စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းသို့ အောက်တိုဘာ ၁၃ ရက် ညပိုင်းတွင် အင်အား ၈၀ ခန့်ပါသော စစ်ကောင်စီ တပ်က စစ်ကြောင်းထိုး စီးနင်းဝင်ရောက်လာသဖြင့် ဒေသခံ ၁၅၀၀၀ ကျော် ညတွင်းချင်း ထွက်ပြေးခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကြောင်းမှာ တပ်မ ၃၃ လက်အောက်ခံ ရွှေဘိုမြို့အခြေစိုက် ခမရ (၁၁)၊ ခလရ (၄၂) နှင့် လေ့ကျင့်ရေး (၈) တပ်များ ဖြစ်ကြောင်း၊ စစ်ကြောင်းမထွက်ခင် ညပိုင်း ၈ နာရီခန့်က ရှိမ်းမကား ရဲစခန်း အတွင်းမှနေ၍ အနောက်ဘက်ရှိ သဲပုတ်ကြီးရပ်ကွက်ကြီးဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သေး ကြောင်း ဒေသခံများက ဆိုသည်။
ရှိမ်းမကား ဒေသခံတဦးက “ဝက်လက်မြို့နယ် အရှေ့ခြမ်းကို မနေ့က စဉ့်ကူးမြို့နယ် ထုံးကြီးကနေ မော်တော် ၂ စီး အပြည့်နဲ့ စစ်ကောင်စီ တပ်သား ၁၂၀ ကျော်တင်ပြီး ထွက်လာတာ။ ည ၁၀ နာရီလောက်မှာ ရှိမ်းမကားကို ရောက်တယ်။ ပြီးတော့ အင်အား ၈၀ လောက်နဲ့ ရှိမ်းမကားအနောက်ဘက် ယင်းမာပင်ကုန်း၊ ဖိုဝင်းတပ် စတဲ့ရွာတွေဘက်ကို စစ်ကြောင်းထိုးတယ်။ အဲဒီလို စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူတွေ ညတွင်းချင်း တိမ်းရှောင်ခဲ့ကြရတယ်” ဟု ဧရာဝတီကို ပြောသည်။
ထိုသို့ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ခွေးအတွင်း၊ ရွှေတိုက်တောင်၊ သန်းချပ်၊ ဇီးဖြုကျင်း၊ ရုံးပင်ကုန်း၊ စတောင်နီ၊ အင်ဘဲကြီး၊ တောင်ကုန်း၊ အင်ကြင်ပင်၊ ဆင်နင်း၊ သရိုင်၊ မင်းကုန်း၊ ဆင်မ၊ မင်းရွာ၊ ဝက်လက်ရွဲ၊ ဖိုဝင်းတပ်၊ ရွှေကျင် စသည့် ကျေးရွာများမှ ဒေသခံများ ညတွင်းချင်း ထွက်ပြေးခဲ့ရကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လေကြောင်း၊ ကုန်းကြောင်း အသုံးပြုကာ အင်အားအလုံးအရင်းနှင့် ကျေးရွာ များကို ဝင်ရောက်စီးနင်းလျက်ရှိပြီး စစ်ကြောင်းထိုးရာ လမ်းကြောင်းတလျှောက်ရှိ ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ် ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများခိုးယူခြင်း၊ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းများ လုပ်ဆောင်နေသည့်အတွက် ဒေသခံများ အနေဖြင့် စစ်ကြောင်း ထိုးလာသည်ဟူသော သတင်းကြားသည်နှင့် ကြိုတင်ထွက်ပြေးကြရခြင်း ဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။
ထို့ပြင် ဝက်လက်နယ် အရှေ့ခြမ်းမှ ဒေသခံပြည်သူများသည် စစ်တပ်၏ မကြာခဏ စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးရ သည်မှာ ယခုတကြိမ်အပါဆိုလျှင် ၆ ကြိမ်နှင့်အထက်ရှိပြီ ဖြစ်ကြောင်း၊ နီးစပ်ရာကျေးရွာနှင့် လယ်တောများထဲ ထွက်ပြေး တိမ်းရှောင်နေကြရပြီး စစ်ကြောင်း ပြန်ထွက်သွားပါက ရွာအတွင်း ပြန်ဝင်လိုက်၊ စစ်ကြောင်းထိုးလာပါက ထွက်ပြေးလိုက် ဖြင့် အတည်တကျ နေထိုင်လုပ်ကိုင် စားသောက်ရသည်ဟူ၍ မရှိကြောင်း ၎င်းတို့က ဆိုသည်။
စစ်ကောင်စီတပ်၏ ၄၀ မမ၊ ၆၀ မမ၊ RPG စသည့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့်လည်း သဲပုတ်ကြီးရပ်ကွက်မှ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး ဒဏ်ရာရခဲ့ကြောင်း ဖိုဝင်းတပ်၊ ရုံးပင်ကုန်း၊ ရွှေသိုက်တောင်၊ ရွှေကျင်၊ သန်း ချပ်၊ ဇီးဖြူကျင်း စသည့် ကျေးရွာများသို့ ညတွင်းချင်း စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့မှ ဗိုလ်မြေသြဇာက “စစ်ကြောင်း မလာခင် ည ၈ နာရီလောက်ကစပြီး ရှိမ်း မကား ရဲစခန်းထဲကနေ အနောက်ဘက်မှာရှိတဲ့ သဲပုတ်ကြီးရပ်ကွက်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အဲဒီလို ပစ် တာကြောင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေး ၁ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တယ်။ အဲဒီ ကလေးမလေးကို ကာ ကွယ်ရေးအဖွဲ့တွေက ဆေးခန်းတခုကိုပို့ပြီး ကုသမှုတွေ လုပ်ပေးထားတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး” ဟု ဆိုသည်။
ထို့ပြင် ဇီးဖြူကျင်း၊ သန်းချပ်၊ ခင်မင်းကျေးရွာမှ ဒေသခံ ၄ ဦးနှင့် ကုန်းကြီးကွေ့အနီးရှိ ငါးကန်မှ ပြည်သူ ၃ ဦးတို့ကိုလည်း လမ်းပြအဖြစ် ခိုင်းစေရန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသလို ယနေ့ (အောက်တိုဘာ ၁၄ ရက်) နံနက်ပိုင်းတွင်လည်း ဆင်နင်းကျေးရွာသို့ လက်နက်ကြီးဖြင့် ၃ ချက် ပစ်ခတ်ပြီး ဆင်နင်းကျေးရွာတောင်ဘက်ရှိ ဘုန်းကြီးကျောင်းအတွင်း၌ ဝင်ရောက် တပ်စွဲထားကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးကလည်း “လက်ရှိ ဝက်လက်နယ်မှာ တိုက်ပွဲဖြစ်တာလည်း မရှိဘဲနဲ့ တမင်သက်သက် အကြမ်းဖက်ပြီး ပုစဉ်းတွေ၊ ဖိုက်တာတွေနဲ့ ဝင်ပစ်ပြီး အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး စီးနင်းတာတွေ လုပ်နေကြ တာ။ ကျနော်တို့ အနေနဲ့ မြေပြင်မှာလည်း သာလွန်အင်အား၊ လက်နက် ကွာခြားတာတွေကြောင့် ထိပ်တိုက်ရင်ဆိုင်ဖို့ရာ အခက်အခဲကတော့ အများကြီး ရှိနေတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက် နေ့လယ်ပိုင်းကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်းအား ဂျက်ဖိုက်တာ တိုက်လေယာဉ် ၂ စီး၊ Mi-35 ၂ စီး၊ Mi-17 ၄ စီးတို့ဖြင့် လေကြောင်းပစ်ခတ်မှုများ ပြုလုပ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ချထားခဲ့ကြောင်း၊ ယင်း အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး တိုက်ပွဲနှင့် လေကြောင်း ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများ အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၅ ဦး ထိ သေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။