်ပျက်စီးနိုင်ကြောင်း တော်လှန်ရေး အင်အားစုများက ထုတ်ပြန်ခဲ့သဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး အများစုမှာ နုတ်ထွက်ခဲ့ကြသော်လည်း မြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများမှာမူ ယနေ့အချိန်ထိ နုတ်ထွက်ခြင်း မရှိသေးကြောင်း ဒေသခံ များထံက သိရသည်။
You may also like these stories:
စပ်တပ် ဖမ်းသွားသူများကို သွေးသောက်ကတ်ပြား ချိတ်၍ အလောင်း စွန့်ပစ်ထား
စစ်ကိုင်းတိုင်းကို ထိန်းချုပ်ဖို့ စစ်တပ်က စိတ်ကူးယဉ်လို့တောင် မရဘူး
စစ်ကိုင်း၊ မကွေးမှတ်ပုံတင် ကိုင်ဆောင်သူများကို အလုပ်ထုတ်၊ အလုပ်မခန့်ခြင်းတို့ ပြုလုပ်နေ