ကလေး ၂၄ ဦးနှင့် သေနတ်သမားအပါအဝင် လူ ၃၈ ဦးသေဆုံးသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီးတွင် လက်နက်နှင့် တရားမဝင်မူးယစ်ဆေးပြဿနာသည် ထိုင်းနိုင်ငံရေးတွင် ထိပ်တန်းရောက်လာသည်။
ထိုကြေကွဲစရာဖြစ်ရပ်အပြီး ရက်သတ္တပတ်အတွင်း အစိုးရနှင့် အတိုက်အခံပါတီများသည် မူးယစ်ဆေးကို အစွမ်းကုန် တိုက်ဖျက်ရေးမှသည် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးနှင့် စိတ်ကျန်းမာရေးကို အလေးထားရေး စသည့်အဆိုပြုချက်များကို တင်ပြလာကြသည်။
ဗုဒ္ဓဟူးနေ့တွင် ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာသည် လက်နက်နှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများနှင့် မူးယစ်ဆေးဝါ တိုက်ဖျက်ရေး အားထုတ်မှုများ ပိုမိုကြံ့ခိုင်ရေးအတွက် ကော်မတီ အစည်းအဝေးတခု ခေါ်ယူခဲ့သည်။ “ဝန်ကြီးဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း အချို့ကို ပြုပြင်ရမယ်” ဟု ထိုအစည်းအဝေးအပြီးတွင် ပရာယွဒ် ပြောသည်။ ထိုအစည်းအဝေးသို့ ပြည်သူ့ကျန်းမာရေး၊ ပြည်ထဲရေး၊ တရားရေးဝန်ကြီးများနှင့် အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တို့လည်း တက်ရောက်သည်။
အသက် ၃၄ နှစ်ရှိပြီဖြစ်သော သေနတ်သမား ပန်ညာခမ်ရက်ပ်သည် မက်သာဖက်တမင်း ပိုင်ဆိုင်မှုအတွက် ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခံထားရသူဖြစ်ပြီး လူသတ်မှု မကျူးလွန်မီနေ့က မူးယစ်ဆေး စွပ်စွဲချက်အတွက် စီရင်ချက်တခုကို ရင်ဆိုင်နေသည်။ ပန်ညာသည် အိမ်နီးချင်းများနှင့် နေ့ကလေးထိန်းကျောင်းကို ပစ်ခတ်ရာတွင် ၉ မမ ပစ္စတိုကို အသုံးပြုသော်လည်း ကလေးအများစုမှ ဓားဖြင့် အထိုးခံရသောကြောင့် သေဆုံးခြင်းဖြစ်သည်။
လက်ရှိဥပဒေအရ သေနတ်လိုင်စင်လျှောက်ထားသူများသည် အနည်းဆုံး အသက် ၂၀ ပြည့်ကာ အလုပ်အကိုင်ရှိသူဖြစ်ရန် လိုအပ်ပြီး ရုပ်ပိုင်းနှင့် စိတ်ပိုင်းမကျန်းမာသောသူများ သေနတ် ပိုင်ဆိုင်ခြင်းကို ကန့်သတ်ထားကာ အများပြည်သူရှေ့တွင် လက်နက်ကိုင်ဆောင်ခြင်းကို ပိတ်ပင်သည်။ သို့သော် နိုင်ငံရေးလူမွေးခြင်းနှင့် နယ်စပ်မလုံခြင်းကြောင့် ထိုင်းနိုင်ငံတွင် မူးယစ်ဆေးနှင့် လက်နက်မှောင်ခိုဈေးကွက်များ ဖြစ်ပေါ်နေသည်။ ထိုင်းနိုင်ငံသည် အရှေ့တောင် အာရှအိမ်နီးချင်းများတွင် လူဦးရေနှင့် လက်နက်ပိုင်ဆိုင်မှုအချိုးအစား အမြင့်မားဆုံးဖြစ်ပြီး ဖိလစ်ပိုင်ပြီးလျှင် သေနတ်ကြောင့်သေဆုံးမှု ဒုတိယအများဆုံးဖြစ်သည်။
လက်နက်ငယ်များဆိုင်ရာ စစ်တမ်းအရ ထိုင်းနိုင်ငံအရပ်သားများလက်တွင် သေနတ် ၁၀ သန်း ရှိနေသည်။ ထိုသူများအနက် ၆ ဒသမ ၂၂ သန်းမှ လိုင်စင်ရ ပိုင်ဆိုင်သူများဖြစ်ပြီး ၄ ဒသမ ၁၂ သန်းသည် မှတ်ပုံမတင်ဘဲ ကိုင်ဆောင်သူများဖြစ်သည်။ အစိုးရတွင် လက်နက်ပိုင်ရှင်များနှင့် လက်နက်များနှင့် ပတ်သတ်သည့် ကျယ်ပြန့်သည့် မှတ်တမ်းမရှိသလို လက်ရှိသေနတ်ကိုင်ဆောင်သူများကို စိတ်ကျန်းမာရေး ပုံမှန်စစ်ဆေးရန် လိုအပ်စေသည့် စည်းကမ်းလည်း မရှိပေ။
“သေနတ်ကိုင်ဆောင်ခွင့်ပေးထားတဲ့သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာတဲ့အခြေအနေ ရှိဖို့လိုသလို ရန်လိုတဲ့ အပြုအမူ သမိုင်းမရှိဖို့လည်း လိုတယ်” ဟု ပရာယွဒ်က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။
ဘန်ကောက်မြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၅၀၀ မှ နောင်ဘွားလမ်ဖူမှ တိုက်ခိုက်ခံရသူများနှင့် မိသားစုများထံ သွားရောက်ပြီးနောက် ပရာယွဒ်က ရဲများကို စစ်ဆေးရန်နှင့် လူမှုအသိုက်အဝန်းများတွင် တရားမဝင် မူးယစ်ဆေးများကို ရှာဖွေဖေါ်ထုတ်ရန် ရဲများကို အမိန့်ပေးသည်။
“ပါဝင်ပတ်သက်တဲ့ အစိုးရဝန်ထမ်းတွေကို အပြင်းထန်ဆုံး ပြစ်ဒဏ်ချမယ်။ မူးယစ်ဆေးစွဲသူတွေကို လိုက်လံရှာဖွေပြီး ပြန်လည်ထူထောင်ရေး လုပ်ပေးမယ်” ဟု ပရာယွဒ် ပြောသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ပွဲသည် ၎င်းတို့ပါတီ မူဝါဒသစ် အခြေခံဖြစ်ကြောင်း လာမည့်နှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ အတိုက်အခံ ဖွထိုင်း ပါတီကပြောသည်။ ထိုပါတီ ခေါင်းဆောင်ဖြစ်သော သမားတော် ချိုနန် ဆရီကဲယိုးက စနေနေ့တွင် အစိုးရကို ဝေဖန်ပြီး အစိုးရသည် မူးယစ်ဆေးဖမ်းဆီးခြင်းကိုသာ လုပ်ပြီး ကြိုတင်ကာကွယ်တားဆီးရေးနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ရန် ပျက်ကွက်ကြောင်း ပြောသည်။
ဖွထိုင်းပါတီသည် ပါတီတည်ထောင်သူတဦးဖြစ်သည့် ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝါထရာခေတ် ၂၀၀၃ ခုနှစ် မူးယစ်ဆေးဝါး ဖြိုခွဲမှုကို လုပ်ခဲ့ဖူးသည်။ မူးယစ်ဆေဝါး တိုက်ဖျက်ရေးလုပ်သည့် ပထမ ၃ လအတွင်း တရားဥပဒေပြင်ပ သတ်ဖြတ်မှုများကြောင့် လူ ၃ ထောင်ကျော်သေသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောပြီး ထိုသတ်ဖြတ်မှုများအနက် အများအပြားကို အရေးယူ စစ်ဆေးခြင်းမရှိပေ။
အရှေ့တောင်အာရှတွင် နောက်ဆုံးဖြစ်ခဲ့သည့် မူးယစ်ဆေးတိုက်ဖျက်ရေးစစ်ပွဲသည် ဖိလစ်ပိုင်သမ္မတ ဒူတာတေခေတ် ၂၀၁၆ ခုနှစ်က ဖြစ်ပွားသည်။ တရားဥပဒေစိုးမိုးရေးအင်အားစုများနှင့် နိုးကြားတက်ကြွသူများ၏ သတ်ဖြတ်မှုကြောင့် လူပေါင်း ၃ သောင်းသေဆုံးသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ခန့်မှန်းသော်လည်း ထိုလှုပ်ရှားမှုသည် သုံးစွဲသူများနှင့် အသေးစားရောင်းဝယ်သူများကိုသာ ပစ်မှတ်ထားပြီး မူးယစ်မှောင်ခို ဂိုဏ်းများကို အမြစ်ဖြတ်ချေမှုန်းခြင်း မရှိကြောင်း ပြောသည်။
မူးယစ်ဆေးများသည် ထိုင်းနိုင်ငံသို့ ဆက်လက်ဝင်ရောက်နေဆဲဖြစ်ပြီး အထူးသဖြင့် လာအိုနှင့်မြန်မာ ရွှေတြိဂံ ဒေသမှ လာသည်။ နောင်ဘွားလမ်ဖူမှ နှစ်နာရီခရီးသာဝေးသည့် လာအိုနိုငငံသည် တရားမဝင် မူးယစ်ဆေးတင်ပို့သည့် အချက်အခြာနေရာ ဖြစ်လာနေသည်။ မြန်မာတွင် ကိုဗစ်နိုင်တင်း ဖြစ်ပွားမှုနှင့် နိုင်ငံရေး မတည်ငြိမ်မှုသည်လည်း နယ်စပ်ဖြတ်ကျော်မူးယစ်ဆေးမှောင်ခိုမှုကို အခြေအနေပိုမိုဆိုးရွား စေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံး၏ စာရင်းများအရ သိရသည်။ ၂၀၂၁ ခုနှစ် အတွင်း ထိုဒေသတွင် မက်သာဖက်တမင်း ဆေးပြား တဘီလီယံ ဖမ်းမိသည်။
ပရာယွဒ်နှင့် ဖွထိုင်းပါတီတို့သည် အထက်ပါ ကြေကွဲစရာ ကလေးငယ် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကို ကိုးကားပြောဆိုပြီး မူးယစ်ဆေးဝါးပြဿနာနှင့် ပတ်သက်သည့် တင်းမာသော သဘောထားကို ဖေါ်ပြစဉ် အတိုက်အခံ ရှေ့သို့ချီ ပါတီက အကျင့်ပျက်ခြစားမှုနှင့် တပည့်မွေးခြင်းကို တိုက်ဖျက်ရန် စစ်တပ်နှင့် ရဲပြုပြင်ပြောင်းလဲရေးကို အဆိုပြုသည်။
“ကျနော်တို့ လူ့အဖွဲ့အစည်းမှာ နှစ်ပေါင်းများစွာ အဓိက ဖြစ်နေတဲ့ ပြဿနာက မူးယစ်ဆေး၊ လောင်းကစား၊ တရားမဝင်ဖျော်ဖြေမှုနဲ့ လူကုန်ကူးမှု စတဲ့ တရားမဝင် လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခြင်း အပါအဝင် အဆက်အသွယ်တွေနဲ့ ကိုယ်လူကိုယ်မွေးတာပဲ” ဟု ပါလီအမတ် နှင့် ရှေ့သို့ချီပါတီ ပြောခွင့်ရသူ ရန်စီမန်ရုမ်းက ဗုဒ္ဓဟူးနေ့က လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
“ဒါတွေအားလုံးက အစိုးရ အရာရှိတွေနဲ့ ပူးပေါင်းလုပ်နေတာဖြစ်တယ်။ ဒါတွေအားလုံးဟာ ရဲနဲ့ စစ်တပ်ရဲ့ အခြေအနေဆိုတာကို လူ့အဖွဲ့အစည်း တခုလုံးက သိနေတယ်” ဟု သူပြောသည်။
ကိုးကား။ ။ Nikkei Asia မှ Tragic shooting pushes guns, drugs to top of Thai political agenda
You may also like these stories:
ခရိုနီထွန်းမင်းလတ်၏ စီးပွားဖက် ထိုင်းအမတ်ကို ဖမ်းဝရမ်း ပြန်ရုပ်
ကလေးများကို ကယ်ရန် လာသည့် မိခင် စစ်ကောင်စီတပ်က မုဒိန်းကျင့်သတ်ဖြတ်ဟု ဆို
ကလေးများ ပြန်ပြောပြသော လက်ယက်ကုန်း လူသတ်ပွဲ
စစ်ကောင်စီ ငရဲခန်းများ တာဝန်ခံ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး
အွန်လိုင်းငွေလိမ်မှုများ အရှေ့တောင်အာရှ သံတမန်ရေး ထိခိုက်နိုင်ကြောင်း မလေးရှား သတိပေး