ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်၊ ထောင်ဝင်စာနှင့် ပစ္စည်းလက်ခံဌာနအတွင်း မနေ့ မနက် ၉ နာရီခွဲခန့်က ဗုံးနှစ်လုံးပေါက်ကွဲပြီး ထောင်ဝန်ထမ်း၊ ထောင်ဝင်စာလာပို့သူ အရပ်သားများနှင့် ကလေးငယ် တဦးအပါအဝင် စုစုပေါင်း ၈ ဦးသေဆုံးသွားခဲ့ပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ အင်းစိန်ဗဟိုအကျဉ်းထောင်ဆိုတာ တနိုင်ငံလုံးရဲ့ အကြီးဆုံးထောင်ကြီးဖြစ်သလို အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲ ချက်မျိုးစုံနဲ့ ဖမ်းဆီးပြီး နိုင်ငံရေးအကျဉ်းသားအများအပြားကို ချုပ်နှောင်ထားရာ နေရာဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ ထောင်အထဲ ချုပ်နှောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အပြင်ရုံးထုတ်တာမရှိဘဲ ထောင်ဝင်းအတွင်းမှာ အထူးတရားရုံးတွေဖွဲ့ပြီး အမှုတွေကို စစ်ဆေးတာလည်းဖြစ်ပါတယ်။
ဒီအတွက် ထောင်ထဲမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဟာ နေ့စဉ်တိုင်းလိုလို အကျဉ်းထောင်ကို လာရောက်ပြီး သူတို့ရဲ့ သားသမီး၊ မိဘ၊ ညီကိုမောင်နှမတွေကို အသုံးအဆောင်၊ အစားအသောက်၊ ဆေးဝါးကစလို့ ထောင်ဝင်စာ လာရောက်ပို့ဆောင်ကြရပါတယ်။
ဒီလို ထောင်ဝင်စာပို့ဆောင်ရတာဟာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ စစ်ကောင်စီဘက်က အမိန့်အမျိုးမျိုးထုတ်ကာ တင်းကြပ်သလို အစောင့်အကြပ် အစစ်အဆေးတွေလည်း များပါတယ်။
ထောင်ဝင်စာပို့သူတယောက်ဟာ ပထမဆုံး ထောင်ဝင်းထဲ ဝင်ဝင်ချင်းမှာပဲ မှတ်ပုံတင်လို သက်သေခံအထောက်အထား တစုံတရာ ပြပြီး နာမည်စာရင်းသွင်းရပါတယ်။
အင်းစိန်ထောင်ဝင်ပေါက် တည်နေရာအရ ဝင်ဝင်ချင်း ညာဘက်မှာ ယခုပေါက်ကွဲမှုဖြစ်တဲ့အဆောင်ရှိပါတယ်။ သူ့ရဲ့ မျက်နှာချင်းဆိုင် လမ်းတဖက်ခြမ်း၊ ဝင်ဝင်ချင်းဘယ်ဘက်ခြမ်းမှာ စစ်တပ်နေရာယူတဲ့ နှစ်ထပ်ဘန်ကာတခု၊ ပစ္စည်းတွေစစ်ဆေးတဲ့နေရာ အစဉ်လိုက် ရှိပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့အဆောင်ထဲမှာ ဆေးလက်ခံတဲ့နေရာ၊ ထောင်ဝင်စာ လက်ခံတဲ့နေရာလည်း ရှိပါတယ်။
ထောင်ဝင်စာပို့သူဟာ နာမည်စာရင်းသွင်းပြီးရင် နာမည်အချက်အလက် ရေးထည့်ထားတဲ့ ကတ်ပြားတခုပြန်ပေးပါတယ်၊ ဒီကတ်ပြားနဲ့မှ အဆောင်ထဲ ဆယ်လှမ်းလောက် ထပ်ဝင်တဲ့အခါ ကွန်ပျူတာနဲ့ ပို့ချင်သူရဲ့ နာမည်ကို စာရင်းသွင်း စစ်ဆေးပါသေးတယ်။
ဒီလိုစာရင်းသွင်းပြီးတဲ့အခါ အဆောင်ကထွက်ပြီး လမ်းတဖက်မှာရှိတဲ့ နေရာကို သွားရပါတယ်၊ အဲဒီမှာ အဆောင်လေးတွေရောက်မှသာ ပါလာတဲ့ ထောင်ဝင်စာပစ္စည်းတွေကို တခုချင်းစစ်ဆေးတာဖြစ်ပါတယ်။
ဒီအတွက် ဗုံးပေါက်ကွဲမှုဖြစ်ပွားတဲ့ ထောင်ဝင်စာနှင့် ပစ္စည်းလက်ခံဌာနထိ ပစ္စည်းတွေကို တစုံတရာစစ်ဆေးတာ မရှိဘဲ ဝင်ထွက်နိုင်ပါတယ်။
“ပေါက်ကွဲမှုဖြစ်တဲ့အဆောင်မှာ ဘာမှမစစ်ဘူး၊ လုံးဝ မစစ်ဘူး။ လုပ်မယ်ဆို လုပ်နိုင်တဲ့အနေအထားရှိတယ်။ ကျနော်တို့လည်း ကိုယ့်အထုပ်လေးကိုယ်ဆွဲပြီး ဝင်သွားတာပဲ၊ အဲဒီနေရာရောက် သန်းခေါင်စာရင်း၊ မှတ်ပုံတင်နဲ့ပေးလိုက်တယ်၊ ဘယ်သူဘာညာရေးခြစ်ပြီး ကတ်လေး ထုတ်ပေးလိုက်တယ်။ ရှေ့ကို ငါးလှမ်းလောက်လျှောက်လိုက်ရင် ကွန်ပျူတာနဲ့ စာရင်းသွင်းတဲ့နေရာမှာ စာရင်းသွင်း၊ ပြီးရင် ဟိုဘက်ကားလမ်းကို ကူးလိုက်တော့မှ ပစ္စည်းစစ်တဲ့နေရာ။ ဒီဘက်အဆောင်က လုံးဝမစစ်ဘူး၊ တောက်လျှောက်ဝင်လို့ရတဲ့နေရာ” လို့ ပေါက်ကွဲမှုဖြစ်စဉ်မှာ ကိုယ်တိုင်ရှိနေခဲ့သူတဦးက ရှင်းပြပါတယ်။
ဒီလိုထောင်ထဲကို ပစ္စည်းသွင်းရာမှာ လိုအပ်ချက်တွေအရ နိုင်ငံရေးအကျဉ်းသားမိသားစုတချို့ဟာ ညှိနှိုင်းလာဘ်ပေးရတာတွေလည်း ရှိပါတယ်။
အထောက်အထား တစုံတရာပြသဖို့ ခက်ခဲသူတွေဟာ ထောင်အထဲမှာရှိတဲ့ ကိုယ့်လူရဲ့နာမည်နဲ့ ပစ္စည်းအပ်ချင်တဲ့အခါ ညှိနှိုင်းထားရတဲ့ ထောင်ဝန်ထမ်း (သို့မဟုတ်) ရဲကို ငွေပေးရပြီး သူတို့ကိုယ်တိုင်ပစ္စည်းကို လာယူပြီး အထဲသွင်းပေးပါတယ်။
ဒီနေရာမှာ ငွေပေးပြီး ပို့ဆောင်ခိုင်းပေမယ့် ကြားကဖြတ်စားတာတွေ၊ ပစ္စည်းကို လုံးဝသွားမပေးတာတွေ ကြုံရတတ်ပါတယ်။
ကိုယ်တိုင်ကြုံတွေရသူတဦးက “ ကျနော် ထောက်ခံစာမရတုန်းက တကြိမ်ငွေပေးပြီးသွင်းဖူးတယ်၊ ကျပ် ငါးထောင်ပေးရတယ်၊ ဒါပေမယ့် ပစ္စည်းက မရောက်ဘူး၊ အလိမ်ခံရတယ်၊ နောက်တခါတော့ ငွေပေးပြီး မပို့တော့ဘူး” လို့ ဆိုပါတယ်။
ယမန့်နေ့ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ကိုယ်တိုင်ရှိနေခဲ့သူတဦးက ပေါက်ကွဲမှုဟာ အဲဒီအချိန်ပစ္စည်းလာပို့သူတွေ ယူလာတဲ့ အထုပ်ကမဟုတ်ဘဲ ဌာနရဲ့ ကောင်တာနောက်မှာရှိနေတဲ့ အထုပ်ကနေ စပြီးပေါက်တာလို့ မျက်မြင်တွေ့ရတဲ့အခြေအနေကို ပြောပါတယ်။
၎င်းက “ကောင်တာအတွင်းက ပေါက်တာဆိုတာ သိလိုက်တာက အဲဒီမှာ မီးခိုးလိုဖြစ်သွားပြီးတော့ အမှုန်အမွှားတွေ ဖွာကနဲ ထွက်သွားတာ၊ ကောင်တာရှေ့က ပေါက်တာ မဟုတ်ဘူး၊ မြင်နေရတယ်၊ အထုပ်ဆွဲသွားတဲ့သူတွေဆီက ပေါက်တာမဟုတ်ဘူး၊ ကောင်တာထဲက ပေါက်တာ၊ ကောင်တာထဲက ပေါက်တာဆိုရင် သူတို့ဆီ By Name နဲ့ ငွေပေးပြီး သွင်းတဲ့ဟာကပေါက်တာ၊ ကျနော် အဲဒီလိုပဲ ယူဆတယ်။ By Name နဲ့ငွေပေးပြီးသွင်းရင် သူတို့(ထောင်ဝန်ထမ်း/ရဲ) ကိုယ်တိုင်ယူပြီးသွင်းတဲ့ဟာ” လို့ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ဖြစ်ချင်းမှာလည်း ထောင်လုံခြုံရေးလက်နက်ကိုင်တွေဟာ ပေါက်ကွဲမှုဖြစ်တဲ့ အဆောင်ရဲ့ မျက်နှာချင်းဆိုင် နှစ်ထပ်ဘန်ကာထဲကနေ ရမ်းသမ်းပစ်ခတ်တဲ့အတွက် ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ မျက်မြင်တချို့က ပြောထားပါသေးတယ်။
ဒါနဲ့ပတ်သက်လို့ ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးခဲ့ရတဲ့သူတွေ ပေါက်ကွဲစ ထိမှန်သေသလား၊ ထောင်လုံခြုံရေးတွေပစ်ခတ်လို့ သေနတ်မှန် သေသလားဆိုတာတော့ သီးခြားအတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။
ပေါက်ကွဲမှုဖြစ်စဉ်မှာ ကိုယ်တိုင်ကြုံရသူတဦးကတော့ ပေါက်ကွဲတဲ့အချိန်မှာ သူ့အနေနဲ့ ထိခိုက်ဒဏ်ရာရတာမရှိဘဲ အဝင်ဝကို ပြန်ထွက်ပြေးနိုင်ခဲ့ပြီး အဝနားမှာရှိတဲ့ သံတိုင်တွေနားအရောက်မှာ သေနတ်ပစ်ခတ်လို့ ဝပ်နေတဲ့အချိန်မှသာ ခါးကို လာထိမှန်ပြီး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
“လမ်းခြားနေတယ်၊ ဘယ်ဘက်ကနေ ညာဘက် (ပေါက်ကွဲတဲ့အဆောင်) ကို ပစ်နေလို့ ကျနော်တို့ မှန်တာပေါ့။ ဗုံးပေါက်လို့ ကြောက်လန့်တကြား ပြေးနေတဲ့ လူအုပ်ကို သူတို့လည်းကြောက်လန့်ပြီး ရမ်းသမ်းပစ်တာပဲလေ၊ ဘောင်းဘောင်းနဲ့ တောက်လျှောက်ပစ်တာ။ ကိုယ်တို့က ဘန်ကာကို ကျောခိုင်းရက်ကြီးဖြစ်နေတယ်၊ ဘောင်းဘောင်း အသံကြားတော့ ကုန်းဝပ်လိုက်တာ၊ အဲဒီအချိန်မှာ ခါးက ပူကနဲဖြစ်သွားတာ သိလိုက်တယ်၊ ကြည့်တော့မကြည့်အားဘူး၊ ကားပေါ်ရောက်မှ ကြည့်တော့ ဒဏ်ရာက သွေးတွေ ထွက်နေပြီ” လို့ သူက ပြောပါတယ်။
“ကံကောင်းလို့ မသေတာ၊ ပိုက်ဆံအိတ်ခံလို့။ ပိုက်ဆံအိတ်က သံကွင်းပြတ်သွားတယ်၊ လာထိတာ တော်တော်ပြင်းတယ်။ အဲဒီသံကွင်းခံသွားလို့ မဟုတ်ရင် ကျနော်လည်း ထုတ်ချင်းပေါက်သွားနိုင်တယ်၊ အပေါက်က သုံးပေါက်၊ ကြီးတာက တပေါက်ပေါ့၊ အခု ညိုမဲစွဲနေတာပဲ၊ အခုတော့ ကိုယ်လေးနည်းနည်းပူပြီး ဖျားချင်သလိုဖြစ်နေတယ်” လို့လည်း ပြောပြပါတယ်။ လက်ရှိမှာတော့ သူဟာ နေအိမ်မှာပဲ ရှိနေပါတယ်။
ဒီပေါက်ကွဲမှုဖြစ်မှာတော့ ထောင်ဝန်ထမ်း ၃ ဦးနဲ့ အရပ်သား ၅ ဦးသေဆုံးခဲ့ပြီး ထောင်ဝန်ထမ်း ၅ ဦးနဲ့ အရပ်သား ၁၃ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ တင်ပို့ကုသထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ပေါက်ကွဲမှုဟာ အဆောက်အဦးအတွင်းမှာ တကြိမ်နဲ့ အပြင်ဘက်မှာ တကြိမ်ဖြစ်တယ်လို့ စစ်ကောင်စီက ဆိုထားပြီး ရှင်းလင်းရှာဖွေရာမှာလည်း မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတခုကို ပါဆယ်ထုပ်တခုအတွင်းက တွေ့ရတဲ့အတွက် ရှင်းလင်းခဲ့ရတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ ဒီဖောက်ခွဲတိုက်ခိုက်မှုဟာ သူတို့ရဲ့လက်ချက်ဖြစ်ပြီး ထောင်အတွင်းက တော်လှန်ရေးရဲဘော်တွေကို ဖိနှိပ်နေတဲ့အတွက် လက်တုန်ပြန်တိုက်ခိုက်ခဲ့တာလို့ မြို့ပြပြောက်ကျားအဖွဲ့တခုဖြစ်တဲ့ Special Task Agency Of Burma(STA)အဖွဲ့က မနေ့ကပဲ ထုတ်ပြန်ပါတယ်။
သို့သော် ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင် အရပ်သားအများအပြား ထိခိုက်သေဆုံးရတဲ့အတွက် ဝေဖန်သုံးသပ်မှုတွေ များစွာထွက်ပေါ်နေပြီး ကန့်ကွက်ရှုတ်ချမှုတွေ ရှိနေပါတယ်။
ပေါက်ကွဲမှုမှာရှိနေခဲ့သူတဦးက “ ဒီထောင်ထဲမှာရှိနေတာ ကျနော်တို့ရဲ့လူတွေ၊ ကျနော်တို့လူတွေရဲ့ မိသားစုတွေက ဒီအပေါက်ဝကိုပဲ အမြဲလာနေရတာ။ ကျနော်တို့ လူတွေက ကျနော်တို့ကို ပြန်သတ်ပါ့မလား၊ အဲဒီ အတွေးဝင်မိတယ်ဗျာ” လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း ဒီလုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကြေညာခဲ့ပြီး ဖြစ်စဉ်အသေးစိတ်အား စုံစမ်းလျှက်ရှိသလို အရပ်သားများ သေဆုံးခဲ့ရသည့်အကြောင်းအရင်းကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ ဆိုပါတယ်။
NUG က “ အရပ်သားပြည်သူများအား ထိခိုက်စေသည့် မည့်သည့်လုပ်ရပ်မျိုးကို မည်သည့်အဖွဲ့က ကျူးလွန်သည်ဖြစ်စေ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကန့်ကွက်ရှုတ်ချယုံသာမက ကျူးလွန်ခဲ့သော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် မည်သူကိုမဆို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးကိုလည်း မဖြစ်မနေ ဆောင်ရွက်သွားမည်” လို့ ကြေညာထားပါတယ်။
You may also like these stories:
အင်းစိန်ထောင် ပေါက်ကွဲမှု ၈ ဦးသေဆုံး၊ အရပ်သားများလည်းပါဝင်
အင်းစိန်ထောင်ဖြစ်စဉ် ဘယ်သူလုပ်လုပ် ရှုတ်ချတယ်
မန္တလေးထောင်၌ ထောင်ဝင်စာပို့ခွင့် ပိတ်
ဝက်လက် စစ်ရှောင်ရွာများတွင် အိမ်တွင်းပစ္စည်းများ အခိုးခံရ