စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျဆင်းမှုများကြောင့် ပြည်တွင်း၌ အလုပ်အကိုင်အခွင့် အလမ်းရှားပါးလာ၍ အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ်သော အိုမန် နှင့် ယူအေအီး နိုင်ငံများသို့ သွား ရောက် အလုပ်လုပ်ကိုင်ကြသော မြန်မာအမျိုးသမီးများသည် လုပ်ငန်းခွင်အခက်အခဲများ ကြုံတွေ့နေရကြောင်း ဧရာဝတီသတင်းဌာနက စုံစမ်းသိရှိရသည်။
အိုမန်နိုင်ငံတွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည့် မခင်အိအိဇာက “မနက် ၅ နာရီလောက် ထရပြီး ည ၁၀ နာရီကျော်မှ အလုပ်ကပြီးတယ်။ ထမင်းကျွေးတော့ နေ့လည်စာ တနပ်ပဲ ကျွေးတာ။ အလုပ်က အရမ်းပင်ပန်းပြီး အစာရေဆာ သေချာမ၀တော့ ကျမ မလုပ်နိုင်တော့လို့ ထွက်ပြေးခဲ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။
သူသည် ပြီးခဲ့သည့် စက်တင်ဘာလလယ်ပိုင်းက အိုမန်နိုင်ငံသို့ အိမ်အကူအဖြစ် သွားရောက် လုပ် ကိုင်ခဲ့သူဖြစ်သည်။ ရောက်ပြီးတလဝန်းကျင်မှာပင် အလုပ်ပင်ပန်းမှုဒဏ်ကြောင့် အလုပ်မှထွက်ပြီး မြန်မာနိုင်ငံ သို့ ပြန်ရန် ကြိုးပမ်းခဲ့သော်လည်း လက်ရှိအချိန်ထိ အိုမန်နိုင်ငံတွင်ပင် ဆက်လက်ရှိနေဆဲ ဖြစ်သည်။
မခင်အိအိဇာက “သုံးထပ်အိမ်ကြီး ၁ ခုလုံးကို ကျမတယောက်တည်းခန့်ထားပြီး အလုပ်လုပ်ခိုင်းတာ၊ ကျမ ဘယ်လိုမှ မလုပ်နိုင်ဘူး။ သူတို့က ကျမ ပတ်စပို့(စ်)ကိုလည်း သိမ်းထားတယ်၊ ပြန်မယ်ဆိုရင် သိန်း ၆၀ လျော်ပေးပြီးမှ ပြန်ရမယ်လို့ ပွဲစားက ပြောတယ်” ဟု ပြောသည်။
ယခုနှစ်ပိုင်းတွင် ပြည်တွင်း၌ စီးပွားရေးကျပ်တည်းနေခြင်းကြောင့် ငွေကြိုပေးစရာမလိုဘဲ လုပ်ခ လစာ ကျပ် ၁၀ သိန်း ဝန်းကျင်ရရှိမည့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အိမ်အကူ အဖြစ် သွားရောက် လုပ်ကိုင်မှုများ မြင့်တက်လာသည်။
သို့သော်လည်း အလုပ်ချိန်ကျော်လွန်လုပ်ဆောင်ရခြင်း၊ အစားအသောက်၊ နေထိုင်မှုပုံစံမတူခြင်းနှင့် အခန်းတွင်းပိတ်လှောင်ထားခြင်းများ အပါအဝင် အလုပ်ရှင်နှင့်ပွဲစားများ၏ ညှင်းပန်းနှိပ်စက်မှုများ ကြောင့် အိုမန် နှင့် ယူအေအီး (ဒူဘိုင်းမြို့) တွင် အိမ်အကူ အဖြစ် သွားရောက်လုပ်ကိုင်နေကြသော မြန်မာအမျိုးသမီး ၁၀၀ ဝန်းကျင်သည် ၎င်းတို့ အလုပ်လုပ်ကိုင်နေသော နေအိမ်များမှ ထွက်ပြေးပြီး တောင်းရမ်းစားသောက်နေရသည့် အခြေအနေ များနှင့် ရင်ဆိုင်နေရကြောင်း လွတ်လပ်သော အာရှအသံ (RFA) မြန်မာပိုင်း သတင်းဌာနက ပြီးခဲ့သည့် ရက်ပိုင်းက သတင်းရေးသားထားသည်။
၎င်းတို့၏ နိုင်ငံကူးလက်မှတ်များကို ပွဲစားများက သိမ်းယူထားခြင်းကြောင့် တရားမဝင်နိုင်ငံ ခြားသားများအဖြစ် ပုန်းကွယ်နေထိုင်ကြရလျက်ရှိသည်။ ထို့ပြင် အိုမန်နိုင်ငံတွင် မြန်မာသံရုံး မရှိခြင်းကြောင့် တစုံတရာပြသနာဖြစ်လာပါက ဆက်သွယ် အကူအညီတောင်းခံနိုင်ခြင်းလည်း မရှိပေ။
အိုမန်နိုင်ငံတွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသော မသိရီ (အမည်လွဲ) က “ကျမတို့ ဒီအကြောင်းတွေ ကြားနေရတယ်။ တချို့ကကျတော့လည်း တကယ်ကို နှိပ်စက်ခံရတာတို့၊ ပင်ပန်းတာတို့ကြောင့် ထွက်ပြေးကြတာပေါ့။ တချို့ကကျတော့လည်း အိမ်အကူအလုပ်ကို ပေါ့ပေါ့လေးတွေးပြီး ရောက်လာကြတော့ ဒီရောက်ပြီးတော့ မလုပ်နိုင်မကိုင်နိုင်ဖြစ်ပြီး မြန်မာကို ပြန်ဖို့ လုပ်ကြတာပေါ့” ဟု ဧရာဝတီ သို့ပြောသည်။
မသိရီ (အမည်လွဲ) သည် အိုမန်နိုင်ငံတွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသည်မှာ ၁ နှစ်နီးပါး ရှိနေပြီ ဖြစ်သည်။
၎င်းက ဆက်၍ “ ဒီမှာက လူချမ်းသာတွေကြီးဆိုတော့ သူတို့အိမ်တွေက အကြီးကြီးတွေ၊ ကျမတို့လည်း စစရောက်ချင်းမှာ အရမ်းခိုင်းခံရတာ၊ တလကျော်လောက်အထိ တော်တော်ပင်ပန်းခဲ့တယ်။ နောက်ပိုင်းကျမှ အဆင်ပြေတာ။ အခုဖြစ်တဲ့ ပြဿနာတွေမှာက တချို့ကကျတော့ အင်္ဂလိပ် စာကိုလည်း သေချာမပြောတတ်ကြတော့ သူဌေးပြောတာတွေ နားမလည်၊ အဲဒီမှာ သူဌေးတွေက စိတ်ဆိုးတာတို့၊ အစားအသောက်ကိစ္စတွေမှာလည်း မပြောရဲမဆိုရဲဖြစ်တော့ မပြောဘဲ အငတ်ခံကြတဲ့ သူတွေလည်း ရှိတယ်” ဟု ပြောသည်။
ပွဲစားများ၏ စကားကို ယုံပြီး မိမိလုပ်ကိုင်ရမည့် အလုပ်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို သေချာမစုံစမ်းမှုများကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ အိမ်အကူအဖြစ် သွားရောက် အလုပ်လုပ် ကိုင်ပြီး အခက်အခဲကြုံတွေ့နေရသူ ၂၀ ဝန်းကျင်၏ အကူအညီတောင်းခံမှုများကို ရရှိထားကြောင်း အလုပ်သမားအရေးဆောင်ရွက်ပေးနေသော သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်(STUM)ထံမှ သိရသည်။
STUM မှ တာဝန်ရှိသူ မမျိုးမျိုးအေးက “သူတို့မှာ စာချုပ်အတိအကျမရှိဘူး။ ဘယ်အေးဂျင့်က လွှတ်တာလဲဆိုတာတောင် သူတို့ မသိကြဘူး။ အေးဂျင့်က လွှတ်လိုက်တဲ့ ပွဲစားတွေကိုပဲ သူတို့သိတယ်။ အများစုက သူများနိုင်ငံကို အလုပ်သွားလုပ်ဖို့ကို ပွဲစားစကားကို ယုံပြီးတော့ အလွယ်သွားကြတာ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ STUM က ကူညီဆောင်ရွက်ပေးနေသူများထဲတွင်ပင် အများစုက သူတို့၏ အလုပ်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို မပြောနိုင်ကြကြောင်း၊ အလုပ်သမားများအနေဖြင့် ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်မလုပ်ခင်ကတည်းက သတင်းအချက်အလက်များကို လေ့လာစုံစမ်းပြီးမှ သွားရောက်သင့်ကြောင်း ၎င်းက အကြုံပြု ပြောဆိုသည်။
မမျိုးမျိုးအေး က “သူတို့ရဲ့ မျှော်လင့်ချက်က အဲဒီနိုင်ငံကို သွားရင် ချမ်းသာသွားမယ်ပေါ့၊ အဲဒီလိုထင်နေ ကြတာ။ အဲဒီမှာက အထည်ချုပ်သွားလုပ်တာမဟုတ်ဘူး၊ အိမ်အကူသွားလုပ်ရတာဆို ပြီးကို သူတို့ ရှင်းရှင်းလင်းလင်းမသိနေဘူး။ အဲဒီမှာ အလုပ်ချိန်က ဘယ်လို၊ ပြီးတော့ အဲဒီနိုင်ငံက ထမင်းစားတဲ့ နိုင်ငံမဟုတ်ဘူးလေ၊ အဲဒါတွေ မသိဘဲ သွားတော့ အခက်အခဲတွေ အများကြီး ကြုံတွေ့ ကုန်တာပေါ့” ဟု ပြောဆိုသည်။
လက်ရှိတွင် STUM သို့ဆက်သွယ်အကူအညီတောင်းလာသည့်အထဲမှ ၁၂ ဦးခန့်ကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရန် ချိတ်ဆက် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
You may also like these stories :
စစ်အုပ်ချုပ်ရေးအောက်က ဖရိုဖရဲ ဘဝများ
စစ်အုပ်ချုပ်ရေးကြောင့် မြန်မာတွင် ဦးနှောက်ယိုစီးမှု ထပ်မံဖြစ်ပေါ်
စစ်အုပ်စု အဆက်ဆက် မြန်မာပြည်သူ သန်းပေါင်းများစွာကို မောင်းထုတ်ခဲ့သည်