ရခိုင်ပြည်နယ် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော စသည့် မြို့နယ်များမှ စစ်တွေမြို့ပေါ်သို့ စားသောက်ကုန် ပစ္စည်းများ ဝယ်ယူရန် ခရီးသည်များနှင့်အတူ ထွက်လာသော စက်လှေ ၉ စီးကို အာဏာသိမ်း စစ်ကောင်စီက အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးထားကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက် ညနေပိုင်းတွင် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် မင်းချောင်း တံတားအောက် (ဆိပ်ကမ်းတနေရာ) ၌ အဆိုပါ စက်လှေ ၉ စီး ရပ်တန့်ထားစဉ် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီး သွားခြင်း ဖြစ်ကြောင်း စက်လှေပိုင်ရှင်တဦးက ဧရာဝတီကို ပြောသည်။
၎င်းက “ကျနော်တို့ စက်လှေမှာ ကန့်သတ်ကုန်တွေလည်း မပါဘူး။ ငရုတ်သီး၊ ကြက်သွန်၊ စားဆီနဲ့ မီးဖိုချောင်သုံး ပစ္စည်း တွေပဲ လာဝယ်တာ။ အရက်ဖာတွေ ဘာတွေတောင် မပါဘူး။ ခရီးသည်တွေကလည်း နေ့ချင်းပြန် ဈေးဝယ်လာတာ ဆိုတာ ပြောပြတယ်။ မရဘူး။ စက်လှေပေါ်က အကုန်ဆင်းခိုင်းတယ်။ ခင်ဗျားတို့ အိမ်ကို ပြန်ချင်တာနဲ့ ပြန်။ သူတို့ မသိဘူး။ တိုင်း မှူးအမိန့် ဆိုပြီးတော့ ပြောတယ်” ဟု ဆိုသည်။
အဆိုပါ ဖမ်းဆီးခံရသည့် စက်လှေ ၉ စီးတွင် ရသေ့တောင်မြို့နယ်က ၇ စီး၊ ပုဏ္ဏားကျွန်းမြို့နယ်က ၁ စီး၊ ပေါက်တောမြို့နယ် က ၁ စီး ပါဝင်ပြီး စစ်တွေမြို့ အခြေစိုက် ခမရ ၂၃၂ တပ်ရင်းနှင့် အမြင့်ကျွန်းရဲစခန်းတို့ ပူးပေါင်း ဖမ်းဆီးခြင်း ဖြစ်ကာ စက်လှေမောင်းသူ ၉ ဦးကိုလည်း စစ်တွေမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်မှ စက်လှေပိုင်ရှင်တဦးကလည်း “ကျနော်တို့ စက်လှေတွေမှာ တရားမဝင် ပစ္စည်းတွေလည်း ဘာတခုမှ မပါဘူး။ စက်လှေကို အခုထိ ပြန်ယူလို့ မရဘူး။ ဖမ်းသွားတဲ့ စက်လှေမောင်းသမား ၉ ဦးကိုလည်း အခုထိ တွေ့ခွင့်မရဘူး။ နီးစပ်တဲ့လူတွေကတဆင့် ကျနော်တို့ စုံစမ်းကြည့်တော့ စက်လှေမှာ အသက်ကယ်အင်္ကျီ မတွေ့တဲ့အတွက် ရေကြောင်း ဥပဒေနဲ့ အမှုဖွင့်ဖို့ လုပ်နေတယ် ဆိုတာလောက်ပဲ သိရတယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသည့် စက်လှေ ၉ စီးထဲ စစ်တွေမြို့ကို အစည်းအဝေး လာတက်သော ရသေ့တောင်မြို့နယ် ဆရာဝန်ကြီးအား လာကြိုသည့် စက်လှေ ၁ စီးလည်း ပါဝင်ကြောင်း နီးစပ်သူများထံမှ သိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု လမ်းကြောင်းများအား ကန့်သတ်မှု များ ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းမှစပြီး ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် တကျော့ပြန်တိုက်ပွဲများ ပြန်လည် ဖြစ် ပွားခဲ့ရာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်များ အပါအဝင် မြောက်ပိုင်းမြို့နယ်များမှ ကုန်းလမ်း၊ ရေလမ်း များအား ရက်အကန့်အသတ်မရှိ လုံးဝ ပိတ်ဆို့ထားသဖြင့် ဒေသခံပြည်သူများ အနေဖြင့် ကုန်ဈေးနှုန်း မြင့်တက်ခြင်းနှင့် စားသောက်ကုန် ပြတ်လပ်ခြင်းတို့ ကြုံတွေ့နေရကြောင်း ဒေသခံများက ဆိုသည်။
ရသေ့တောင်မြို့ခံတဦးက “စစ်တပ်က အခုအတိုင်း လမ်းကြောင်း အားလုံးကို ပိတ်ထားတာက ဖြတ်လေးဖြတ် လုပ်နေ တယ် ဆိုတာထက် ပိုဆိုးတယ်။ သူတို့ ဗျူဟာက အငတ်ဘေးကြုံပြီး AA လည်းသေ၊ လူထုလည်းသေအောင် လုပ်နေတာ။ ထပ်တိုးလာတဲ့ စစ်ရှောင်တွေရော၊ အရင်ကတည်းက ရှိနေတဲ့ စစ်ရှောင်တွေကိုရော ရိက္ခာ လုံးဝ မပေးဘဲ ဖြတ်ထားတယ်။ အရင်တုန်းကတော့ နယ်ခံရွာသားတွေက တပိုင်တနိုင် ကူညီကြတယ်။ အခု လမ်းကြောင်းတွေကို ပိတ်ထားတဲ့အတွက် လူထုနဲ့ စစ်ရှောင်ဘဝက အတူတူ ဖြစ်နေတယ်” ဟု ဧရာဝတီကို ပြောသည်။
ထို့ပြင် အာဏာသိမ်း စစ်ကောင်စီက ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့အား ကုန်းလမ်း၊ ရေလမ်းများ ပိတ်ဆို့ထားသလို ဘိလပ်မြေ၊ ဓာတ်မြေသြဇာနှင့် ဆေးဝါးများ သယ်ယူခွင့်ကိုလည်း အကြောင်း ပြချက်မရှိ လုံးဝ ပိတ်ပင်ထားသည်။
ထိုသို့ ပိတ်ပင်ထားသဖြင့် အစိုးရဆေးရုံများနှင့် ပုဂ္ဂလိကဆေးဆိုင်များ၌ပင် ဆေးဝါးပြတ်လပ်ခြင်းနှင့် ဈေးနှုန်းများ အဆ မတန် မြင့်တက်ခြင်းများ ဖြစ်ပေါ်လျက် ရှိနေကြောင်းလည်း ကျန်မာရေးဝန်ထမ်းများက ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တာဝန်ကျနေသည့် တိုက်နယ်ဆရာဝန်တဦးက “ကျနော်တို့ ဆေးရုံအတွက် ခွဲတမ်းရတဲ့ ဆေးပစ္စည်းတွေကိုတောင် သယ်ယူလို့မရဘူး။ လူနာတွေကို ဆေးကုရင်တောင် ဆေးဝါးတွေကို ချွေတာပြီး သုံးနေရတယ်။ ၅၀၀ ကျပ်တန် ဆေး ၁ လုံးက အခုအပြင်ဆေးဆိုင်မှာ ၅၀၀၀ ပေးဝယ်ရတဲ့ထိ ဖြစ်နေတယ်။ ပြည်နယ်က လူကြီးတွေကို တင်ပြတော့လည်း ဘယ်သူမှ ခေါင်းမခံဘူး။ ဆေးဝါး မသယ်ရဆိုတဲ့ တရားဝင်လည်း စာထုတ်ထားတာ မရှိဘူး။ တရားဝင် စာထုတ်ရင် သူတို့ War Crime (စစ်ရာဇဝတ်မှု) ဝင်သွားနိုင်တဲ့အတွက် နယ်/လုံ ထောက်ခံချက်နဲ့ သယ်ယူခွင့်ပြုမယ် ဆိုတာမျိုး လုပ်ထားတယ်။ နယ်/လုံ လက်မှတ်ကို အောက်ခြေစစ်သားတွေက ဂရုတောင်မစိုက်ဘူး” ဟု ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်ကလည်း ဆေးရုံအတွက် လိုအပ်သော ဆေးဝါးများ သယ်ယူလာသည့် မြေပုံမြို့နယ် င/ပ သုန် တိုက်နယ်ဆရာဝန်တဦးကို စစ်ကောင်စီက ရက်သတ္တပတ် ၁ ပတ်ခန့်ကြာ ဖမ်းဆီးချုပ်နှောင်ခဲ့ပြီးနောက် ပြန်လွှတ်ပေး ခဲ့သော်လည်း စက်လှေပိုင်ရှင်မှာမူ လက်ရှိအချိန်ထိ ဖမ်းဆီး အမှုဖွင့်ခံထားရသည်။
You may also like these stories:
မောင်တောမြောက်ပိုင်း၌ စစ်တပ်က ပိတ်ဆို့ထားသဖြင့် ရိက္ခာပြတ်နေ
မြောက်ဦးက မောင်းဆွဲ ရွာသူ၊ ရွာသားများကို စစ်တပ်ဖမ်းဆီး
ဒဏ်ရာရ စစ်သားများ ပြန်ခေါ်ရန် AA ပြောသော်လည်း စစ်ကောင်စီ အကြောင်းမပြန်