မြန်မာလေတပ်သည် ၎င်းတို့ကို အဓိက လက်နက်ရောင်းချနေသည့် တရုတ်နိုင်ငံမှ FTC-2000G တာလတ် ဂျက်တိုက်လေယာဉ် အများအပြား မှာယူထားသည်။
လေတပ်လေယာဉ်မှူး ၈ ဦး၊ အင်ဂျင်နီယာ ၈ ဦးနှင့် စစ်လက်နက်ပစ္စည်းဆိုင်ရာ အရာရှိ ၂ ဦးတို့သည် ပြီးခဲ့သည့် ဇွန်လတွင် ကူမင်းမှတဆင့် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း ဧရာဝတီက သိရသည်။
တရုတ်နိုင်ငံတွင် ကိုဗစ်နိုင်တင်းနှင့် ပတ်သက်သည့် တင်းကျပ်သော စည်းကမ်းများ ရှိသောကြောင့် မြန်မာလေတပ်အဖွဲ့သည် ကူမင်းတွင် သီးခြားနေထိုင်ရသည်။ ထိုလေယာဉ်မှူးများသည် မြန်မာလေတပ်မှ F-7 ကြားဖြတ် တိုက်ခိုက်ရေး လေယာဉ်များ၊ A-5 ဗုံးကြဲလေယာဉ်များ၊ K-8 W အမောင်းသင်လေယာဉ်များနှင့် အပေါ့စား တိုက်ခိုက်ရေး ဂျက်တိုက်လေယာဉ်များကို မောင်းနှင်သူများဖြစ်သည်ဟု သိရသည်။
အသစ်ရောက်လာမည့် ဂျက်တိုက်လေယာဉ်များကို မြန်မာလေတပ်မှ သက်တမ်းအိုမင်းနေသည့် F-7s နှင့် A-5s လေယာဉ်များနေရာတွင် အစားထိုးမည်ဖြစ်သည်။ ထိုလေယာဉ်များ ရောက်ရှိလာပါက ရှမ်းပြည်နယ်၊ နမ့်ဆမ်တွင် ဖြန့်ကြက်ထားမည်ဟု ထိုကိစ္စကို သိရှိသော သတင်းရင်းမြစ်များက ပြောသည်။
ဘေဂျင်းနှင့် နေပြည်တော်အကြား ထိုကိစ္စကို မည်သည့်အချိန်က သဘောတူခဲ့သည်ကို မသိရပေ။ တရုတ် ဂျက်တိုက်လေယာဉ်များ ဝယ်ယူခြင်းကို ၂၀၂၀ ပြည့်နှစ်က စတင်ခဲ့ခြင်း ဖြစ်နိုင်သော်လည်း လေယာဉ်များ ပေးပို့ခြင်းနှင့် လေယာဉ်မှူးများ လေ့ကျင့်ပေးခြင်းသည် ကိုဗစ်နိုင်တင်းနှင့် တရုတ်၏ တင်းကျပ်သော ရောဂါထိန်းချုပ်ရေး အစီအမံများကြောင့် နှောင့်နှေးခဲ့သည်။
FTC-2000G ဂျက်တိုက်လေယာဉ်များသည် တရုတ်နိုင်ငံပိုင် အာကာသနှင့် ကာကွယ်ရေးပစ္စည်းလုပ်ငန်းဖြစ်သော တရုတ်လေကြောင်း စက်မှုကော်ပိုရေးရှင်း (AVIC) ၏ ကြီးကြပ်မှုဖြင့် Guizhou လေကြောင်း စက်မှုကော်ပိုရေးရှင်း (GAIC) က ထုတ်လုပ်သော ဘက်စုံသုံး လေ့ကျင့်ရေးနှင့် တိုက်ခိုက်ရေး လေယာဉ်များ ဖြစ်သည်။
ထိုလေယာဉ်များသည် တရုတ်လေတပ်နှင့် တရုတ်ရေတပ်တွင် အသုံးပြုနေသည့် လေ့ကျင့်ရေးနှင့် တိုက်ခိုက်ရေး လေယာဉ်များဖြစ်သော Guizhou JL-9 ၏ ပြည်ပတင်ပို့နေသည့် အမျိုးအစားဖြစ်သည်။
ထိုနှစ်ယောက်စီး ဂျက်တိုက်လေယာဉ်သည် တိုက်ခိုက်ရေးအတွက် လေ့ကျင့်ရေးနှင့် တိုက်ပွဲဝင် လေယာဉ်အမျိုးအစား ဖြစ်သည်။
၎င်းကို လေယာဉ်မှူးများ လေ့ကျင့်ပေးရာတွင် အသုံးပြုနိုင်သလို လေကြောင်းထောက်လှမ်းရေး၊ ကင်းလှည့်ခြင်း၊ စစ်မြေပြင်ထောက်လှမ်းရေး၊ အီလက်ထရွန်းနစ်စစ်ဆင်ရေး၊ လေကြောင်းအနီးကပ် အကူအညီနှင့် လိုက်ပါစောင့်ကျပ်သော လုပ်ငန်းများတွင် အသုံးပြုနိုင်သည်။
တရုတ်နိုင်ငံသည် အရှေ့တောင်အာရှမှ နိုင်ငံတနိုင်ငံသို့ လေယာဉ်များ ရောင်းချရန် စီစဉ်နေသည်ဆိုသည့် သတင်းများ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် ကမ္ဘောဒီးယားနှင့် တရုတ် ဂလိုဘယ်တိုင်းမ် သတင်းစာတို့တွင် ထွက်ပေါ်လာခဲ့သည်။ လေယာဉ်အရေအတွက် မည်မျှရောင်းချမည်ကို မသိရဘဲ ထိုသဘောတူညီချက်ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် လက်မှတ်ရေးထိုးပြီး ၂၀၂၁ ခုနှစ် အစောပိုင်းတွင် စတင်ပေးပို့ကာ နှစ်နှစ်အတွင်း ပေးပို့မှုအပြီး လုပ်ဆောင်မည်ဟုဆိုသည်။
အဆိုပါ ဂျက်တိုက်လေယာဉ်တစင်း၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ သန်းဝန်းကျင် ဖြစ်သည်။
ဝယ်ယူသည့် နိုင်ငံများသည် မြန်မာနှင့် ကမ္ဘောဒီးယား ဖြစ်နိုင်ကြောင်း သတင်းများက ဖော်ပြပြီး ထိုနှစ်နိုင်ငံလုံးသည် တရုတ်နှင့် နိုင်ငံရေး၊ စစ်ရေး နီးစပ်သောနိုင်ငံများ ဖြစ်သည်။
လူသိများသော ကြားခံလူ
ထိုလေယာဉ်များ ရောင်းချရာတွင် ပါဝင်ပတ်သက်သောလုပ်ငန်းမှာ Gateways Hong Kong Ltd ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ အဓိကကျသည့် လက်နက်ပွဲစားဖြစ်သော Gateways Hong Kong Ltd သည် F-7 နှင့် A-5 လေယာဉ် အပိုစ္စည်း အစိတ်အပိုင်းများ ဝယ်ယူရာတွင်လည်း ပတ်သက်နေသည့်လုပ်ငန်း ဖြစ်သည်။
မြန်မာစစ်တပ်ကို အဓိက လက်နက်ရောင်းချနေသည့် ဒေါက်တာ နိုင်ထွဋ်အောင်သည် ယခင်အာဏာရှင် ဦးသန်းရွှေ စစ်အုပ်စုကို အဓိက လက်နက်ရောင်းချသူလည်း ဖြစ်ခဲ့သည်။
ရန်ကုန်အခြေစိုက် International Gateways Group of Companies Ltd ၏ ဒါရိုက်တာအဖြစ် မှတ်ပုံတင်ထားသော ဒေါက်တာ နိုင်ထွဋ်အောင်သည် လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင် အဆက်ဆက်နှင့် ရင်းနှီးသူဖြစ်ကြောင်း သတင်းရင်းမြစ်များက ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ နိုင်ထွဋ်အောင်သည် ရေတပ်နှင့် လေတပ်အတွက် လက်နက်များ၊ အပိုပစ္စည်းများ၊ အဆင့်မြှင့်တင်မှုများအတွက် အဓိက ဝယ်ယူပေးသူဖြစ်ပြီး တရုတ်နိုင်ငံပိုင် လက်နက်ထုတ်လုပ်သူများ၏ ကိုယ်စားလှယ်ဖြစ်ကြောင်း စစ်တပ်၏ စီးပွားရေးလုပ်ငန်းများကို လေ့လာစောင့်ကြည့်နေသည့် လူ့အခွင့်အရေးအဖွဲ့ Justice for Myanmar (JFM) က စစ်တပ်အဆက်အသွယ်ရှိသော ပုဂ္ဂလိက သတင်းရင်းမြစ်များကို ကိုးကားဖော်ပြသည်။
သူသည် မြန်မာလေတပ်အတွက် ၂၀၁၅ ခုနှစ်က ပါကစ္စတန်မှ JF-17 Thunder တိုက်လေယာဉ်များ ဝယ်ယူရာတွင်လည်း ကြားခံလူဖြစ်ပြီး မြန်မာကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု ညွှန်ကြားရေးမှူးရုံးနှင့် China National Aero-Technology Import and Export Corporation တို့အကြား K-8 ဂျက်အမောင်းသင်နှင့် တိုက်ခိုက်ရေးလေယာဉ်များ မြန်မာတွင် ထုတ်လုပ်ရေး ဖက်စပ်လုပ်ငန်းတွင်လည်း အဓိကကျသူဖြစ်သည်။
ဒေါက်တာ နိုင်ထွဋ်အောင်၏ စီးပွားရေးလုပ်ငန်းများဖြစ်သော Gateways International Holding Company နှင့် International Gateways Group of Companies တို့သည် Myanmar Consultancy နှင့်တူညီသော လိပ်စာဖြင့် ၂၀၂၀ ပြည့်နှစ်အထိ မှတ်ပုံတင်ထားသည်။
You may also like these stories:
မြန်မာစစ်လက်နက် တင်သွင်းသူများအား အရေးယူရန် စင်ကာပူကို တောင်းဆို
မြန်မာ့စစ်လက်နက်ပွဲစား ဒေါက်တာနိုင်ထွဋ်အောင်
ရုရှား ဂျက်တိုက်လေယာဉ်သစ်များ စစ်ကောင်စီထံ ထပ်ရောက်လာမည်
စစ်သားတွေ ပျော်ဖို့ ငွေဖြုန်းပြီး လက်နက်တွေ တပ်ဆင်
SU-30 ဂျက်တိုက်လေယာဉ် နှစ်စီး စစ်ကောင်စီထံ ရုရှား ပေးပို့ထား