Adidas တံဆိပ်ဖိနပ်များ ချုပ်နေသော ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရှိ မြန်မာပေါင်ချိန် ဖိနပ်စက်ရုံမှ ထောင်နှင့်ချီသော အလုပ်သမားများက ရရှိနေသည့် အနိမ်ဆုံးလစာနှုန်းထားထက် တိုးမြှင့်ပေးရေး စက်ရုံနှင့် ညှိနှိုင်းနေရာမရရှိပါက စုပေါင်း တောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။
ယခုရနေသည့် လစာမှာ တရက်လျှင် ၄၈၀၀ကျပ်ဖြစ်ပြီး ယခုအခါ ကုန်ဈေးနှုန်း အဆမတန်မြင့်လာသဖြင့် စားဝတ်နေရေး မပြေလညသ်ည့အတွက် အနည်းဆုံး ကျပ် ၇၅၀၀မှ ၈၀၀၀ကျပ်ကြား တိုးပေးရန် တောင်းဆိုထားကြောင်း သိရသည်။
မြန်မာပေါင်ချိန်ဖိနပ်စက်ရုံ ဝန်ထမ်း တဦးက“ကုန်ဈေးနှုန်းတွေက ၂ဆ၊ ၃ဆ တက်လာတော့ ဒီလစာနဲ့ အဆင်မှ မပြေတာ ထမင်းတနပ် လျှော့မစားရရုံတမယ်ပဲရှိတယ်၊ နပ်မှန်အောင် မစားနိုင်တဲ့ လူတွေရှိတယ်။ စားစရိတ်က အရင် ၄ သောင်း လောက်က အခု ၁ သိန်းလောက်အထိ ကပ်နေတာ။ အဆောင်ခရောနဲ့ဆိုတော့ အရင်က ဝဝလင်လင် စားရတာက အခု လျှော့စားနေရတယ်” ဟု ပြောသည်။
အဆိုပါ စက်ရုံဝန်ထမ်းများသည် စက်တင်ဘာလအတွင်းက စက်ရုံနှင့် ညှိနှိုင်းရန် အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း လစာအပေါ် တစုံတရာ ညှိနှိုင်းခြင်း မရှိသည့် အတွက် ယခုလထဲတွင် ထပ်မံတောင်းဆိုမှုကို ပြုလုပ်ထားပြီး လာမည့် ၁၀ ရက်အတွင်း ညှိနှိုင်းမှု မအောင်မြင်ပါက စုပေါင်းတောင်းဆိုမှုကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
လုပ်သား ၇,၀၀၀ ထောင်ကျော်ရှိသည့် အဆိုပါ စက်ရုံတွင် လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုသည့် လုပ်သား ၁,၀၀၀ ဝန်းကျင်ရှိနေပြီး ညှိနှိုင်းမှု မပြေလည်ပါက ၅၀၀ နှင့် ၁,၀၀၀ ကြားရှိ လုပ်သားများက စက်ရုံဝင်းထဲတွင် လုပ်လက်စ အလုပ် များကို ဆက်မလုပ်တော့ဘဲ စုပေါင်းတောင်းဆိုမှုကို ပြုလုပ်သွားမည်ဟု ဆိုသည်။
အလုပ်ရှင်များဘက်ကလည်း နိုင်ငံတော်က အနိမ့်ဆုံး လုပ်ခလစာကို တိုးမြှင့်သတ်မှတ်ပေးမှသာ တိုးပေးနိုင်မည်ဟု ပြန်လည်တုံ့ ပြန်ခဲ့ပြီး၊ Orange ဈေးဝယ်စင်တာတွင်သာ ဝယ်ယူရနိုင်သည့် ကျပ် ၁၁၀၀၀ တန်ဈေးဝယ်ကူပွန်ကဒ်ကို အလုပ်သမားများထံ ထုတ်ပေးခဲ့ကြောင်း၊ ယင်းဈေးဝယ် ကူပွန်မှာ သုံးစွဲရ မလွယ်သဖြင့် ကူပွန်အစား လုပ်ခလစာသာ တိုးရန် အလုပ်သမားများက တောင်းဆိုနေခြင်း ဖြစ်သည်။
“ဒီကဒ်ပေးတဲ့နေ့က သွားတန်းစီရတာလည်း အဆင်မပြေဘူး။ ဝန်ထမ်းတွေက မသိကြတော့ အဆင်မပြေဘူး။ အလုပ် သမားတွေက ကဒ်ကို ယူထားပေမယ့် ဘယ်လိုသုံးရမယ်တောင် မသိကြဘူး။ ဒီကဒ်ကိုပေးမယ့်အစား သဒ္ဒါလို့ ပေးတယ် ဆိုရင် ကျမတို့ရဲ့ လစာထဲကို ထည့်ပေးစေချင်တာ” ဟု မြန်မာပေါင်ချိန်ဖိနပ်စက်ရုံ ဝန်ထမ်း တဦးက ဆိုသည်။
အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ မေးမြန်းရန် မြန်မာပေါင်ချိန် ဖိနပ်စက်ရုံသို့ ဧရာဝတီ သတင်းဌာနက ဖုန်းဖြင့် ဆက်သွယ် ခဲ့သော် လည်း ဆက်သွယ်မရခဲ့ပေ။
ပြည်တွင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးက ၂၀၁၈ ခုနှစ်က နိုင်ငံတော်မှ သတ်မှတ်သည့် အနည်း ဆုံးအခကြေးငွေနှုန်းထားသည် ၄,၈၀၀ အောက် လျော့ပေးခြင်းကိုသာ တားမြစ်ထားခြင်းဖြစ်၍ လက်ရှိ ပြောင်းလဲနေသည့် ကုန်ဈေးနှုန်းနှင့် ညီမျှသင့်လျော်သည့် နှုန်းထားတရပ် တိုးမြှင့််ပေးရန် လိုအပ်နေကြောင်း သုံးသပ်သည်။
“လုပ်ငန်းရှင်ဘက်က ဥပဒေနဲ့ ပြောနေတယ်ဆိုရင် ဥပဒေမှာ သတ်မှတ်လိုက်တာက ၄,၈၀၀ ထက် လျော့ပြီးတော့ မပေးရ ဘူးလို့ပဲ ပြောတာ။ ဒီထက် ကြိုက်သလောက် ပိုပေးလို့ရတယ်။ စီးပွားရေး သမားကတော့ စီးပွားရေးလိုပဲ တွေးပြီး အနည်း ဆုံးနှုန်းကိုပဲ ပေးနေတာ” ဟု ၎င်းက ပြောသည်။
၂၀၁၈ ခုနှစ်တွင် သတ်မှတ်ထားသည့် အနည်းဆုံးအခကြေးငွေ ဥပေဒအရ အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင် ၃ ပွင့်ဆိုင် ဆွေးနွေးပြီး ၂ နှစ် တကြိမ် ပြောင်းလဲ ပြင်ဆင်ရမည် ဖြစ်သော်လည်း စစ်ကောင်စီ အာဏာသိမ်းလိုက်သည့် နောက်တွင် အလုပ်သမား အခွင့်အရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများက စစ်တပ်နှင့် မည်သည့်ကိစ္စကိုမျှ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိတော့ပေ။
“အနည်ဆုံးအခကြေးငွေ ကော်မတီမှာလည်း အလုပ်သမား ကိုယ်စားလှယ်တွေက မရှိတော့ဘူး။ ဘယ်အချိန်ပြန်ပေါ်မလဲ ဆိုတာလည်း အနီးစပ်ဆုံး ဘယ်အချိန်ဆိုတာတောင် တွေးလို့ မရသေးဘူး။ နှုန်းထားအသစ်ကို ရီဗျူး လုပ်ဖို့ ဆိုတာ မဖြစ် နိုင်မှန်း သိနေရဲ့သားနဲ့ ဒါကိုပဲပြောနေတာ ဆိုရင် နှလုံးသား မရှိတယ်ပဲ ပြောရမယ်” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံ၏ အနိမ့်ဆုံး လုပ်ခလစာမှာ တစ်နေ့လျင် ၂ ဒေါ်လာအောက် ရောက်ရှိနေချိန်တွင် အနီးဆုံး အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် ထိုင်းတွင် ၁၀ ဒေါ်လာအထက် ရရှိနေသည်။
အနည်ဆုံး လုပ်ခလစာ မြှင့်ရေး တောင်းဆိုမှု လုပ်နေသည့် မြန်မာပေါင်ချိန်ဖိနပ် စက်ရုံတွင် ရက်မှန်ကြေး၊ ကုန်ထုတ် ဆုကြေးပေါင်းလျှင် လုပ်သား ၁ ဦးလျှင် ပျမ်းမျှ ကျပ် ၁၆၀,၀၀၀ ဝန်းကျင် ရရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
လုပ်ခလစာ တိုးမလာသော်လည်း လူသုံးကုန်၊ စားသောက်ကုန်မှစ၍ အခြေခံ အိမ်သုံးဆေးဝါး ပါမကျန် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာသလို နေထိုင်သည့် အဆောင်ခသည် ယခင် ၆ သောင်းမှ ၈ သောင်းအထိ မြင့်တက်လာမှုများ ရှိနေကြောင်း သိရသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံး ၅ နိုင်ငံထဲတွင် ပါဝင် နေပြီး ယခင် ၁၈ရာခိုင်နှုန်းမှ ၁၂၇ ရာခိုင်နှုန်းထိရှိလာကြောင်း အမေရိကန်အခြေစိုက် Johns Hopkins တက္ကသိုလ်မှ စီးပွားရေးပညာရှင် Steve H.Hanke က စက်တင်ဘာလအတွင်းက ပြောကြောင်း RFA သတင်းတရပ်တွင် ဖော်ပြထား သည်။
အကျပ်အတည်းနှင့် အခက်အခဲများ ရှိနေသော်လည်း အခြေခံ စက်ရုံ၊ အလုပ်ရုံ လုပ်သားအများစုမှာ အာဏာသိမ်းပြီး နောက်ပိုင်းတွင် အခွင့်အရေး တောင်းဆိုမှုများကို မလုပ်ရဲဘဲ အလုပ်မပြုတ်ရေး အတွက်ကိုသာ ကြိုးပမ်းနေရကြောင်း အလုပ်သမားများထံက သိရသည်။
အထည်ချုပ် စက်ရုံအလုပ်သမား တဦးက “လွတ်လွတ်လပ်လပ် တောင်းဆိုပိုင်ခွင့်မရှိဘူး။ တခုခုတောင်းဆိုလိုက်ရင် အရိပ် တကြည့်ကြည့် ကြည့်ခံရတာမျိုး တွေရှိတယ်။ ခြိမ်းခြောက်တာမျိုးတွေလည်း ရှိတယ်။ အလုပ်သမား အခွင့်အရေးကို လုပ် ချင်ရင်၊ ပြောချင်ရင်တောင်မှ ကြောက်နေရ တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ချုပ်လုပ်နေသည့် ကမ္ဘာကျော် အမှတ်တံဆိပ်များ အနေဖြင့်လည်း မြန်မာနိုင်ငံအတွင်းက အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုများကို ကြည့်ရှု့ပြီး သင့်တင့်မျှတသည့် လစာနှုန်းထားတရပ် ပေးရေးကို အလေးပေး ဆောင်ရွက်သင့်ကြောင့် အလုပ်သမားအရေး လှုပ်ရှားသူများနှင့် စက်ရုံလုပ်သားများက တောင်းဆိုလိုက်သည်။
“၁ နာရီချုပ်လို့ အရင် ၁၀၀ ရရင် အခု ၁၁၀ တိုးတောင်းမျိုး၊ ဒါပေမယ့် ကျမတို့ ဝန်ထမ်းတွေက လုပ်နိုင်တာထက်ကို ပိုလုပ်ပေးနေရတဲ့အတွက် ဝန်ထမ်းတွေရဲ့ အဆင်မပြေမှုကို ကြည့်ပြီးတော့ Brand တွေဘက်ကလည်း လစာတိုးပေးချင် စေချင်ပါတယ် ” ဟု အထည်ချုပ် အလုပ်သမ တဦးက ပြောသည်။
မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းများတွင် အလုပ်သမားများ၏ အခြေခံအခွင့် အရေးနှင့် စံသတ်မှတ်ချက်များကို လိုက်နာ ခြင်း မရှိသလို တာဝန်ယူမှု တာဝန်ခံမှု မရှိသည့် လုပ်ငန်းများ ပိုများလာကြောင်း ကမာ္ဘလုံးဆိုင်ရာ အလုပ်သမား အခွင့် အရေး များကို လေ့လာ စောင့်ကြည့်ပြီး မှတ်တမ်းယူနေသော အဖွဲ့ဖြစ်သည့် Ethical Trading Initiative (ETI) က စက်တင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
You may also like these stories:
ပျောက်ဆုံးသွားသော အလုပ်သမား အခွင့်အရေး
GEG အထည်ချုပ် လုပ်သားဆန္ဒပြမှု အလုပ်ရှင်နှင့် သဘောတူညီမှုရရှိ
အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု ဆိုးရွားလာ
စစ်အာဏာသိမ်းမှုအောက် ဆိတ်သုဉ်းသွားတဲ့ အလုပ်သမားထုအသံ