ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ပွဲမှု ကြောင့် အသက် ၅၀ ကျော် အရွယ် ကျောင်းဆရာမ ၁ ဦး အပါအဝင် အရပ်သား ၃ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ် များ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ယနေ့ (အောက်တိုဘာလ ၁၇ ရက်) နေ့လယ်ပိုင်းက မင်းပြားမြို့နယ် ကြပ်စင်တံတားအနီးတွင် စစ်ကောင်စီ စစ် ကြောင်းတခု မိုင်းဆွဲ တိုက်ခိုက်ခံရသည့် နောက်ပိုင်း မင်းပြားအခြေစိုက် ခမရ ၃၈၀၊ ခမရ ၃၇၉၊ ခမရ ၅၄၁ တပ် ရင်းများမှ အရပ်သားများ နေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် တောက်လျောက် ပစ်ခတ်ခဲ့ခြင်း ဖြစ် ကြောင်း မင်းပြားမြို့နယ် ဒေသခံများက ဆိုသည်။
ထိုသို့ စစ်ကောင်စီတပ်မှ အရပ်သားများ နေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ယင်းမြို့နယ် ဖလောင်းပြင်၊ ထောင့်ချောင်းကြီး၊ ဘူးပင်၊ ဆင်အိုးပြင် စသည့် ကျေးရွာများအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲ ခဲ့ခြင်း ဖြစ်ကြောင်း ဖလောင်းပြင် ကျေးရွာသားတဦးက ပြောသည်။
၎င်းက “ထောင့်ချောင်းကြီးမှာ တာဝန်ကျနေတဲ့ ဆရာမ ၁ ဦး ပွဲချင်းပြီး သေတယ်။ ဖလောင်းပြင် ကျေးရွာက ညီအစ်မ ၂ ယောက် အခု ဆေးရုံမှာပဲ ဆုံးသွားတယ်။ နောက်ထပ် အမျိုးသား၊ အမျိုးသမီး ၁၃ ယောက် ဒဏ်ရရတယ်။ နောက် ထပ်လည်း ရှိနိုင်သေးတယ်။ အခုထိ လက်နက်ကြီး ပစ်တာ မရပ်သေးတော့ စာရင်း အသေးစိတ်ကို မရနိုင်သေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ သေဆုံးသွားသည့် ကျောင်းဆရာမ၏ ရုပ်အလောင်းကို ၎င်း၏ ဇာတိ မင်းပြားမြို့သို့ သယ်ဆောင်ရန်မှာ စစ် ကောင်စီတပ်များ လမ်းပိတ်ဆို့ထားသဖြင့် သယ်ဆောင်၍ မရသေးကြောင်း သိရသည်။
ထိုသို့ မင်းပြားမြို့နယ်အတွင်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် မြို့ပေါ်တွင်လည်း ယနေ့ နေ့လယ် ပိုင်း အချိန်တွင် ဈေးဆိုင်များနှင့် စာသင်ကျောင်းများကို ပိတ်ထားကြကာ အပြင် ထွက်ခြင်း မရှိတော့သဖြင့် တိတ်ဆိတ် ခြောက်ကပ်သွားကြောင်း မြို့ခံများက ပြောသည်။
မြို့ခံတဦးက “ဒီနေ့ စစ်တပ်က တပ်ရင်း ၃ ရင်းကနေ အရပ်လေးမျက်နှာကို လက်နက်ကြီးတွေနဲ့ မနားတမ်းကို လှမ်း ပစ်နေတယ်။ လက်နက်ကြီး ထုသံတွေကိုကြားတော့ မြို့ပေါ်မှာ ဈေးဆိုင်တွေရော၊ စာသင်ကျောင်းတွေမှာ ပိတ်လိုက်ကြတယ်။ အိမ်တွေကိုလည်း တံခါး ပိတ်ထားကြတယ်။ လမ်းမပေါ်မှာ လူတွေ တယောက်မှ မထွက်ရဲကြဘူး” ဟု ဧရာ ဝတီသို့ ပြောသည်။
ထောင့်ချောင်းကြီးရွာနှင့် တခြားကျေးရွာဒေသခံကို အသေးစိတ်အခြေအနေကို မေးမြန်းရာတွင် ပြေးလွှားနေရသည့် အခြေအနေနှင့် နာရေးကို စီစဉ်နေရသည့်အခြေအနေများကြောင့် ဖြေကြားနိုင်ခြင်း မရှိသလို ဧရာဝတီအနေဖြင့်လည်း ဒေသခံများ၏ ပြောဆိုမှုနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ သြဂုတ်ဆန်းပိုင်းကလည်းက တကျော့ပြန် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကာ စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အရပ်သား ၅ ဦး သေဆုံးက လူပေါင်း၂၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့သည်။
ရခိုင်အမျိုးသား ပါတီ (ANP) က စက်တင်ဘာလ၂၉ ရက်နေ့ ရက်စွဲဖြင့် မြန်မာ့တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် အရပ်သား သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့်အတူ လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။
လက်ရှိ အချိန်တွင်လည်း ဘူးသီးတောင်၊ မောင်တော အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်နှင့် AA တို့ ကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသလို စစ်တပ်က ပြည်နယ်အတွင်း ရေလမ်း၊ ကုန်းလမ်းများကို ကန့်သတ် ပိတ်ဆို့ထားသည့်အတွက် ကုန်ဈေးနှုန်းများလည်း အဆမတန် မြင့်တက်လာကာ ပြည်သူများစားဝတ်နေရေး ပိုမို ခက်ခဲ ကျပ်တည်းလာကြောင်း သိရသည်။
You may also like these stories:
စစ်တပ်ကို ရှုတ်ချသဖြင့် ANP ပါတီ သတိပေး ခံရ
တကျော့ပြန် ရခိုင်စစ်ပွဲကြားက မွတ်ဆလင်တွေ
ဒဏ်ရာရ စစ်သားများ ပြန်ခေါ်ရန် AA ပြောသော်လည်း စစ်ကောင်စီ အကြောင်းမပြန်