နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စေပိုင်ကုမ္ပဏီပိုင်ရှင် မောင်ဝိတ်ထံမှ အမေရိကန် ဒေါ်လာ ၅ သိန်းအား လာဘ်ငွေအဖြစ် ရယူခဲ့သည်ဟု စွပ်စွဲကာ တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး ယနေ့ နေပြည်တော် ထောင်တွင်း အထူးတရားရုံးက ထောင် ၃ နှစ် ထပ်မံ ချမှတ်လိုက်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှု ၂ မှု တရားစွဲဆိုရာ ၁ မှုလျှင် ထောင် ၃ နှစ်စီ ချမှတ်ခဲ့သော်လည်း တပေါင်းတည်း ကျခံစေသည့်အတွက် စုစုပေါင်း ထောင် ၃ နှစ် ကျခံရမည် ဖြစ်သည်။
ထောင်ဒဏ် ချမှတ်မှုနှင့် ပတ်သက်ပြီး တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်နှင့် အယူခံတင်သွင်းရန် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
အမှုတွင် စစ်ကောင်စီက အဂတိမှုဖြင့် စွပ်စွဲတရားစွဲဆိုသော်လည်း ကာယကံရှင်ဖြစ်သူ မောင်ဝိတ်က ယင်းငွေများမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထံသို့ လှူဒါန်းငွေများသာ ဖြစ်ကြောင်း တရားခွင်အတွင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။
ထို့ပြင် အမှုနှင့် ပတ်သက်ပြီး မောင်ဝိတ်အား တရားလိုပြသက်သေ အနေဖြင့် စစ်ဆေးစဉ်ကလည်း ၎င်းက ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်ကန်တော့ခဲ့သေးကြောင်းလည်း သိရသည်။
ယနေ့တွင် ထောင် ၃ နှစ် ထပ်မံချမှတ်ခဲ့သည့်အတွက် အာဏာသိမ်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ထားသည့် ထောင်ဒဏ် စုစုပေါင်းမှာ အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၈ နှစ် ရှိလာခဲ့ပြီ ဖြစ်သည်။
သို့သော် အဆိုပါ ထောင်ဒဏ်များထဲမှ ၂ နှစ်အား လျှော့ပေါ့ပေးကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်က ကြေညာထားရာ ကျခံနေရသည့် ထောင်ဒဏ်မှာ ၂၆ ရှိပြီ ဖြစ်သည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေး ရဟတ်ယာဉ် ၁ စင်းအား ဝယ်ယူ၊ ငှားရမ်း သုံးစွဲခဲ့ခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက တရားစွဲဆိုထားသည့် အဂတိမှု ၅ မှုကိုလည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဆက်လက် ရင်ဆိုင်နေရသည်။
ထိုအမှု ၅ မှုနှင့် ပတ်သက်ပြီး ရှေ့တပတ်ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မတင်သင့် ဆုံးဖြတ်ရန်အတွက် နှစ်ဖက်လျှောက်လဲ ချက် တင်ပြကြမည် ဖြစ်သည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နေပြည်တော်ထောင်တွင်း အကျဉ်းချခံထားရသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်နှင့် ရှောင်တာနဲလ်အပါ ၅ ဦးကို ထောင် ၃ နှစ်စီချ
လက်သီးနှင့်ထိုးခံခဲ့ရမှု ဒေါ်အောင်ဆန်းစုကြည်အယူခံ ပယ်ချခံရ
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ပို့