မြန်မာစစ်တပ်မှ ဘက်ပြောင်းလာသည့် စစ်သားအဖွဲ့ ၅ ဖွဲ့က ဘက်ပြောင်းလာပြီးနောက် စစ်ကောင်စီထံ ပြန်သွားသူတဦးကို “ပြည်သူ့သစ္စာဖေါက်”အဖြစ် ရှုတ်ချလိုက်သည်။
ပြည်သူ့ရင်ခွင်အဖွဲ့၊ ပြည်သူ့ပန်းတိုင်အဖွဲ့၊ ပြည်သူ့သားကောင်းအဖွဲ့၊ ပြည်သူ့စစ်သား ကာကွယ်ရေး တပ်ဖွဲ့နှင့် Break Brain Washing အဖွဲ့တို့က ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ပြီး လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ဘက်သို့ ကူးပြောင်းလာသူများကို ပိုမိုဂရုစိုက် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောသည်။
အမှတ် ၃၅၁ ခြေမြန်တပ်ရင်းမှ ဗိုလ်မှူး မျိုးမင်းထွန်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဘက်ပြောင်းလာပြီး ထိုင်းနယ်စပ် မဲဆောက်သို့ ထွက်ပြေးလာသည်။ အောက်တိုဘာလအစောပိုင်းတွင်မူ သူသည် စစ်ကောင်စီထံ ပြန်သွားသည့် ပထမဆုံး အရာရှိဖြစ်လာသည်။
စစ်ကောင်စီက ထိုအရာရှိ အညံ့ခံခြင်းကို CDM ဆန့်ကျင်ရေး ဝါဒဖြန့်ချိရေး အောင်ပွဲအဖြစ် အသုံးချကာ ဘက်ပြောင်းမည့် အခြားစစ်သားများကို သတိပေးသည်။ အောက်တိုဘာလ ၆ ရက်နေ့တွင် စစ်ကောင်စီ မီဒီယာများက သူနှင့်တွေ့ဆုံမေးမြန်းမှုများကို ထုတ်ပြန်ကြသည်။ ထို ဝါဒဖြန့် ထုတ်လွှင့်မှုတွင် သူက ဝန်ထမ်းများ CDM မလုပ်ရန် သတိပေးသည်။
သူသည် ပြည်ပတွင် နိုင်ငံရေး ခိုလှုံခွင့် ရရန် မျှော်လင့်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြောင်း၊ သို့သော် သူ့ကို စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများက နိုင်ငံမဲ့ ဒုက္ခသည်တဦးအဖြစ် ဆက်ဆံကြောင်း သူပြောသည်။
ထိုဗိုလ်မှူးဟောင်းက သူသည် စစ်ကောင်စီထံ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြောင်း ပြောသည်။
သို့သော် ဘက်ပြောင်း စစ်သားအဖွဲ့များက CDM လှုပ်ရှားမှုတွင် ပါဝင်ရန် သူ့ကို မည်သူမျှ မစည်းရုံးကြောင်း၊ သူကသာ CDM လှုပ်ရှားမှု ကိုယ်စားလှယ်များကို ဆက်သွယ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြသည်။
ထိုဖြစ်ရပ်ကြောင့် စစ်ကောင်စီသစ္စာခံများ CDM လှုပ်ရှားမှုအတွင်း ရှိနေနိုင်ခြေနှင့်ပတ်သက်ပြီး မေးခွန်း ထုတ်စရာဖြစ်လာသည်။
သူသည် သစ္စာဖေါက် တယောက်သာဖြစ်ပြီး CDM လှုပ်ရှားမှုကို မထိခိုက်ကြောင်း အထက်ပါအဖွဲ့များ ပြောသည်။
“ဒီကိစ္စကြောင့် CDM လှုပ်ရှားမှုကို လုံးဝမထိခိုက်စေဘူး။ သူက တော်လှန်ရေးအပေါ် အယုံအကြည်မရှိလို့ စစ်တပ်အောက်ကို ပြန်သွားတာဖြစ်တယ်။ တော်လှန်ရေးအတွက် စိတ်ပိုင်းဖြတ်ထားသူတွေက ရှေ့ဆက် ချီတက်သွားမှာဖြစ်တယ်” ဟု CDM လှုပ်ရှားမှုသို့ စစ်တပ်မှ ဘက်ပြောင်းလာသည့် ဗိုလ်ကြီး အောင်မျိုးထက်ပြောသည်။
You may also like these stories:
စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ ရာထူး အပြောင်းအလဲ ပြုလုပ်
စစ်ဗိုလ်ချုပ်ကြီးများနှင့် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ
အင်အားနည်းလာသော စစ်တပ် ရဲမှုထမ်းဟောင်းများဖြင့် အင်အားဖြည့်နေ
ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင် လုပ်ကြံခံရပြီးနောက် စစ်အရာရှိဟောင်းများ သွေးပျက်