အာဏာသိမ်း ကာလအတွင်း စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် စစ်ကြောရေးအတွင်း နှိပ်စက်သတ်ဖြတ်ခံရသူ ၂၇၀ ဦးရှိပြီဖြစ်ကြောင်း အင်္ဂလန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Burma Human Rights Network (BHRN) က ကောက်ယူထားသည့် စာရင်းအရ သိရသည်။
BHRN ၏စာရင်းအရ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးတွင် သေဆုံးသူ ၂၇၀ အထိရှိလာပြီဖြစ်သည်။
အာဏာသိမ်း စစ်ကာင်စီက ယခုလို သတ်ဖြတ်မှုများကို ပြုလုပ်နေခြင်းသည် ပြည်သူများအား အကြောက်တရား ရိုက်သွင်းရုံမက ၎င်းတို့ကို ဆန့်ကျင် တော်လှန်နေသည့်ထဲတွင် မပါဝင်ရဲစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့် ဖက်ဆစ်များကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း BHRN ၏ အမှုဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက သုံးသပ်သည်။
၎င်းက “သူတို့ (စစ်တပ်) လက်ထဲကို ရောက်ရောက်ချင်း ချက်ချင်း သတ်ခံရတဲ့လူတွေ။ တချို့ဆိုရင် သူတို့ကို လက်နက်ချ ဖမ်းဆီးခံလိုက်ရတဲ့ လူတွေရှိတယ်။ အဲဒီလို လက်နက်ချ ဖမ်းခံလိုက်တာကိုလည်း ချက်ချင်းကို သတ်ပစ်တာတွေ ရှိတယ်။ ဒါမျိုးစာရင်းတွေလည်း ပါတယ်။ ဒါက ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ သတ်ဖြတ်နေတာဖြစ်တယ်။ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်တာ ဖြစ်သလို ရာဇဝတ်မှု တခုလည်း ဖြစ်တယ်” ဟု ဆိုသည်။
BHRN အနေဖြင့် ရရှိထားသည့် သက်သေနှင့် အချက်အလက်များကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) သို့ ပေးပို့ထားပြီး ဖြစ်ကြောင်းနှင့် လက်တလောတွင် ပြည်သူများ ပိုမိုပြီး အထိမနာစေရန်အတွက် နိုင်ငံရေးအရ ဦးဆောင်နေသူများ အနေဖြင့် ဦးစားပေး စဉ်းစားသင့်ကြောင်း ဦးကျော်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ ဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)သည် စစ်ရာဇဝတ်မှုဖြစ်သည့် အချက်အလက်ပေါင်း သန်းချီ ရရှိထားသည့်အနက်မှ အမှုတွဲ ၆၇ ခုကို ပြင်ဆင်ပြီး အပြည်ပြည် ဆိုင်ရာ တရားရုံး (ICJ ) နှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) တို့တွင် ဖြန့်ဝေမည် ဖြစ်ကြောင်း IIMM ၏ အကြီးအကဲ Mr. Nicholas Koumjian က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို စက်တင်ဘာလ အတွင်းက ပြောဆိုထားသည်။
လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အနေဖြင့် မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အပါအဝင် ကြီးလေးသည့် နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်သူများကို တရားစွဲဆိုရာ၌ အထောက်အကူဖြစ်မည့် အမှုတွဲများ တည်ဆောက်နေ ကြောင်းယခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက ထုတ်ပြန်ကြေညာထားသည်။
အလားတူပင် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှု ကျူးလွန်မှုများကို နိုင်ငံတကာ ခုံရုံးတင်ပြီး တရားမျှတမှု ဖော်ဆောင်နိုင်ရန်အတွက် ကြိုးစား ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ပြောဆိုထားသည်။
စစ်ကြောရေးတွင် နှိပ်စက်သတ်ဖြတ်ခံရပြီး သေဆုံးခဲ့သူများ အပြင် အကျဉ်းထောင်သို့ မရောက်ဘဲ ပျောက်ဆုံးနေသူများလည်း ရာနှင့်ချီရှိနေနိုင်ကြောင်း လေ့လာသူများက သုံးသပ်ထားသော်လည်း တိကျရေရာသည့် ကိန်းဂဏန်းများ ကောက်ယူနိုင်ခြင်း မရှိသေးပေ။
ကျူးလွန်သူများကို နိုင်ငံတကာ ခုံရုံများတွင် အမှုစွဲတင်ပြီး တရားမျှတမှုကို ပြန်လည်ဖော်ဆောင်ရာတွင် သက်သေအချက်အလက်များသည် အလွန်အရေးကြီးသည့်အတွက် ပြည်သူများအနေဖြင့် တရားမဲ့ သတ်ဖြတ်ခံထားရမှုများကို သက်သေနှင့်တကွ သိမ်းဆည်းပြီး သက်ဆိုင်ရာ အဖွဲ့များသို့ ပို့ဆောင်ကြရန် AAPP က အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအောင်မျိုးကျော်က တိုက်တွန်းပြောဆိုသည်။
ဦးအောင်မျိုးကျော်က “တကယ်ကို လူ့အခွင့်အရေးချိုးဖောက်ပြီး မတရားကျူးလွန်ခဲ့တဲ့လူတွေကို ပြန်လည်အပြစ်ပေးဖို့ ဆိုရင် ကျနော်တို့မှာ သက်သေထောက်ထား၊ အခိုင်အလုံ ရှိနေဖို့ အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့်မလို့ ခိုင်မာတဲ့ သက်သေတွေ စုဆောင်းထားကြဖို့ တကယ်ကို လိုအပ်နေပါတယ်။ ကျူးလွန်ခဲ့တဲ့ လူတွေ အရင်တုန်းကလိုမျိုး လွယ်လွယ် ကင်းလွတ်လို့ လုံးဝမရပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်သူတွေ အားလုံး အပြစ်ပေး အရေးယူမှုကို ခံကို ခံရပါမယ်” ဟု ပြောသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း( AAPP) က ပြုစုထားသည့် စာရင်းများအရ ဖမ်းဆီးခံရသူ ၁၂, ၅၇၆ ဦး ရှိသည့်အနက် ၁,၅၀၅ ဦး ထောင်ဒဏ် ချမှတ်ခံထားရပြီး ပြန်လည်လွတ်မြောက်လာသူ ၃,၀၀၀ ကျော်ရှိသည်။ ကျန်သူများသည် အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရပြီး မည်သည့်နေရာသို့ ရောက်ရှိမှန်းမသိ ပျောက်ဆုံးနေသူ တချို့လည်းရှိကာ စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူ ၂,၃၃၈ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
စစ်ကောင်စီက ဖမ်းဆီးထားစဉ် ညှင်းဆဲသတ်ဖြတ်ခံရသူများ
ကျနော်တို့က လူလိုမှ အဆက်အဆံ မခံရတာ၊ စစ်ကြောရေးဆိုတာ တကယ့် ငရဲခန်းပဲ
စစ်ကြောရေး၌ သေဆုံးသည့် ကိုအောင်ဘုန်းကျော်အလောင်း မိသားစုကို အသိမပေးဘဲ သဂြိုဟ်
အဖမ်းခံခဲ့ရတဲ့ သတင်းထောက်တွေ ဘယ်လိုတွေ ရင်ဆိုင်ခဲ့ရသလဲ