စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ဘုရားလေးကုန်းကျေးရွာအား စစ်တပ်မှ လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာ ၁၁ ရွာမှ ဒေသခံ ၁၂၀၀၀ ကျော် ထွက်ပြေး နေရကြောင်း ဒေသခံ သတင်းရင်းမြစ်များကပြောသည်။
ထွက်ပြေးနေရသည့် ကျေးရွာများမှာ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ဘုရားလေးကုန်း၊ ကမ်းဖြူ၊ ရေလည်မှော်၊ ငါးပတ် ချောင်း၊ ကူကြီး၊ ရေဂမိုး၊ ရှားကွဲ၊ ထုံးဘို၊ သစ်ဆိမ့်၊ ရွာသစ်၊ တည်တော စသည့် ကျေးရွာများ ဖြစ်သည်။
ရေလည်မှော် ဒေသခံတဦးက “ဘာအကြောင်းပြချက်မှ မရှိဘဲ ရဟတ်ယာဉ်တွေနဲ့ အကြောင်းမဲ့ သက်သက်ကို လာပစ်တာ။ ပြီးတော့ ချထားခဲ့တဲ့ တပ်သားတွေကလည်း ရွာတွေကို ဝင်စီးပြီး လူတွေကို ဖမ်းနေကြတော့ ကြောက်ပြီး ပြေးရတာပေါ့။ အခုတော့ တောတွေထဲမှာ တိမ်းရှောင် နေကြရတယ်” ဟု ပြောသည်။
ယခုအခါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လေကြောင်း၊ ကုန်းကြောင်း အသုံးပြုကာ အင်အား အလုံးအရင်းနှင့် ကျေးရွာများကို ဝင်ရောက် စီးနင်းနေလျက်ရှိရာ စစ်ကြောင်းထိုးရာ လမ်းကြောင်း တလျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ ပစ္စည်းများ ခိုးယူခြင်း၊ ပြည်သူများအား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးပြီး လူသားဒိုင်း အဖြစ် အသုံးပြုခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းများ လုပ်ဆောင်နေသည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်ကြောက်လန့်ပြီး ကြိုတင် ထွက်ပြေးကြရခြင်းဖြစ်ကြောင်း ဆိုကြသည်။
ရှားကွဲကျေးရွာသား တဦးက “စစ်ကောင်စီတပ်တွေက ရွာတွေကို မီးရှို့၊ ပြည်သူတွေကို ဖမ်းဆီးဆိုတော့ ကိုယ်လွတ် ရုန်းပြေးကြရတာပဲ၊ ခေတ်ကာလက မကောင်းရတဲ့အထဲ အခုလို စစ်ကြောင်း ခဏခဏလာတော့ ပြေးနေရတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး၊ အလုပ်မရှိတော့ ဝင်ငွေကလည်း မရှိဘူး။ သူတို့က ရွာကို ဝင်တာနဲ့ တွေ့တဲ့သူဖမ်း၊ အိမ်တွေကို မီးရှို့နေတာဆိုတော့ အသက်ရှင်နေဖို့ အရေးကြီးတယ်ဆိုတဲ့ စိတ်နဲ့ ပြေးနေကြရတာပဲပေါ့၊ သူတို့ မရှိ တော့မှ ရွာတွေကို ပြန်ဝင်ကြရမှာ” ဟု ပြောသည်။
အောက်တိုဘာ ၈ ရက် နေ့လယ် ၁၂ နာရီကျော်တွင် ဂျက်ဖိုက်တာ တိုက်လေယာဉ် ၂ စီး၊ Mi 35 ၂ စီး၊ Mi 17 ၄ စီးတို့ဖြင့် လေကြောင်း ပစ်ခတ်မှုများ ပြုလုပ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ချထားခဲ့ခြင်းဖြစ်ကာ မည်သည့် တပ်ရင်း တပ်ဖွဲ့များ ဆိုသည်ကို မသိရှိရသေးဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။
ရဟတ်ယာဉ်က ချထားခဲ့သည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းနှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များကြား အပြန်အလှန် ပစ်ခတ်မှုများလည်း ဖြစ်ပေါ်ခဲ့ပြီး တိုက်ပွဲနှင့် လေကြောင်း ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ များ၊ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ သေဆုံးမှုမှာ ၁၅ ဦးထိရှိခဲ့ကြောင်း သိရသည်။
ဒေသ ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက “နမခကနေ ဒရုန်း ၁ စီးနဲ့ အရင် ကင်းထောက် ပျံသန်းပြီးမှ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံး ၄ လုံး အရင်ကြဲချတယ်၊ ပြီးတော့မှ MI 35 ၂ စီးက အနီးကပ်ပစ်တယ်၊ ပြီးတော့မှ Mi 17 လို့ ခေါ်တဲ့ ထောက်ပို့ ရဟတ်ယာဉ်တွေနဲ့ လူချ၊ အဲဒီကောင်တွေကလည်း ပစ်ခတ်မှုတွေ လုပ်တယ်။ ဘယ်တပ်တွေ ဆိုတာတော့ မသိရ သေးဘူး၊ သူတို့လာတာကတော့ ရွှေဘို လေ့ကျင့်ရေး ၈ သင်တန်းကျောင်းကနေ Mi 17 နဲ့ တင်လာတဲ့ ကောင်တွေ၊ ကျနော်တို့ နောက်ဆုံး အတည်ပြုချက် အရတော့ ၁၅ ယောက်တော့ သေဆုံးတယ် ဆိုတာ သိရပြီ၊ ကာကွယ်ရေး အဖွဲ့ဝင်တွေနဲ့အတူ ပြည်သူတွေလည်း ပါတယ်” ဟု ပြောသည်။
အဆိုပါ သေဆုံးမှုများအပြင် ပျောက်ဆုံးနေသူများလည်း ရှိနေကြောင်း ဒေသခံများက ဆိုသည်။
ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “အခု ဝင်လာတဲ့ စစ်ကြောင်းက အကြမ်းဖက်တာ ရက်စက် လွန်းတယ်၊ သေဆုံးပုံတွေကတော့ ဝေဟင်ပစ်ခတ်မှုကြောင့် သေရတာရော၊ လည်ပင်းကို ဓားနဲ့ တေ့ပြီး လှီးဖြတ်ခံရ တာရော၊ မနေ့ကဆိုရင် ရင်း ၅ ခွဲ ၁ က ကိုမာဃ ကျသွားတာမှာ နှလုံးနေရာ တည့်တည့်ကို ဓားနဲ့ တေ့ထိုးပြီး လည် ပင်း လှီးဖြတ်သွားတာ၊ အတော်ကို ရက်ရက်စက်စက် လုပ်သွားကြတာ” ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်အပေါ် စစ်ကောင်စီ၏ အာဘော် ဖြန့်ချိနေသည့် တယ်လီဂရမ်ချန်နယ်များတွင်မူ ဘုရားလေးကုန်း ကျေးရွာအနီး PDF စခန်းတခု တိုက်ခိုက်သိမ်းပိုက်ရာ ၈ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ရေးသား ဖော်ပြထားကြသည်။
ယခုအခါ အင်အား ၁၀၀ ခန့်ပါသော စစ်ကောင်စီ စစ်ကြောင်းသည် ရေလည်မှော်ကျေးရွာနှင့် ငါးပတ်ချောင်း ကျေးရွာ ကြားရှိ သစ္စာရဘုရားနှင့် ဓူတင်တောင်တွင် တပ်စွဲထားပြီး ဒေသခံ ပြည်သူများကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီး ထားပြီး အရေအတွက်ကို အတိအကျ မသိရသေးကြောင်း၊ ယင်းအပြင် မြစ်ကမ်းနှင့်နီးသော ကျေးရွာများလည်း တိမ်းရှောင်ရန်အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားကြရသည်ဟု ဒေသခံများထံက သိရသည်။
You may also like these stories:
စစ်ကိုင်းမြို့သို့ မကွေး၊ မန္တလေးတိုင်းတို့မှ လာသူများ ဧည့်စာရင်းမပေး၍ အခက်ကြုံ
တန့်ဆည်တွင် တနှစ်ခွဲကျော်အတွင်း ကျေးရွာ ၆၄ ရွာ မီးရှို့ခံရ
စပ်တပ် ဖမ်းသွားသူများကို သွေးသောက်ကတ်ပြား ချိတ်၍ အလောင်း စွန့်ပစ်ထား
တော်လှန်ရေးအင်အားစုများအတွက် ရဟတ်ယာဉ်ပစ် ဒုံးများ လိုသည်