အိန္ဒိယနိုင်ငံ၊ နီဇမ်မာဘတ်မှ အိုင်တီ ပညာရှင်တဦးက မြဝတီတွင် ၎င်းတို့ ရင်ဆိုင်ရသည့် ညှဉ်းပန်းနှိပ်စက်မှုများအနက် ‘ရေထောင်’ သည် ကြောက်စရာအကောင်းဆုံးဖြစ်ကြောင်း ပြောသည်။ သူသည် ခြိမ်းခြောက်ငွေညှစ်ခံရပြီး မြန်မာနိုင်ငံ မြဝတီမှ ပြန်လည် လွတ်မြောက်လာသူဖြစ်သည်။
ထိုအိုင်တီပညာရှင်သည် မြဝတီတွင် ဖမ်းဆီးခံထားရပြီး အွန်လိုင်းငွေကြေး လိမ်လည်မှုများ ပြုလုပ်ရန် အတင်းအကျပ် စေခိုင်းခံရသူ အများအပြားအနက် တဦးသာဖြစ်သည်။ ထိုနေရာတွင် ဆက်လက် ဖမ်းဆီးခံထားရသူ ရာနှင့်ချီကျန်နေသေးပြီး ၄င်တို့ စေခိုင်းသည့်အတိုင်း မလုပ်သူများသည် ဆိုးရွားသော နောက်ဆက်တွဲများနှင့် ရင်ဆိုင်ရကြောင်း ၎င်းကပြောသည်။
“အားလုံးက ရေထောင်ကို ကြောက်ကြတယ်။ အမိန့်မနာခံသူတွေကို ရေထောင်ဆီ ခေါ်သွားပြီး ပုခုံးအထိ နစ်တဲ့ရေထဲမှာ လက်ထိပ်ခတ်ပြီးထားတယ်။ ရေထောင်ကို တခါပို့ထားရင် ၈ နာရီကနေ ၁၀ နာရီအထိကြာတယ်။ ကြောက်စရာအကောင်းဆုံးပဲ” ဟု ထိုအိုင်တီ ပညာရှင်က ပြောသည်။
သူသည် အောက်တိုဘာလဆန်းက အိန္ဒိယနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူ ဖြစ်သည်။
မြဝတီမှ ပြန်လည်လွတ်မြောက်ရေးအတွက် ဒေါ်လာ ၅ ထောင်အထိ ပေးခဲ့ရသည့် ဟိုက်ဒရာဘတ်မှ အခြား အိုင်တီပညာရှင်များလည်း ရှိပြီး ၎င်းတို့သည် အိန္ဒိယသို့ ပြန်လာနေကြပြီဖြစ်သည်။
၎င်းတို့ကို လှေဖြင့် ခေါ်ဆောင်ပြီး ထိုင်းဘက်ခြမ်းသို့ ပြန်ပို့ပေးခဲ့သည်။ ညှဉ်းပန်းနှိပ်စက်သည့် နည်းများတွင် တုတ်တချောင်းကို ခြေထောက်များအကြားညှပ်ကာ ထိုတုတ်ပေါ်တွင် နာရီပေါင်းများစွာ ထိုင်နေရသည့် နည်းလည်းပါဝင်ကြောင်း ပြန်လည် လွတ်မြောက်လာသူတဦးက ပြောသည်။
“သေနတ်ချိတ်ပြီး သွားနေတဲ့သူတွေ နေရာတိုင်းမှာရှိတယ်။ အများစုက လူငယ်တွေပဲ။ သူတို့အားလုံး လူသတ် လက်နက်တွေ ကိုင်ထားတယ်“ ဟု အထက်ပါ အိန္ဒိယအိုင်တီပညာရှင်က ပြောသည်။
မြဝတီမှ ပြန်လည်လွတ်မြောက်လာသည့် ဟိုက်ဒရာဘတ်မှလူများသည် ထိုင်းနိုင်ငံရှိ အိန္ဒိယသံရုံးသို့ အကူအညီတောင်းကာ အိန္ဒိယသို့ ပြန်လာခြင်းဖြစ်သည်။ မြန်မာသို့ လူကုန်ကူးခံရသည့် ဖြစ်ရပ်အများအပြားကို သတင်းများမှအပါအဝင် အခြားနည်းလမ်းဖြင့် အိန္ဒိယအာဏာပိုင်များ သတိထားမိလာသည်။
ထိုင်းထောက်လှမ်းရေးဌာနများသည် ထိုအိန္ဒိယနိုင်ငံသားများ မည်သို့ လူကုန်ကူး ပိတ်လှောင်ခံရသည်ကို သိရှိရန် ၈ နာရီမှ ၁၀ နာရီအထိ အချိန်ပေး မေးမြန်းကြသည်။
“ဟိုက်ဒရာဘတ်က လူတွေက ထိုင်းအာဏာပိုင်တွေကို အကုန်ရှင်းပြတယ်။ ဘယ်လိုလိမ်လည်ပြီး ဘယ်လို ပိတ်လှောင်ခံရတယ်ဆိုတာကို ပြောပြတယ်။ မြဝတီက ဆိုးရွားတဲ့နှိပ်စက်မှုတွေနဲ့ လူကုန်ကူးခံရသူတွေကို သေနတ်ထောက်ပြီး အွန်လိုင်းကနေ လိမ်လည်ခိုင်းတာကို ပြောပြတယ်” ဟု လူမှုကယ်ဆယ်ရေး လုပ်သား အမ်ဂျက် အူလာခန်က ပြောသည်။
၎င်းတို့သည် ထိုင်းနိုင်ငံသို့ရောက်ပြန်ရောက်သော်လည်း ကြောက်လန့်နေရပြီး နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု နှစ်ကြိမ်ကျော် ခံရနိုင်သည့် အလားအလာလည်း ရှိနေသည်။
“ကျနော်တို့ကို သေနတ်ထောက်ပြီး လူကုန်ကူးတယ်ဆိုတာ အာဏာပိုင်တွေကို ရှင်းပြခဲ့တယ်“ ဟု သူကပြောသည်။
အိန္ဒိယနိုင်ငံသား ၃၀၀ ကျော်ကို ကရင်ပြည်နယ်၊ မြဝတီသို့ လူကုန်ကူးပြီးနောက် ဆိုက်ဘာရာဇဝတ်မှုများ အတင်းအကျပ် ကျူးလွန်ခိုင်းကြောင်း Times of India (TOI) သတင်းစာက စက်တင်ဘာလတွင် ဖော်ပြခဲ့သည်။
ကိုးကား။ ။ Times of India သတင်း Myawaddy Returnees Share ‘Water Jail’ Horror
You may also like these stories:
အိန္ဒိယသားများ မြဝတီသို့ လူကုန်ကူးခံရပြီး ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်ခိုင်း
စစ်အာဏာသိမ်းမှုကြားက မြန်မာလူကုန်ကူးမှု တရုတ် ဘယ်လိုတုံ့ပြန်မလဲ
ကင်ညာနိုင်ငံသား အများအပြား မြန်မာတွင် လူကုန်ကူးခံရ
ရွှေကုက္ကိုလ်စီမံကိန်း တရုတ်လုပ်ငန်းရှင် ထိုင်းဖမ်းဆီး၊ စီမံကိန်းထိခိုက်မည်မဟုတ်ဟု BGF ပြော
မြဝတီမှာ အခြေစိုက်ပြီး ကမ္ဘာတဝန်းကို ဖြန့်ကျက်နေတဲ့ တရုတ်လူလိမ်ဈေးကွက်
—