မြန်မာနိုင်ငံအနောက်ပိုင်း၊ ရခိုင်ပြည်နယ်မှ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ (CMEC) ၏ အရေးပါသော အစိတ်အပိုင်းဖြစ်သည့် တရုတ်ကျောထောက်နောက်ခံပြု ဓာတ်အားပေးစက်ရုံတရုံကို ယခုအပတ်အတွင်း ဖွင့်လှစ်ခဲ့သောကြောင့် ဘေဂျင်းသည် အာဏာသိမ်းပြီး ပဋိပက္ခဖြစ်နေသော မြန်မာတွင် ၎င်းတို့၏စီမံကိန်းများကို ဆက်လက်လုပ်ကိုင်နေကြောင်း ပြသလိုက်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်မှ အမေရိကန်ဒေါ်လာ သန်း ၁၈၀ တန်ပြီး ၁၃၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်နှင့် စစ်ကောင်စီ လျှပ်စစ်စွမ်းအား ဒုဝန်ကြီး ဒေါက်တာ အောင်ဇေယျတို့က အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဖွင့်လှစ်ကြောင်း စစ်ကောင်စီထိန်းချုပ် မီဒီယာများက ဖော်ပြသည်။
ထိုစီမံကိန်းကို တရုတ်နိုင်ငံပိုင်လုပ်ငန်း Power China Resources နှင့် မြန်မာမှ Supreme Group တို့၏ ဖက်စပ်လုပ်ငန်း ကျောက်ဖြူလျှပ်စစ်ဓာတ်အား ကုမ္ပဏီ လီမိတက်က တည်ဆောက်သည်။
တရုတ်သည် မြန်မာတွင် အဓိကရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်ပြီး ၎င်းအတွက် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရစေမည့် စီမံကိန်းများကို အလေးထားသည်။ ဘေဂျင်း၏ ရပ်ဝန်းနှင့်လမ်းမ အစီအစဉ်တွင် အရေးပါသော အစိတ်အပိုင်းဖြစ်သည့် ခန့်မှန်းခြေ ကီလိုမီတာ ၁,၇၀၀ ရှည်လျားသော CMEC သည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ယူနန်ပြည်နယ်မြို့တော် ကူမင်းနှင့် မြန်မာမှ စီးပွားရေး အချက်အခြာများဖြစ်သော နိုင်ငံအလယ်ပိုင်း မန္တလေးမြို့၊ အရှေ့ဘက်တွင် ရန်ကုန်နှင့် အနောက်ဘက် ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့ကို ဆက်သွယ်ထားသည်။
ကျောက်ဖြူ ဓာတ်အားပေးစက်ရုံသည် တရုတ်နှင့်မြန်မာအကြား လျှပ်စစ်ဓာတ်အားကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုအောင်မြင်သည့် အထောက်အထားဖြစ်ကြောင်း ပြောကြားပြီးနောက် တရုတ် သံအမတ်ကြီးက ကျောက်ဖြူသည် CMEC တွင် အရေးပါသည့် အချက်အခြာနေရာ ဖြစ်သောကြောင့် ထိုဓာတ်အားပေးစက်ရုံသည် အဓိကအခန်းမှ ပါဝင်မည်ဖြစ်ကြောင်းပြောပြီး မြန်မာမှ ကဏ္ဍအားလုံးတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည်ဟု ပြောသည်။
မြန်မာတွင် ပြည်တွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် ကြီးထွားနေပြီး အကြီးအကျယ် ပြတ်တောက်နေသောကြောင့် တရုတ်သည် နယ်စပ်ဖြတ်ကျော် ဓာတ်အားဆက်သွယ်ရေး စီမံကိန်းများမှတဆင့် အဓိကကျသည့် ဓာတ်အားထုတ်လုပ်ပေးသူ ဖြစ်လာသည်။ ထိုသို့ဖြစ်ရသည့် အကြောင်းရင်းများတွင် တရုတ်မှဓာတ်အားခ သက်သာသည့် အချက်လည်း အကြောင်းရင်းတခု ဖြစ်သည်။
တရုတ်နိုင်ငံပိုင် လုပ်ငန်းကြီးများ (SOEs) ၏ နောက်ခံဖြင့် တည်ဆောက်သည့် ဓာတ်အားပေး စီမံကိန်းကြီးများကို နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ မြောက်ပိုင်း ကချင်ပြည်နယ်အထိ ပါဝင်သော ပြည်နယ်နှင့်တိုင်း အနည်းဆုံး ၇ ခုတွင် စီစဉ်နေ သို့မဟုတ် တည်ဆောက်နေသည်။ ထိုစီမံကိန်းများသည် ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ (NLD) နှင့် သဘောတူခဲ့သော စီမံကိန်းများဖြစ်သည်။
တရုတ်ကုမ္ပဏီများသည် မန္တလေးတိုင်းမှ ရဲရွာ၊ နေပြည်တော်မှ ပေါင်းလောင်းနှင့် ရခိုင်ပြည်နယ်မှ သူဌေးစသည့် ရေအားလျှပ်စစ်စက်ရုံများ၊ မွန်ပြည်နယ် သထုံမှ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ ရန်ကုန်တိုင်း သာကေတမှ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံနှင့် မကွေးတိုင်း မင်းဘူးမှ ဆိုလာစွမ်းအင်စက်ရုံ အပါအဝင် စီမံကိန်းများကို အကောင်အထည်ဖော်နေကြောင်း မစ္စတာ ချန်က ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ Facebook စာမျက်နှာအရ တရုတ်သံအမတ်ကြီးက မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော် ဓာတ်အားဆက်သွယ်ရေး စီမံကိန်းများသည် အရှိန်အဟုန်ရနေကြောင်း ပြောကြားသည်ဟု သိရပြီး တရုတ်သည် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းနှင့် တရုတ်-မြန်မာ ဆက်သွယ်မည့် ရွှေလီ-ကျောက်ဖြူ ရထားလမ်းစီမံကိန်းကဲ့သို့သော အရေးပါသည့် စီမံကိန်းများ အကောင်အထည်ဖော်ရန် ဆွေးနွေးနေသည်ဟု ဆိုသည်။
လွန်ခဲ့သောနှစ်က စစ်အာဏာသိမ်းမှုကြောင့် မြန်မာတွင် လူမှုနှင့် နိုင်ငံရေး ဖရိုဖရဲဖြစ်နေချိန်တွင် တရုတ်သံအမတ်ကြီးက ထိုသို့ ပြောကြားခြင်းဖြစ်သည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အခြားနိုင်ငံများနှင့်မတူဘဲ တရုတ်နိုင်ငံက စစ်အာဏာသိမ်းမှုကို မြန်မာတွင် အစိုးရ အပြောင်းအလဲလုပ်သည်ဟုသာ သတ်မှတ်သည်။ ရုရှားနှင့်အတူ တရုတ်နိုင်ငံသည် လူ ၂,၃၀၀ ကျော် သတ်ဖြတ်သည့် စစ်ကောင်စီကို ကုလသမဂ္ဂတွင် ထောက်ခံသောကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် စစ်ကောင်စီကို အရေးမယူနိုင်ဖြစ်စေသည်။
ယခုနှစ် ဧပြီလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်စဉ် စစ်ကောင်စီနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက နွေးထွေးစွာ ကြိုဆိုသည်။ အခြေအနေ မည်မျှ ပြောင်းလဲသည်ဖြစ်စေ မြန်မာ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ထောက်ခံမည်ဖြစ်ကြောင်း ဘေဂျင်းက ပြောသည်။
မစ္စတာ ဝမ်က တရုတ်သည် မြန်မာစစ်ကောင်စီကို ဆက်လက်ထောက်ခံကြောင်း ဇူလိုင်လအတွင်း ပြောပြီး မြန်မာနှင်မြန်မာ၏ တရားဝင်သော အကျိုးစီးပွားများကို ကာကွယ်မည်ဖြစ်ကြောင်း ပြောသည်။
You may also like these stories:
မြန်မာဗိုလ်ချုပ်များကို နွေးထွေးလာသော တရုတ်နိုင်ငံ
မြန်မာရှိ တရုတ်၏ အဓိက အခြေခံအဆောက်အအုံ စီမံကိန်း ၃ ခု
မြန်မာ့ဒုက္ခပင်လယ်တွင် ငါးရှာထွက်သော တရုတ်နဂါး