ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်၏ ထောင်ဝင်စာ ပါဆယ်လက်ခံဌာနတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယနေ့ နေ့လယ်ပိုင်းမှစ၍ မန္တလေးဗဟို အကျဉ်းထောင် (အိုးဘို)၏ ထောင်ဝင်စာ ပါဆယ်ပေးပို့မှုကို ပိတ်လိုက်ကြောင်း အကျဉ်း ဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
ယနေ့ နံနက် ၉ နာရီခွဲခန့်က ဖြစ်ပွားသည့် အင်းစိန်ဗဟိုအကျဉ်းထောင်၏ ထောင်ဝင်စာနှင့် ပါဆယ်ပစ္စည်း လက်ခံဌာန အတွင်း ဗုံးပေါက် ကွဲမှုတွင် ထောင်ဝန်ထမ်း ၃ ဦးနှင့် ထောင်ဝင်စာလာပို့သည့် အရပ်သားများ အပါအဝင် စုစုပေါင်း ၈ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူများလည်း ရှိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
မဟာအောင်မြေမြို့နယ်မှ ထောင်ဝင်စာပေးပို့နေသူ တဦးက “မနက်ပိုင်းက ထောင်ဝင်စာ ပို့တာတွေကို လက်ခံပေးသေး တယ်။ နေ့လယ်ပိုင်းမှ လက်မခံတော့ဘဲ ပိတ်လိုက်တာ။ ဘာအကြောင်းပြချက်နဲ့ ပိတ်တယ် ဆိုတာတော့ မသိရဘူး။ ပြီး တော့ ဘယ်နေ့အထိ ပိတ်မယ်ဆိုတာလည်း မသိခဲ့ရဘူး၊ အိမ်က ညီက ၅၀၅ နဲ့ ထောင်ကျနေလို့ ဗုဒ္ဓဟူးနေ့တိုင်း ပါဆယ်ပို့ နေကျ။ အခုတော့ ဒီအတိုင်း ပြန်ခဲ့ရတယ်” ဟု ဧရာဝတီကို ပြောသည်။
မန္တလေးမြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက အင်းစိန်ထောင်ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို) တွင်လည်း ထောင်ဝင်စာ ပါဆယ်ပေးပို့ခြင်း ကို လက်မခံတော့ဘဲ ရက်အကန့်အသတ်မရှိ ပိတ်ပင်ခဲ့ခြင်း ဖြစ်နိုင် ကြောင်း၊ ထိုသို့ ထောင်ဝင်စာ ပါဆယ်ပေးပို့မှုအား ပိတ်လိုက်သည့်အတွက် ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားအားလုံး အစားအစာနှင့် ဆေးဝါး စသည့် ခက်အခဲများ ရင်ဆိုင်ရနိုင်ကြောင်း ပြောသည်။
၎င်းက “ထောင်ထဲမှာ နေရတဲ့သူတွေက မိသားစုက ပေးပို့တဲ့ ထောင်ဝင်စာကို အဓိက အားထားနေကြရတာ။ အချို့ နိုင်ကျဉ်းတွေဆိုရင် စီးပွားရေး အခက်အခဲကြောင့် မိသားစုက ထောင်ဝင်စာ ပုံမှန်မပို့နိုင်တာတွေ ရှိတယ်။ အဲဒီတော့ ထောင်ဝင်စာ လာနိုင်သူတွေက အချင်းချင်း ဝေမျှနေကြရတာမျိုးတွေ ရှိတယ်။ အခုလို ထောင်ဝင်စာ ပါဆယ်တွေ လက် မခံဘဲ ပိတ်လိုက်တာက ဖိနှိပ်မှုပဲ။ အခုက အပြင်လောက၊ မိသားစုနဲ့ပါ အဆက်ဖြတ်ခံထားရတဲ့အပြင် ထောင်ဝင်စာ ပါဆယ်ပါ ပိတ်လိုက်တယ် ဆိုတာကတော့ အလွန်ဆိုးရွားတဲ့ကိစ္စ ဖြစ်တယ်လို့ပဲ မြင်တယ်” ဟု ဆိုသည်။
မန္တလေးအိုးဘိုထောင်တွင် ကိုဗစ်-၁၉ ကာလမှစ၍ ယနေ့တိုင် ထောင်ဝင်စာတွေ့ခွင့်ကို ပိတ်ထားခဲ့ပြီး ပါဆယ်ပေးပို့မှုကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ၁ ရက်လျှင် ၂ ကြိမ် လက်ခံပေးနေခြင်း ဖြစ်ပြီး၊ လက်ရှိတွင် အိုးဘိုထောင် ပတ်ဝန်းကျင်၌ လုံခြုံရေး အထူးတလည် တင်းကျပ်ထားခြင်းမျိုး မရှိသေးကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းက အာဏာရှင်စနစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများကို စစ်ကောင်စီက နည်းမျိုးစုံဖြင့် အကြမ်းဖက် နှိပ်ကွက်နေသလို ဖမ်းဆီးခံရသူများကိုလည်း စစ်ကြောရေးစခန်းနှင့် အကျဉ်းထောင်များ အတွင်း၌ ဖိနှိပ်မှုများ ပြုလုပ်လျက်ရှိရာ အိုးဘိုထောင်ဟု လူသိများသည့် မန္တလေးဗဟိုအကျဉ်းထောင်သည်လည်း အပါအဝင် ဖြစ်သည်။
မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို) သည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်း၌ တည်ရှိပြီး အကျဉ်းသားဦးရေ ၇၀၀၀ ခန့်ထိ ရှိကာ အမျိုးသားအကျဉ်းသားအဆောင် ၁၊ ၂၊ ၃၊ အမျိုးသမီး အကျဉ်းသားအဆောင် ၁ ဆောင်၊ ဆေးရုံ၊ အလုပ်ရုံ၊ အချုပ်ဆောင် ၁၊ ၂၊ ၃၊ တိုက်ဆောင်၊ သီးသန့်ဆောင်နှင့် ထပ်မံ ဆောက်လုပ်ထားသော ၃ ထပ်ဆောင်များ ရှိကြောင်း သိရသည်။
You may also like these stories:
နိုင်ငံရေး အကျဉ်းသားများကို ပစ်မှတ်ထား ဖိနှိပ်နေသည့် အိုးဘိုထောင်
အိုးဘိုထောင်၌ အမှုရင်ဆိုင်ဆဲ အမျိုးသမီး နိုင်/ကျဉ်းများ ညှဉ်းပန်းနှိပ်စက်ခံနေရ
အင်းစိန်ထောင် ပေါက်ကွဲမှု ၈ ဦးသေဆုံး၊ အရပ်သားများလည်းပါဝင်