မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့က ဒေသခံ ၄၀ ဦးခန့်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားပြီး ထိုအထဲမှ အမျိုးသား ၂ ဦးမှာ စစ်ကြောရေးတွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျောက်ဆည်မြို့မရဲစခန်းမှ ထွက်ခွာလာသည့်အချုပ်ကားနှင့် စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့က စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ထမ်းများ လိုက်ပါလာသောကားများ တိုက်ခိုက်ခံရမှု ဖြစ်စဉ်များ၏ နောက်ဆက် တွဲအဖြစ် ထိုသို့ ဖမ်းဆီး သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း ပုလိပ်မြို့ခံတဦးက ဧရာဝတီကို ပြောသည်။
၎င်းက “ဒီရက်ပိုင်းထဲ ကျနော်တို့ ပလိပ်နယ်ထဲမှာ စစ်ကောင်စီအဖွဲ့တွေ တိုက်ခိုက်ခံရတာ ၂ ကြိမ် ဖြစ်ခဲ့တယ်။ အဲဒီ ဖြစ်စဉ် တွေကြောင့်ပဲ ညသန်းခေါင်မှာ အိမ်တွေထဲထိ ဝင်ဖမ်းကြတာ။ ၄၀ လောက်ထိ အဖမ်းခံထားရတယ်။ သူတို့ ဖမ်းသွားတဲ့ အထဲမှာ EPC က CDM ဝန်ထမ်းတွေလည်း ပါသွားတယ်။ ဖမ်းခံရတဲ့ သူတွေကို စဉ့်ကိုင် စစ်ကြောရေးကို ပို့ထားတယ်လို့ သိရတယ်။ နောက်ဆုံး သိရတာက ဖမ်းခံရတဲ့သူတွေထဲက ၂ ယောက်က သေသွားပြီလို့ သိရတယ်” ဟု ရှင်းပြသည်။
စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၃ ရက်အတွင်း ပလိပ်နယ်ထဲ၌ စဉ့်ကိုင်မြို့နယ်ရဲစခန်းမှ ရဲများ အပါအဝင် အရပ် ဝတ်များဖြင့် ရပ်ကွက်၊ ကျေးရွာများသို့ ဝင်ရောက် စစ်ဆေးကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေသခံများ အနေ ဖြင့် စဉ့်ကိုင် စစ်ကြောရေးကို ပို့ဆောင်ထားသည်ဟုသာ သိရကြောင်း ၎င်းက ဆိုသည်။
ဖမ်းဆီး သတ်ဖြတ်ခံရသူ ၂ ဦးအနက် ၁ ဦးမှာ ပလိပ်မြို့လျှပ်စစ်ရုံး (EPC) မှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ် ထားသည့်ဝန်ထမ်း ဖြစ်ကြောင်း၊ သေဆုံးသူများ၏ ရုပ်အလောင်းများကို မိသားစုထံ ပြန်မပေးဘဲ စစ်ကောင်စီက မီးသဂြိုဟ် ခဲ့ကြောင်းလည်း အမည်မဖော်လိုသည့် အခြား ပုလိပ်မြို့ဒေသခံ တဦးက ပြောသည်။
၎င်းက ဆက်၍ “စဉ့်ကိုင် စစ်ကြောရေးကို ဖမ်းသွားတဲ့အထဲက ပုလိပ် EPC က CDM ဝန်ထမ်း ကိုမင်းမင်းနဲ့ နောက် တယောက်ကို ဖမ်းသွားတဲ့ အောက်တိုဘာ ၃ ရက်နေ့မှာပဲ သတ်ဖြတ်ခဲ့ကြတယ်။ နောက်နေ့ မနက်ကျတော့ မိသားစုကို ခေါ်ပြပြီး မီးသဂြိုဟ်လိုက်ကြတယ်။ အလောင်းကို မိသားစုကို ပြန်မပေးခဲ့ဘူးလို့ သိရတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်တွင် မန္တလေးအိုးဘိုထောင်သို့ ပို့ဆောင်ရန် နိုင်ငံရေးအကျဉ်းသား ၈ ဦးကို တင်ဆောင် မောင်းနှင်လာသည့် အချုပ်ကားကို Truth Keeping Force – Amarapura မြို့ပြပြောက်ကျားအဖွဲ့နှင့် မဟာမိတ် မြို့ပြ ပြောက်ကျားအဖွဲ့များက အမရပူမြို့နယ်၊ မြစ်ငယ်တံတားအနီးတွင် တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး သေဆုံးခဲ့ပြီး နိုင်ငံရေးအကျဉ်း သား ၂ ဦးကို ကယ်ထုတ်နိုင်ခဲ့သည်။
ထို့ပြင် အောက်တိုဘာ ၃ ရက် နေ့လယ်ပိုင်းကလည်း လျှပ်စစ်မီတာခများ ဘဏ်သွင်းရန်အတွက် ပုလိပ်မြို့မှ စဉ့်ကိုင်-ကျောက်ဆည်လမ်းအတိုင်း မောင်းနှင်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် EPC ဝန်ထမ်းများ လိုက်ပါလာသည့် ကား ကို ရန်ကုန်-မန္တလေး လမ်းဟောင်း၊ စဉ့်ကိုင် ပေါ်တော်မူဘုရားအနီးတွင် MN-PDF မြို့တွင်းပြောက်ကျားအထူးတပ်ဖွဲ့၊ Truth Keeping Force – Amarapura နှင့် ဇာမဏီ ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ MN-PDF မြို့တွင်းပြောက်ကျားအထူးတပ်ဖွဲ့မှ ဗိုလ်ဖောင်းဒိုင်းက “ပလိပ် EPC ရုံးက ပြည်သူ တွေကို မီတာမဆောင်ရင် မီတာနဲ့မီးကြိုးတွေကို ဖြတ်မယ်လို့ ခြိမ်းခြောက်ပြီး အတင်းအဓမ္မ ပေးဆောင်ခိုင်းထားတဲ့ မီတာခတွေကို စဉ့်ကိုင်ဘဏ်ကို ငွေသွားသွင်းမယ်ဆိုတဲ့ သတင်းရခဲ့လို့ စဉ့်ကိုင်ပေါ်တော်မူဘုရားအနီးမှာ EPC မန်နေဂျာနဲ့ အဖွဲ့ မောင်းလာတဲ့ အိမ်စီးကားကို တိုက်ခိုက်ခဲ့ကြတာ။ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ၃ မိနစ်ကျော်လောက် ဖြစ်ခဲ့သေးတယ်။ မြေပြင်သတင်းပေးပို့ချက်အရ ၂ ဦး သေပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရတယ်” ဟု ပြောသည်။
ယင်းဖြစ်စဉ်တွင် ပလိပ်မြို့ရဲစခန်းမှ လုံခြုံရေးလိုက်ပါလာသော စခန်းမှူး ဇော်ဝင်း၊ လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဗိုလ်မှူးဇော်ဇော်နိုင်တို့ သေဆုံးခဲ့ပြီး ပလိပ်မြို့လျှပ်စစ်ရုံးမန်နေဂျာ ဇွဲညီညီဝင်းနှင့် စစ်ကောင်စီ တပ်သား ၁ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း MN-PDF မြို့ တွင်းပြောက်ကျားအထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီဘက်ကမူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (PDF) ၏ သတင်းရသဖြင့် အသွင်ယူဖမ်းဆီးရန် ကြိုးပမ်းစဉ် အနောက်မှ လိုက်ပါလာသည့် ဆိုင်ကယ်ဖြင့်လာသော PDF များက ပစ်ခတ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံး ကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့သော မြို့ပြပြောက်ကျားတပ်ဖွဲ့များ၏ တိုက်ခိုက်ခံရမှုများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အင်အား အများအပြား အသုံးပြုပြီး မန္တလေး-မြစ်ငယ်လမ်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်း အပါအဝင် မြစ်ငယ်၊ ပလိပ်၊ စဉ့်ကိုင်မြို့ များနှင့် အနီးဝန်းကျင် ကျေးရွာများအား ပိုက်စိပ်တိုက် ရှာဖွေမှုများ ပြုလုပ်လျက်ရှိသလို စဉ့်ကိုင်-ကျောက်ဆည်လမ်းကို ပိတ်ဆို့ကာ လမ်းသွားလမ်းလာနှင့် အနီးဝန်းကျင်မှ ဒေသခံများကိုလည်း ဖမ်းဆီး ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။