အဖမ်းခံထားရဆဲဖြစ်သည့် မြန်မာသမ္မတကို နိုင်ငံတကာအသိုက်အဝန်းနှင့် သံတမန်များက မေ့လျော့နေပုံရသည်။
ပြီးခဲ့သည့် သြဂုတ်လက နေပြည်တော်တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် မစ္စ နိုလင်းဟေဇာက ဖမ်းဆီးခံထားရသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ သြစတြေးလျ စီးပွားရေးအကြံပေး ဒေါက်တာ ရှောင်တန်းနဲလ်အကြောင်း မေးသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကိုယ်စားလှယ်များကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေးကို အကြိမ်ကြိမ် တောင်းဆိုကြသော်လည်း အသက် ၇၀ ရှိပြီဖြစ်သော ဦးဝင်းမြင့်အကြောင်း ပြောခဲလှသည်။
ဖမ်းဆီးခံထားရသော သမ္မတသည် စစ်ကောင်စီထံမှ များများစားစား မမျှော်လင့်နိုင်ပေ။
“ဒါတွေက ကျနော့်အတွက် အသစ်အဆန်းမဟုတ်ဘူး” ဟု ဦးဝင်းမြင့်က ကြားနာစစ်ဆေးမှုတခုတွင် ပြောခဲ့သည်။
သူသည် ယခင်ဖမ်းဆီးခံရစဉ် သားဖြစ်သူ သေဆုံးသောကြောင့် နက်ရှိုင်းသော စိတ်အမာရွတ် ရှိနေသူဖြစ်သည်။
ဦးဝင်းမြင့်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဝင်ပြိုင်ကာ ၁၉၉၀ ရွေးကောက်ပွဲမှစတင်ပြီး ရွေးကောက်ပွဲ ၄ ကြိမ် အနိုင်ရခဲ့သော်လည်း ထောင်များနှင့် သမ္မတရုံးတွင် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသူဖြစ်သည်။
ဦးဝင်းမြင့်ကို နေပြည်တော်မှ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသော်လည်း သူ၏ ဇနီး ဒေါ်ချိုချိုကိုပါ သူနှင့် အတူဖမ်းဆီးထားကြောင်း သိရသည်။
ထိုဇနီးမောင်နှံသည် ဧရာဝတီတိုင်းမှ ရွာငယ်တခုတွင် နေထိုင်ခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ တိုက်ခန်းငယ်တခုတွင် နေထိုင်ကာ နောက်ဆုံးတွင် သမ္မတအိမ်တော်သို့ ရောက်လာခဲ့သည်။
ဦးဝင်းမြင့်၏ မဲဆန္ဒနယ်ဖြစ်သော ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှ အမည်မဖော်လိုသည့် အမျိုးသမီးတဦးက ဦးဝင်းမြင့်သတင်းကို နားစွင့်နေကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“မီဒီယာသမားတွေက အမေစုအကြောင်း အဓိက ဖော်ပြပေမယ့် ကျမတို့က သမ္မတကြီးအကြောင်းလည်း သိချင်တယ်။ သမ္မတကြီး ကျန်းမာပါစေလို့ ကျမတို့ ဆုတောင်းတယ်” ဟု သူကပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုတွင် သမ္မတရုံး၌ ဖမ်းဆီးမှု အသေးစိတ်ကို ဦးဝင်းမြင့်က လွန်ခဲ့သော နိုဝင်ဘာလက နေပြည်တော်မှ တရားရုံးတွင် ပြောကြားခဲ့သည်။
ထိုနေ့နံနက်တွင် စစ်ဗိုလ်ချုပ်နှစ်ဦးသည် သမ္မတရုံးသို့ဝင်လာပြီး ဦးဝင်းမြင့်ကို ကျန်းမာရေး မကောင်းသောကြောင့် ဟုဆိုကာ ရာထူးမှ နုတ်ထွက်ခိုင်းသည်။
ထိုသို့ပြောကြားချက်သည် စစ်ကောင်စီက အကြိမ်ကြိမ်ပြောနေသော ဇာတ်လမ်းဖြစ်သည့် စစ်တပ်သည် အာဏာသိမ်းခြင်း မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အရေးပေါ်အခြေအနေ ကြေညာခြင်း ဖြစ်သည်ဆိုသည့် စကားနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
စစ်ကောင်စီသည် သမ္မတဦးဝင်းမြင့်ကို ကိုယ်စားပြုသည့် ရှေ့နေများအား ပြင်ပသို့ စကားပြောဆိုခွင့် ပိတ်ပင်ထားပြီး မီဒီယာများ၊ ပြည်ပသတင်းအေဂျင်စီများနှင့် စကားပြောခြင်းကိုလည်း ပိတ်ပင်ထားသည်။
ဦးဝင်းမြင့်ကို သူ၏လုပ်ဖော်ကိုင်ဘက်များနှင့် အမာခံ နိုင်ငံရေးသမားများက အသိအမှတ်ပြုကြသည်။ ဖမ်းဆီးခံထားရစဉ် မည်သည်တို့ လိုအပ်သနည်းဟု မေးသောအခါတွင်လည်း ဦးဝင်းမြင့်က မည်သည်မျှ မလိုကြောင်းပြောသည်။
“ဦးဝင်းမြင့်က အရမ်းကျန်းမာတယ်” ဟု သမ္မတကို လွန်ခဲ့သောလကတွေ့သည့် တရားရုံး သတင်းရင်းမြစ်မှ ရှေ့နေတဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ပိန်သွယ်သော ဒေါ်အောင်ဆန်းစုကြည်သည် ကိုယ်အလေးချိန် လျော့ကျသွားကြောင်းလည်း ထိုရှေ့နေက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် သူ၏ ၇၇ နှစ်မြောက် မွေးနေ့မှစတင်ပြီး နေအိမ်တွင် ဖမ်းဆီးထားရာမှ နေပြည်တော်မှ ထောင်တွင် သီးခြား ချုပ်နှောင်ထားသည်။
ဒေါ်ဆောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်သည် အဂတိလိုက်စားမှု စွဲချက်များကို ရင်ဆိုင်နေရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ဒဏ် ၂၆ နှစ် ချခံထားရပြီး ဦးဝင်းမြင့်သည် ကိုဗစ်နိုင်တင်း စည်းကမ်းချိုးဖောက်ခြင်းနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို မလျော်သြဇာသုံးသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ထောင်ဒဏ် ၅ နှစ် ချခံရသည်။
စစ်ကောင်စီသည် တရားခံများနှင့် တွေ့ဆုံခွင့် မပေးနိုင်ကြောင်းပြောပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတကာ အထူးသံတမန်များကို တွေ့ဆုံခွင့် မပေးပေ။
စစ်ကောင်စီ ဖန်တီးသော အကျပ်အတည်းများကို အဖြေရှာရန် နည်းလမ်းအဖြစ် သံတမန် အစည်းအဝေးများ မကြာခဏ ကျင်းပကြသော်လည်း ဦးဝင်းမြင့်ကိုမူ လျစ်လျူရှုထားကြသည်။
You may also like these stories :
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတ တို့အား ထောင်တွင်း၌ ရုံးထုတ်
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ပို့
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတအား ရွေးကောက်ပွဲဆိုင်ရာစွပ်စွဲချက်အမှု ပြန်ခေါ်သက်သေစစ်ဆေး
စစ်ကောင်စီ ဖမ်းဆီး စွပ်စွဲ ထောင်ချထားသည့် NLD အစိုးရ အဖွဲ့ဝင်များ
သမ္မတအပေါ် အဂတိဖြင့် တရားစွဲမှု ဥပဒေလုပ်ထုံးနှင့် မညီ၍ ကန့်ကွက်ချက် ပယ်ချခံရ