ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပေါ် ရိုက်နှက်ဖိနှိပ်မှုများ ကျူးလွန်နေသည့် ထောင်အရာရှိ၊ ဝန်ထမ်း ၁၀ ဦး၏ အမည်စာရင်းအား ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများက ထုတ်ပြန်ကြေညာ လိုက်သည်။
အင်းစိန်ထောင်၊ အမျိုးသားဆောင်မှ နိုင်ငံရေးအကျဉ်းသားများက စက်တင်ဘာလအတွင်း စုံစမ်းကောက်ယူခဲ့သည့်စာရင်း အရ နိုင်ငံရေးအကျဉ်းသားများအား ရိုက်နှက်ဖိနှိပ်သူများထဲ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဦး၊ ထောင်ပိုင်ကြီး ဇော်လွင်အောင်၊ ဦးစီးအရာရှိ ထွန်းဝင်းထိုက်၊ ဦးစီး ရဲကျော်သူ၊ ဒုဦးစီးများ ဖြစ်သည့် ဝေလင်းဦး၊ ဟိန်းဇော်ဇော်၊ မြတ်ကျော် အေးနှင့် ရဲမြင့်ဦး၊ တပ်ကြပ် ကျော်စိုး၊ ဒုတပ်ကြပ် ကျော်စိုးထိုက်တို့ ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အင်းစိန်ထောင်အတွင်း လူ့ကျင့်ဝတ်ဆိုင်ရာ ဖောက်ဖျက်ကျူးလွန်မှုများ၊ အကျဉ်းသားများ၏ ရပိုင်အခွင့်အရေး ဆုံးရှုံးနေမှုများနှင့် နိုင်ငံရေးအကျဉ်းသားများအား ကိုယ်အင်္ဂါချို့ယွင်းသည်အထိ ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်လျက် ရှိကြောင်းလည်း ဆိုထားသည်။
နိုင်ငံရေးအကျဉ်းသားများက “အကြမ်းဖက် စစ်တပ်က မတရား အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသော နိုင်ငံရေး အကျဉ်းသားများထဲမှ ၅ ရာခိုင်နှုန်းခန့်သည် စစ်အုပ်စု၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကိုယ်လက်အင်္ဂါ ထိခိုက် ဆုံးရှုံးမှုများ ခံစားနေကြရသည်” ဟု ပြောထားသည်။
အင်းစိန်ထောင်တွင်း နိုင်/ကျဉ်းများက ငြိမ်းချမ်းစွာတောင်းဆိုခြင်း၊ အစာငတ်ခံဆန္ဒပြခြင်း၊ အသံတိတ်သပိတ်၌ ပါဝင်ခြင်း စသည့် ထောင်တွင်းလှုပ်ရှားမှုများအား ၂၀၂၁ ဒီဇင်ဘာတွင် ၁ ကြိမ်၊ ၂၀၂၂ ဇွန်တွင် ၂ ကြိမ်၊ ဇူလိုင်တွင် ၁ ကြိမ်နှင့် ဩဂုတ်တွင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား သေဒဏ်ကွပ်မျက်မှုအပေါ် အစာ ငတ်ခံ ဆန္ဒပြမှုများတွင် ပါဝင်သူများအား ထောင်အာဏာပိုင်များက တိုက်ပိတ်ခြင်း၊ အကြမ်းဖက် ရိုက်နှက်ခြင်းများကြောင့် အရိုးကျိုး၊ ဦးခေါင်းကွဲ စသည့် ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိခဲ့သည်။
ထိုသို့ နှိပ်စက်ဖိနှိပ်ခံရမှုများထဲ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများလည်း ပါဝင်ပြီး လုံလောက်သော ဆေးကုသခွင့် မရခြင်း တို့ကြောင့် နိုင်ငံရေးအကျဉ်းသူ ၁ ဦးမှာ မီးဖွားနိုင်ခြင်း မရှိဘဲ ကလေးဆုံးရှုံးရမှု ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရသည်။
အကျဉ်းထောင်လက်စွဲဥပဒေအရ အာဏာပိုင်များ အနေဖြင့် မည်သည့် အကျဉ်းသားကိုမဆို နှိပ်စက်ရိုက်နှက်ခွင့် မရှိ ကြောင်း၊ ယခုကဲ့သို့ အကျဉ်းသားများအပေါ် ဖိနှိပ်ရိုက်နှက်မှုများသည် ဥပဒေနှင့် ညီညွတ်မှု မရှိသည့်အပြင် ရာဇဝတ်မှု တခုအား ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းပင် ဖြစ်ကြောင်း ရှေ့နေတဦးက မှတ်ချက်ပြုသည်။
၎င်းက “နိုင်ငံရေးဆိုတာက အပြောင်းအလဲဆိုတာ ရှိတယ်။ ဒီလိုမျိုး ခက်ခဲကြမ်းတမ်းနေတဲ့ အခြေအနေတခုမှာ လူ့အခွင့် အရေးကို လေးစားလိုက်နာဖို့ အင်မတန်မှ အရမ်းအရေးကြီးတယ်။ လူ့အခွင့်အရေးကို ကိုယ်နဲ့မဆိုင်ဘူးလို့ မှတ်ယူတယ် ဆိုရင်တောင်မှ လူသားချင်းစာနာထောက်ထားမှုနဲ့ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်နဲ့ တာဝန်ဝတ္တရားကို သေချာကျေလည်စွာ နားလည် ဖို့ အရေးကြီးတယ်။ ကိုယ့်ဆီမှာရှိနေတဲ့ ပါဝါကို အလွဲသုံးစားလုပ်တာက မည်သို့မှ ခွင့်လွှတ်လို့မရတဲ့ ရာဇဝတ်မှုတခု ကျူး လွန်တာနဲ့ အတူတူပါပဲ” ဟု ဆိုသည်။
လက်ရှိ အင်းစိန်ထောင်အတွင်း၌ အသက် ၂၀ အောက် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ရှိနေပြီး အသက် ၇၀ ကျော် နိုင်ငံရေးအကျဉ်းသား ဆယ်ဂဏန်းခန့် ရှိနေကြောင်းနှင့် အသက် ၂၁ နှစ်မှ ၃၅ နှစ်အတွင်း လူငယ် နိုင်ငံရေးအကျဉ်းသား အရေအတွက်မှာ အများဆုံးအဖြစ် ထောင်နှင့်ချီ ရှိနေကြောင်းလည်း နိုင်/ကျဉ်းများ၏ စစ်တမ်းတွင် ဖော်ပြထားသည်။
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် လက်နက်အားကိုးဖြင့် တရားမဝင် အာဏာသိမ်းယူထားသော စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများအပေါ် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ် ညှဉ်းပန်းနှိပ်စက် လျက် ရှိသည်ကို စုံစမ်းစစ်ဆေး အရေးယူပေးရန် တောင်းဆိုထားပြီး အကျဉ်းသားအခွင့်အရေး၊ နိုင်ငံရေးအကျဉ်းသားတို့၏ စံတန်ဖိုးနှင့် ရပိုင်ခွင့်များအား အကျဉ်းထောင်က မည်သို့ပင် ဖိနှိပ်စေကာမူ အသေခံတိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းလည်း ၎င်းတို့က ပြောဆိုထားသည်။
နိုင်ငံရေးလိုလာချက်များ အနေဖြင့် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပြီးသတ် ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ ဖမ်းဆီးခံ နိုင်ငံရေးခေါင်း ဆောင်များနှင့် တက်ကြွလှုပ်ရှားသူ ကျောင်းသားပြည်သူများအား ချက်ချင်း လွတ်မြောက်ရေးတို့ကိုလည်း နိုင်ငံရေး အကျဉ်းသားများက အသိပေး ဖော်ပြထားသည်။
You may also like these stories:
နိုင်/ကျဉ်း အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခံနေရ
အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံ ဆန္ဒထုတ်ဖော်
အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၅၀ သာယာဝတီထောင် ပြောင်းခံရ
သေဒဏ်ချမှတ်ခံထားရသူများအား နေရာရွှေ့ပြောင်း၍ သီးခြားစုစည်းထား