ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်၊ ထောင်ဝင်စာနှင့် ပစ္စည်းလက်ခံဌာနအတွင်း ယနေ့မနက် ၉ နာရီခွဲခန့်က ဗုံးနှစ်လုံးပေါက်ကွဲရာ ထောင်ဝန်ထမ်း၊ ထောင်ဝင်စာလာပို့သူ အရပ်သားများနှင့် ကလေးငယ် တဦးအပါအဝင် စုစုပေါင်း ၈ ဦးသေဆုံးခဲ့ကြောင်း ပေါက်ကွဲမှု ဖြစ်စဉ်အနီးအနားရှိနေသူတဦးက ပြောသည်။
ပေါက်ကွဲမှုဖြစ်စဉ်မှာ ထောင်ဝင်စာပစ္စည်းပါဆယ်ထုပ်မှ စတင်ပေါက်ကွဲကြောင်း လတ်တလောသိထားရပြီး ပေါက်ကွဲမှုဖြစ်ဖြစ်ချင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
မျက်မြင်တွေ့ရှိသူတဦးက “ပထမတကြိမ်က အသံအရမ်းကျယ်တယ်၊ ဗုံးတော်တော်လည်းကြီးတယ်ထင်တယ်၊ အဲဒီမှာ ဗုံးစတွေမှန်လို့ ဆုံးသွားတဲ့သူတွေ မျက်စိနဲ့မြင်ခဲ့တာ ၈ ဦးဆုံးတယ်၊ ၆ နှစ်၊ ၇ နှစ်အရွယ် ကလေးလေးတယောက်ပါတယ်၊ ဝန်ထမ်းဝတ်စုံနဲ့က နှစ်ယောက် ပါတယ်။ ပါဆယ်လာပို့တဲ့ အမှုသည်ရဲ့ မိသားစုဝင်တွေက ၅ ယောက်လောက်တွေ့တယ်။ အမျိုးသမီးတွေများတယ်။ အမှုသည်တွေရဲ့ အမေတွေပေါ့” ဟု ပြောသည်။
ပေါက်ကွဲမှုဖြစ်စဉ်တွင် ဗုံးစထိမှန်ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိနေသေးပြီး ၎င်းတို့အား အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။
ပေါက်ကွဲမှုဖြစ်ဖြစ်ချင်း သေနတ်ပစ်ခတ်မှုများမှာ ထောင်ဝင်ပေါက်ရှေ့ရှိ ဘန်ကာများအတွင်းမှ စစ်ကောင်စီတပ်သားများက ခြောက်လှန် ပစ်ခတ်သည့် သဘောသာဖြစ်ပြီး အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားမှုပုံစံမျိုး မဟုတ်ကြောင်းလည်း မှုခင်းဖြစ်ပွားရာအနီးအနားရှိနေသူတဦးက ပြောသည်။
၎င်းက “အင်းစိန်ထောင်ရှေ့က ဘန်ကာတွေပေါ်ကနေ ပစ်ခတ်တာတွေလုပ်၊ ကားလမ်းတဖက်ခြမ်းရဲ့ အဆောက်အဦး တွေပေါ် ကျည်ခွံတွေကျတယ်။ လေးငါးချက်လောက် နှစ်ခါပစ်တာ။ ဗုံးကို အပြင်ကနေ ပစ်သွင်းလိုက်တယ်ထင်လို့ ခြောက်ပစ်တာလားမသိဘူး” ဟု ပြောသည်။
လတ်တလော နီးစပ်သူများ၏ အတည်ပြုချက်အရ သေဆုံးသူအရပ်သားအမျိုးသမီးများထဲတွင် မင်္ဂလာဒုံမြို့နယ်မှ ဒေါ်သင်းသင်းချို ဆိုသူလည်း ပါဝင်ကြောင်း သိရသည်။
ဒေါ်သင်းသင်းချိုမှာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လအတွင်းက Air KBZ လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစီး၏ Pitot Tube အတွင်း သစ်ရွက်ခြောက်များ ထည့်သွင်းထားသည်ဖြစ်စဉ်တွင် ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုခံထားရသူတဦး၏ မိခင်ဖြစ်ပြီး ၎င်းအနေဖြင့် ယနေ့ရုံးချိန်း၌ သက်သေအဖြစ်ထွက်ဆိုရန် လာရောက်စဉ် ဗုံးပေါက်ကွဲမှုအတွင်း၌ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းအမှုနှင့် နီးစပ်သူတဦးကပြောသည်။
အခြားသော အရပ်သားသေဆုံးသူများထဲတွင် ကြည့်မြင်တိုင်မြို့နယ်မှ အမျိုးသမီးလည်းပါဝင်ကြောင်း သိရပြီး သေဆုံးသူများ၏ အချက်အလက်များအား ဆက်လက်အတည်ပြုစုံစမ်းနေဆဲဖြစ်သည်။
အဆိုပါပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ထောင်အား ပိတ်ဆို့ထားပြီး နေ့လည် ၁၂ နာရီကျော်အထိ ပြင်ပမှလာရောက်သူများအား ထောင်အတွင်း ဝင်ခွင့်မပြုသကဲ့သို့ ပေါက်ကွဲမှုမဖြစ်မီ ထောင်အတွင်းရောက်ရှိနေသည့် ရှေ့နေများ၊ အမှုသည်မိသားစုများအားလည်း ထောင်ပြင်သို့ ပြန်ထွက်ခွင့်မပေးသေးကြောင်း သိရသည်။
ယင်းအပြင် ပေါက်ကွဲမှုအပြီး ထောင်အနီးရှိနေသည့် ကားတစီးအား စစ်ကောင်စီတပ်ဖွဲ့များက မှန်ခွဲကာ အတွင်းမှပစ္စည်းအချို့အား သိမ်းဆည်းယူဆောင်သွားသော်လည်း မည်သည့်ပစ္စည်းများဖြစ်သည်ကိုမသိရသေးဘဲ ကားမှာလည်း ရှေ့နေတဦး၏ ကားဖြစ်ကြောင်း သတင်းများထွက်ပေါ်လျှက်ရှိနေသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများ၏ အချက်အလက်များနှင့် ဖမ်းဆီးခံရသူများရှိမရှိ အသေးစိတ်အား ဧရာဝတီက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ လက်ရှိတွင် ပေါက်ကွဲမှုမှာ မည်သည့်အဖွဲ့လက်ချက်ဖြစ်သည်ကို မသိရသေးပေ။
စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သေဆုံးသူများမှာ အကျဉ်းထောင်တပ်သား ကျော်ဇင်ဦး၊ ချစ်မိုးဝေနှင့် ပိုးအိဇံတို့ဖြစ်ကြပြီး အရပ်သားများအနေဖြင့် ဒေါ်သင်းသင်းချို၊ အသက် ၁၀ နှစ်အရွယ် မယွန်းမီမီကျော်၊ ဒေါ်သိန်းကြွယ်နှင့် စိစစ်ဆဲအမျိုးသမီးနှစ်ဦးတို့ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိခိုက်ဒဏ်ရာရသူများမှာ အကျဉ်းထောင်လက်ထောက်ကြီးကြပ်ရေးမှူး(၁) ဒေါ်သိင်္ဂီဝင်းမြင့်၊ အကျဉ်းထောင်တပ်သား ဇေယျာခင်စိုး၊ ထွန်းထွန်းနိုင်၊ သူရိန်ထွေး၊ သဒ္ဒါဖူးကိုကိုတို့ပါဝင်ပြီး ထောင်ဝင်စာလာရောက်ပို့ဆောင်သူ အသက် ၉ နှစ်ရွယ် မောင်ဖြိုးသူသျှံ(ခ)ပိုင်ပိုင်၊ ကိုရန်နိုင်၊ ကိုစည်သူအောင်၊ မောင်ပြည့်စုံဖြိုး၊ ကိုထက်နိုင်ထွန်းရှိန်၊ ဒေါ်ဇာခြည်လွင်(ခ) မလုံးစီ၊ မအေးစန္ဒာစိုး၊ ဒေါ်မျိုးပပဝင်း၊ မမေသွန်းနဒီနိုင်၊ ဒေါ်နော်ဝါးဖော၊ မဆွေသူအောင်၊ မဇင်မာဝင်း၊ ဒေါ်မိုးသီတာတို့အပါအဝင် စုစုပေါင်း ၁၈ ဦးဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
အင်းစိန်းထောင်ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့က သေဆုံးသူများထဲတွင် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများပါဝင်ခဲ့သည့်အပြင် ထောင်အတွင်းရှိနေသူများ၏ နေထိုင်မှု၊ ရိက္ခာ၊ ဆေးဝါးများရရှိမှုအပေါ် စစ်ကောင်စီက ပိုမိုတင်းကြပ်စွာထိန်းချုပ်လာနိုင်သည့်အတွက် ဗုံးထောင်သည့် လုပ်ရပ်အပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သတင်းထုတ်ပြန်သည်။
၎င်းတို့က “ စစ်ကောင်စီဆိုတာ ကျနော်တို့ အပြင်းအထန်တိုက်ခိုက်ရမယ့် ရန်သူများဖြစ်သည်။ သို့သော် ဆင်ခြင်တုံတရားအားနည်းမှုကြောင့် ဖြစ်ပေါ်လာသည့် တိုက်ခိုက်မှုများဟာ ကိုယ့်ဘက်ကိုယ်ပါ ထိခိုက်လာနိုင်ကြောင်း မူလအစကပင် လေ့လာသင့်ပေသည်။ ထိုသို့မဟုတ်ဘဲ စစ်ကောင်စီ လက်အောက်ခံ သွေးသောက်အဖွဲ့၊ ပျူစောထီးအဖွဲ့များရဲ့ လုပ်ရပ်များလည်း ဖြစ်နိုင်ပေသည်” ဟု ဆိုထားသည်။
အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍လည်း ကျူးလွန်သူများအနေဖြင့် ကိုယ့်အမှားကိုယ်ဝန်ခံရန်နှင့် တော်လှန်ရေးအလွန်ကာလတွင် အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုအား ရဲရဲဝင့်ဝင့်ပြစ်ဒဏ်ခံယူရန်လည်း ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့က တောင်းဆိုထားသည်။
You may also like these stories:
အင်းစိန်ထောင် ပေါက်ကွဲမှု ဝန်ထမ်းများအပါ ထိခိုက်သေဆုံးမှုများရှိ
ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါ ၄ ဦး၏ ရုပ်အလောင်းများ ထုတ်ပေးရန် ထောင်အာဏာပိုင်များ ငြင်းဆို
အင်းစိန်ထောင် ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် စစ်ဆေးမှုများတင်းကျပ်