စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် တောတောင်အတွင်း ထွက်ပြေးနေကြရသည့် စစ်ကိုင်းတိုင်း ကန့်ဘလူ မြို့နယ် မြောက် ဘက်ခြမ်းရှိ စစ်ဘေးရှောင်များမှာ စားသောက်ရေးအခက်အခဲအပြင် မြွေအန္တရာယ်နှင့်ပါ ကြုံနေရပြီး မြေဆိပ်ဖြေဆေး လည်း ပြတ်လပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
အများစုမှာ မြွေပွေးကိုက်ခံရခြင်း ဖြစ်ပြီး ယခုနှစ် ဇွန်လမှ အောက်တိုဘာလ အထိ ၄လအတွင်း မြွေကိုက်ခံရသူ ၃၀ ဦးထက်မနည်း ရှိရာ ၄ ဦး သေဆုံးကြောင်း၊ ယခု အောက်တိုဘာ ၉ ရက် နှင့် ၁၀ရက် ၂ရက်တည်းမှာပင် ၃ ဦး မြွေကိုက်ခံ ရကြောင်း ကန့်ဘလူ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ဆိုသည်။
ဒေသခံတဦးက “အရင်ရှောင်ပြီဆိုရင် ဘုန်းကြီးကျောင်းတွေမှာ ရှောင်ကြသေးတယ်။ အခုနောက်ပိုင်း ဘုန်းကြီးကျောင်း တွေမှာပါ လုံခြုံမှု မရှိတော့ တောထဲတောင်ထဲ ရှောင်ကြရတာ များတယ်။ တောထဲကျ သိတဲ့အတိုင်းလေ ပိုးထိပြီး အသက်ဆုံးရှုံးတဲ့ လူရှိသလို ဆေးကုသဖို့ ကိုတောင် ဒုက္ခများနေတဲ့လူတွေလည်း ရှိတာပေါ့” ဟု ပြောသည်။
အချိန်မီ အသက်ကယ်နိုင်ရေး မြွေဆိပ်ဖြေဆေးများ ဝယ်ရန် ငွေကြေး အခက်အခဲရှိနေသလို စစ်ကောင်စီ၏ စစ်ဆေးမှု များကြောင့် ဝယ်ယူပြီးပါက သယ်ဆောင်ရ မလွယ်ခြင်း၊ စစ်ကောင်စီ၏ ဖမ်းဆီးခံရမည့်ကို စိုးရိမ်၍ ရောင်းသူနည်း ပါးခြင်း များ ကြုံနေရကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
ကန့်ဘလူနှင့် ဆက်နေသည့် ကျွန်းလှမြို့နယ်မှ အိမ်သုံးဆေးဝါး ရောင်းသူတဦးကလည်း “ အကိုက်အခဲ ပျောက်ဆေး တောင်မှာလို့ မရတဲ့ အခြေအနေ ဖြစ်နေတယ်။ မြို့ပေါ်ကို ကျနော်တို့ ဆေးမှာလိုက်ရင် စစ်ကောင်စီ စစ်ဆေးရေး ဂိတ် တွေမှာ သူတို့က အကုန်ဖောက်စစ်တော့ ဆေးဝါးပစ္စည်းတွေ့တယ် ဆိုရင် ယူထားလိုက်တာကိုး။ ပါရာဆီတမော့ကစလို့ သယ်ခွင့်မရှိဘူး ၊ ယူထားလိုက်တာ” ဟု ပြောသည်။
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းစသည့် အပူပိုင်းဒေသများသည် အဆိပ်ရှိသည့် မြွေများ အများဆုံးတွေ့ရပြီး၊ စပါးရိတ်သိမ်းချိန်တွင် မြွေပွေးအပေါက်ခံသည့်သူများကာ ယင်းမြွေမှာ အခြားမြွေများကဲ့သို့ ဥမအုဘဲ သားငယ်များ အကောက်လိုက်ပေါက်သည့် အမျိုးအစားဖြစ်သည်။
မြွေဆိပ်ဖြေဆေးမှာ အိန္ဒိယနိုင်ငံထုတ် ဆေးနှင့် မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်း ဆေးဝါးစက်ရုံ(BPI) ထုတ် ၂ မျိုးရှိရာ ဆေး ၁ လုံးကို အနည်းဆုံး ကျပ်ငွေ ခြောက်သောင်းနှင့် ကိုးသောင်း ကြားတွင်ရှိကာ မြွေကိုက်သူ ၁ ယောက်လျှင် ပျမ်းမျှ ၃ လုံးခန့် ထိုးရသလို ၁၃ လုံးအထိ ထိုးရသည့် လူနာအချို့လည်း ရှိကြောင်းနှင့် အများစုမှာ မြွေပွေးကိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ အခက်အခဲများ ဖြစ်ပေါ်နေသည့် အတွက် အမျိုးသား ညီညွတ်ရေး အစိုး (NUG) တိုင်းကျန်းမာရေးဌာနသို့ မြွေဆိပ် ဖြေဆေး အကူအညီတောင်းခံရာ ၎င်းတို့တွင်လည်း ဆေးမရှိဘဲ ပြတ်လပ်နေသည်ဟု အကြောင်းပြန်ကြောင်း ကန့်ဘလူတွင် စစ်ရှောင် ကူညီရေးများ ပြုလုပ်နေသူ တဦးက ပြောသည်။
ကန့်ဘလူမြို့နယ်တွင် ချပ်သင်းတိုက်နယ်နဲ့ ကိုးတောင်ဘို့တိုက်နယ်အတွင်း စစ်ကောင်စီတပ်က အထိုင်ချပြီး ကျေးရွာများ သို့ နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်နေသည့် အတွက် ကိုးတောင်ဘို့၊ ပေါက်ကုန်း၊ နှောကုန်း၊ ကျွန်းကုန်း၊ ဇီးကနား၊ နှောကုန်း၊ မိဿလင်ကုန်း၊ ချပ်ကုန်း၊ ယောကုန်း၊ သေတ္တာ၊ အောက်တဲ၊ ဝက်သဲအင်း အစရှိသည့် ကျေးရွာမှ ဒေသခံ သောင်းချီဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။