ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာအတွင်း ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က လက်နက်ကြီးကျည် ကျကာ ပေါက်ကွဲရာ ၁၄နှစ်အရွယ် သတ္တမတန်းကျောင်းသူတဦး ပွဲချင်းပြီး သေဆုံးကြောင်း သိရသည်။
ပစ်ခတ်မှုကို ပြိန်းတောရွာနှင့် ၄ မိုင်ခန့် ဝေးသည့် စစ်ကောင်စီ၏ ရေစိုးချောင်း ဗျူဟာကုန်းမှ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ သေဆုံးသူ မငြိမ်းငြိမ်းစံမှာ ရွာတွင်း လက်နက်ကြီးကျည် ကျစဉ် နေအိမ်မှ ထွက်ပြေးရာမှ ထိမှန်ခြင်းဖြစ်ကြောင်း ဒေသခံများ အဆိုအရ သိရသည်။
“တိုက်ပွဲလည်း မရှိဘူး။ ရေစိုးချောင်းဗျူဟာကနေ လှမ်းပစ်တာ။ လက်နက်ကြီး ၄ လုံးမှာ ၃ လုံးက ရွာပြင်ကိုကျတယ်။ လက်နက်ကြီး ရွာကိုလှမ်းပစ်နေတယ်ဆိုပြီး အိမ်ကနေ ထွက်ပြေးကြတဲ့ အချိန် နောက်တကြိမ် ပစ်လိုက်တဲ့ လက်နက်ကြီး က ရွာထဲကို လာကျပြီးတော့ ၇ တန်း ကျောင်းသူကို မှန်တာ” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
အဆိုပါ စစ်ကောင်စီအထိုင်ချထားသည့် ရေစိုးချောင်းဗျူဟာကုန်းကို ရက္ခိုင့် တပ်တော် (AA ) တပ်ဖွဲ့ဝင်များက လမ်း ကြောင်း ပိတ်ထားရာ ယင်းဗျူဟာကုန်းမှနေ၍ နေ့စဉ်လိုလို ဦးတည်ရာမရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိကြောင်း ၊ ယနေ့တွင်လည်း အလားတူပစ်ခတ်ခဲ့ပြီး အရပ်သားများ နေထိုင်ရာ ကျေးရွာများထိပါ ပစ်ခတ်လာခြင်း ဖြစ်ကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။
စစ်ကောင်စီက ပစ်ခတ်သည်ဆိုသော ဒေသခံများ၏ ပြောဆိုချက်နှင့် ပတ်သက်၍ ဧရာဝတီအနေဖြင့် သီးခြား အတည်ပြု ချက် ရယူနိုင်ခြင်း မရှိသေးပါ။
လက်ရှိအခြေအနေတွင် ပစ်ခတ်မှု ငြိမ်သွားသောကြောင့် သေဆုံးသွားသည့် မငြိမ်းငြိမ်းစံ၏ ရုပ်အလောင်းအား ကောက်ယူ နိုင်သော်လည်း ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးသွားကြသည့်အတွက် သဂြိုဟ်ရန် အခက်ကြုံ နေရသလို လူစု လူဝေး မြင်လျှင် နောက်တကြိမ် လှမ်းပစ်မည်ကိုလည်း စိုးရိမ်နေရကြောင်း ကျေးရွာအတွင်း ကျန်ရှိနေသည့် ဆွေမျိုး များက ပြောသည်။
ထို့ပြင် ယနေ့အောက်တိုဘာလ ၁၉ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် ကျောက်တော်မြို့အဝင် ကစ္ဆပနဒီတံတား အနီးတွင် စစ်ကောင်စီတပ်နှင့် AA တပ်ဖွဲ့ဝင်များအကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေကြသည့်အတွက် မြို့ဝင် တံတားအနီး တွင် သေနတ်သံများ ဆူညံလျှက် ရှိကြောင်းလည်း ကျောက်တော်မြို့ခံများထံမှ သိရသည်။
အောက်တိုဘာလ ၁၇ ရက် နေ့လည်ပိုင်းကလည်း မင်းပြားမြို့ အခြေစိုက် ခမရ (၃၈၀)၊ ခမရ (၃၇၉)၊ ခမရ ( ၅၄၁ ) တပ်ရင်းများမှ အရပ်သားနေထိုင်ရာ ရွာများသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်သည့်အတွက် ထောင့် ချောင်းကြီး၊ ဖလောင်းပြင်၊ ဘူးပင် စသည့်ကျေးရွာများသို့ ကျရောက် ပေါက်ကွဲပြီး ကျောင်းဆရာမ ၁ ဦး အပါအဝင် ၃ ဦသေဆုံးကာ ၁၄ ဦး ထိခိုက် ဒဏ်ရာ များ ရရှိခဲ့သလို ယင်းနေ့ ညနေပိုင်းကလည်း ကျောက်တော်မြို့ဝင် ကစ္ဆပနဒီ တံတားနားတွင် တပ်စွဲနေထိုင် သည့် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တံတားအနီး ပိုက်သည် ရပ်ကွက်မှ မွတ်ဆ လင် အမျိုးသမီး ၁ ဦး ကျန်ဆန် ထိမှန်သေဆုံးခဲ့သည်။
You may also like these stories:
မင်းပြား၌ လက်နက်ကြီးကြောင့် ၃ ဦး သေဆုံး၊ ၁၄ ဦး ဒဏ်ရာရ
စစ်တပ်ကို ရှုတ်ချသဖြင့် ANP ပါတီ သတိပေး ခံရ