ငွေကြေးလိမ်လည်မှုများကို လက်ခံထားသည့် ကမ္ဘောဒီးယားနှင့် လာအိုတို့ရှိ ကာစီနိုလုပ်ငန်းများမှ မလေးရှားနိုင်ငံသား နောက်ထပ် ၂၁ ဦးကို ကယ်ထုတ်ခဲ့ရပြီးနောက် အရှေ့တောင်အာရှ တလွှားတွင် ဖြစ်ပေါ်နေသည့် ကြီးမားသော အွန်လိုင်းငွေကြေးလိမ်လည်မှု အကျပ်အတည်းကြောင့် နိုင်ငံများအကြား ဆက်ဆံရေးကို ပျက်စီးစေနိုင်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက သတိပေးလိုက်သည်။
တရုတ်လူဆိုးဂိုဏ်းများ ထိန်းချုပ်ထားသည့် ရာဇဝတ်ဂိုဏ်းများသည် အရှေ့တောင်အာရှတခွင်တွင် အခြေစိုက်၍ အာရှရှိ ထိခိုက်လွယ်သူများကို ပစ်မှတ်ထားကာ အဆင့်ဆင့် ငွေလိမ်လည်ခြင်းများ၊ ဒစ်ဂျစ်တယ် ငွေကြေးရင်းနှီးမြှုပ်နှံမှု အတုများနှင့် စိတ်ကူးယဉ် ကတိကဝတ်များဖြင့် အကျိုးအမြတ် ရှာနေကြသည်။
ထိုလုပ်ငန်းများကို ကမ္ဘောဒီးယား၊ လာအို နှင့် မြန်မာတွင် လုပ်ကိုင်နေကြပြီး ဌာနခွဲများကို ဖိလစ်ပိုင်နှင့် ဒူဘိုင်းတွင် အထင်အရှား ဖွင့်လှစ်ထားကြောင်း ဒေသတွင်း လုံခြုံရေးကျွမ်းကျင်သူများက ပြောသည်။
အဆိုပါလုပ်ငန်းများကို တရုတ်၊ ထိုင်ဝမ်နှင့် မလေးရှား၊ အိန္ဒိယနှင့် ထိုင်း အထိတို့မှ ပါဝင်သော လူငယ်များအား ငှားရမ်းလုပ်ကိုင်နေပြီး အများအပြားမှာ မဲခေါင်ဒေသတွင်း ဥပဒေမဲ့ ဒေသများဖြစ်သည့် ကမ္ဘောဒီးယားရှိ သီဟာနုဗေးလ်၊ ရွှေတြိဂံ အစိတ်အပိုင်းဖြစ်သည့် လာအိုမှ ကင်းရိုမန်ကာစီနို၊ မြန်မာမှ နယ်ခြားစောင့်တပ် ထိန်းချုပ်ရာ ရွှေကုက္ကိုမြို့သစ် စီမံကိန်းတို့သို့ လိမ်လည်ခေါ်ဆောင်ခံရသည်။
ကူညီကယ်ဆယ်ပေးရန် မလေးရှားနိုင်ငံသား ရာပေါင်းများစွာက အကူအညီတောင်းခံနေပြီး ထိုအရပ်များတွင် ညှဉ်းပန်းနှိပ်စက်သည့် သတင်းများလည်း ပိုမိုများပြားလာသောကြောင့် မလေးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆိုင်ဖူဒင် အဗ္ဗဒူလာက ထိုကိစ္စသည် သံတမန်ရေး ထိခိုက်စေမည့် ကိစ္စဖြစ်လာကြောင်း ပြောသည်။
“ကမ္ဘောဒီးယားနိုင်ငံထဲက ကမ္ဘောဒီးယားနဲ့ မလေးရှား ကုမ္ပဏီတွေမှာ ငွေကြေးလိမ်လည်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိဘဲ ဝင်ငွေကောင်းနေတဲ့ မလေးရှားနိုင်ငံသား ၅၀၀၀ လောက်ရှိတယ်” ဟု မစ္စတာ ဆိုင်ဖူဒင်က သတင်းထောက်များကို အောက်တိုဘာ ၆ ရက်နေ့တွင် ပြောသည်။
“အပြောအဆို မှားလာရင်တော့ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ကျနော်တို့နဲ့ ပြဿနာတက်မှာပဲ” ဟု သူက ဆက်ပြောသည်။
လိမ်လည်ခေါ်ဆောင်ခံရသူများ ညှဉ်းပန်းနှိပ်စက်ထားရသည့် အထောက်အထားများရှိနေကြောင်းနှင့် ထိုသို့ ခံရသူများအနေဖြင့် မလေးရှားသို့ ပြန်မပို့မီ ညှဉ်းပန်းနှိပ်စက်ခံရမှုကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များသို့ ထွက်ချက်ပေးခဲ့ရကြောင်း မစ္စတာ ဆိုင်ဖူဒင်က ဝန်ခံသည်။
အသက် ၂၀ ဝန်းကျင် အမျိုးသမီး ၄ ဦး အပါအဝင် မလေးရှားနိုင်ငံသား ၈ ဦးကို ကမ္ဘောဒီးယားနိုင်ငံ၊ ကာစီနိုမှ ကယ်တင်ပြီး အောက်တိုဘာလ ၆ ရက်နေ့တွင် မလေးရှားသို့ ပြန်ရောက်လာသည်။ ထိုသူများက ၎င်းတို့သည် အခြားသူများအား လိမ်လည်မှု ကျူးလွန်ရန် ဖျားယောင်းသော လုပ်ငန်းတွင် လုပ်ကိုင်ရသည်ဟု ပြောသည်။
၎င်းတို့နှင့်အတူ လုပ်ကိုင်ရသူများတွင် လာအိုမှ ၇ ဦးနှင့် ကမ္ဘောဒီးယားမှ ၆ ဦးသည် ၎င်းတို့မည်သူမည်ဝါ ဖြစ်ကြောင်း လူမှုကွန်ရက်တွင် မသိစေရန် ဦးထုတ်များဆောင်း၊ နှာခေါင်းစည်းများ တပ်ကာ လုပ်ဆောင်ကြောင်း ပြောသည်။
ထိုသို့ ကျယ်ပြန့်လာသော ပြဿနာများကို ကိုင်တွယ်ရန် ကော်မတီတရပ်ကို မလေးရှားအစိုးရက စက်တင်ဘာလတွင် ဖွဲ့စည်းပြီးနောက် အောင်မြင်စွာ ကယ်တင်ပြီး မလေးရှားသို့ ပြန်ရောက်လာသူ ၂၁၃ ဦး ရှိပြီဖြစ်သည်။
ကမ္ဘောဒီးယားသည် ထိုကာစီနိုလုပ်ငန်းများသို့ ထောက်လှမ်းရေး ရာပေါင်းများစွာ စေလွှတ်ကာ လူကုန်ကူးခံရပြီး ငွေကြေးလိမ်လည်မှုများတွင် လုပ်ကိုင်နေရသည့် ၎င်းတို့နိုင်ငံသားများကို ကယ်တင်ရန် မကြာသေးမီ ရက်သတ္တပတ်များအတွင်း လူသိရှင်ကြား နှိမ်နင်းသည်။
သို့သော် ထိုလုပ်ငန်းများသည် လာအိုနှင့် မြန်မာမှ နေရာသစ်များသို့ ပြောင်းရွှေ့သွားမည်ကို ကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။
မလေးရှားနိုင်ငံသား အခြား ၆၀ ဦးကို လူကုန်ကူးသူများထံမှ ကယ်ဆယ်ထားပြီး မလေးရှားသို့ ပြန်မပို့မီ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာအာဏာပိုင်များက လိုအပ်သည့် စစ်မေးမှုများလုပ်ရန် ခေါ်ယူထားကြောင်း အရာရှိများက ပြောသည်။
မလေးရှားနိုင်ငံ အထူးလုပ်ငန်းဝန်ကြီး အဗ္ဗဒူလ် လာတစ် အာမက်က မြန်မာအာဏာပိုင်များထံမှ အကူအညီရရန် ခက်ခဲနေပြီး မလေးရှားနိုင်ငံသားများ စစ်ကောင်စီအုပ်ချုပ်သည့် မြန်မာတွင် ပိတ်မိနေကြာင်းပြောသည့် အစောပိုင်းသတင်းများကို မစ္စတာ ဆိုင်ဖူဒင်က ငြင်းဆိုသည်။
မလေးရှားနိုင်ငံသည် ဖြုတ်ချခံ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သြဂုတ်လက ထောင် ၆ နှစ် ထပ်မံချမှတ်ခြင်းအား မစ္စတာ ဆိုင်ဖူဒင်မှတဆင့် မြန်မာစစ်ကောင်စီကို ပွင့်ပွင့်လင်းလင်း ဝေဖန်သည့် နိုင်ငံဖြစ်သည်။
“ဒီကိစ္စက အလိမ်ခံရသူတွေ၊ ပျောက်ဆုံးနေသူတွေနဲ့သာ သက်ဆိုင်တယ်။ ဒါကြောင့် မြန်မာနဲ့ ပြဿနာ မရှိဘူး” ဟု မစ္စတာ ဆိုင်ဖူဒင်က ပြောပြီး မလေးရှားအစိုးရက မြန်မာစစ်ကောင်စီအပေါ် သဘောထားကြောင့် မလေးနိုင်ငံသားများကို ကယ်ဆယ်ရေး နှောင့်နှေးနေသည်ဆိုသည့် ပြောဆိုချက်များကို ပယ်ချသည်။
သို့သော် မြန်မာ စစ်ကောင်စီသည် အမည်ဆိုးကျော်ကြားသည့် နယ်စပ်ဒေသ မြဝတီမှ ရွှေကုက္ကိုမြို့သစ်အား မည်မျှအထိ ထိန်းချုပ်နိုင်သည်ကို ရှင်းလင်းစွာ မသိရပေ။
ထိုဒေသကို တိုင်းရင်းသား လက်နက်ကိုင်များနှင့် တရုတ်စီးပွားရေးသမားများက မြန်မာစစ်ကောင်စီ ခွင့်ပြုချက်ဖြင့် စီမံနေကြောင်း သိရသည်။
မကြာသေးမီကာလအထိ ထိုသို့သော ကယ်ဆယ်မှုများကို ထိုဒေသသို့ အဆက်အသွယ်ရှိသည့် လူမှုကူညီရေးအသင်းများ၊ ပါလီမန်အမတ်များနှင့် စီးပွားရေးသမားများကသာ တရားမဝင် ကယ်ဆယ်နိုင်ခဲ့သည်။
အွန်လိုင်း လိမ်လည်မှုများတွင် အတင်းအကျပ် အခိုင်းခံရသူများကို ကယ်ဆယ်ရာတွင် ထဲထဲဝင်ဝင် ပါဝင်နေသည့် မလေးရှား ပါလီမန်အမတ် ဆမ် ချွန် ဆိုင် နှင့်အတူ သတင်းစာရှင်းလင်းပွဲတက်သူ ထိုလိမ်လည်မှုဂိုဏ်းများမှ ဖမ်းဆီးခံခဲ့ရသူတဦးက လိမ်လည်သူများသည် သူ့ကို သက်သာသော အလုပ်အတွက် တလလျှင် ဘတ် ၅ သောင်း (စင်ကာပူဒေါ်လာ ၁၁, ၉၀၀) ပေးမည်ဟု လိမ်လည်ကာ ရွှေကုက္ကိုသို့ မြှားခေါ်ကြောင်းပြောသည်။
လွန်ခဲ့သောလက South China Morning Post ၏ This Week in Asia ကဏ္ဍ အထူးသတင်းတပုဒ်တွင် အသက် ၂၃ နှစ်အရွယ် မလေးရှား လေ့ကျင့်ရေး ကျောင်းဆရာ ဂိုင်ဇမ်ဖန်းသည် ရွှေကုက္ကိုနှင့် နယ်စပ် မဲဆောက်ဆေးရုံတွင် မေလက တဦးတည်း သေဆုံးသွားကြောင်း ဖော်ပြထားသည်။
သူသည် သူ၏ အွန်လိုင်းချစ်သူနှင့် တွေ့ဆုံရန် ဘန်ကောက်သို့သွားရောက်ပြီး သူ့မိခင်မွေးနေ့ မတိုင်မီတရက် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြန်လာမည်ဟု ကတိပေးခဲ့ကြောင်း သိရသည်။
သူသည် မလေးရှားသို့ မည်သည့်အခါမျှ ပြန်မလာနိုင်တော့ဘဲ မိသားစုက သူ့ထံမှနောက်ဆုံးရသည့် ဖုန်း ခေါ်ဆိုမှုမှာ သူ့ကိုဆေးကုရန် ရင်းဂစ် ၈၀,၀၀၀ (စင်ကာပူဒေါ်လာ ၂၄,၅၀၀) တောင်းခံနေသည့် မျှော်လင့်ချက်ကင်းမဲ့သော ဖုန်းခေါ်ဆိုမှုသာ ဖြစ်သည်။
(South China Morning Post မှ Hadi Azmi ၏ Scam crisis carries diplomatic risks for Asean, Malaysia foreign minister Saifuddin Abdullah says ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
အိန္ဒိယသားများ မြဝတီသို့ လူကုန်ကူးခံရပြီး ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်ခိုင်း
စစ်အာဏာသိမ်းမှုကြားက မြန်မာလူကုန်ကူးမှု တရုတ် ဘယ်လိုတုံ့ပြန်မလဲ
မြဝတီမှာ အခြေစိုက်ပြီး ကမ္ဘာတဝန်းကို ဖြန့်ကျက်နေတဲ့ တရုတ်လူလိမ်ဈေးကွက်
မြဝတီအနီး စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံသူ တရုတ်ဂိုဏ်းခေါင်းဆောင်ကို အမေရိကန်က လူဆိုးစာရင်းသွင်း
လာအိုအခြေစိုက် ကာစီနိုကို အမေရိကန်က ပိတ်ဆို့အရေးယူ
အိန္ဒိယ လူကုန်ကူးခံရသူများပြောသည့် မြဝတီမှ ‘ရေထောင်’