မလေးရှားနိုင်ငံတွင် ခိုလှုံခွင့် တောင်းထားသည့် ရေတပ်အရာရှိ ဗိုလ်မှူး ၁ ဦး အပါအဝင် မြန်မာနိုင်ငံသား ၁၅၀ ကို ယခုလအတွင်းက အာဏာပိုင်များက နေရပ်သို့ အတင်းအကျပ် ပြန်ပို့လိုက်ပြီး ထပ်မံပို့ဆောင်မည့် အစီစဉ်လည်း ရှိနေကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး Reuters သတင်းဌာနတွင် ရေးသား ဖော်ပြသည်။
ထိုသို့ ပို့ဆောင်ခြင်းခံရသူများတွင် လွန်ခဲ့သောလက ဖမ်းထားသည့် မြန်မာရေတပ်အရာရှိ ၆ဦးပါ ဝင်ပြီး၊ ၎င်းတို့ကို အောက်တိုဘာလ ၆ ရက်တွင် ၎င်းတို့ကို မြန်မာသို့ လေယာဉ်ဖြင့် ပြန်ပို့လိုက်ခြင်းဖြစ်ကြောင်း လုံခြုံရေးအရ အမည် မဖော်လိုသည့် သတင်းရင်းမြစ်များက Reuters သတင်းဌာနသို့ ပြောကြောင်း ဆိုထားသည်။
မလေးရှားမှ ပြန်ပို့ခံရသည့် အရာရှိများအနက် တဦးဖြစ်သည့် ဦးကျော်လှနှင် ဇနီး ဒေါ်ဌေးဌေးရီတို့မှာ ရန်ကုန်မြို့သို့ ပြန်ရောက်သောအခါ ဖမ်းဆီးခြင်းခံရပြီး ၎င်းတို့ကို မည်သည့်အတွက် အာဏာပိုင်များက ဖမ်းဆီးသည်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိကြောင်း Reuters က ဖော်ပြထားသည်။
မလေးရှားအာဏာပိုင်တို့ကမူ ၎င်းတို့သည် နိုင်ငံတွင်း နေထိုင်ရန် တရားဝင် စာရွက်စာတမ်းများ မပြသနိုင်သော ကြောင့် ပြည်နှင်ဒဏ် ပေးခြင်းဖြစ်သည်ဟု ဆိုကြောင်း သိရသည်။
ထိုအရာရှိများအနက် အနည်းဆုံး ၃ ဦးနှင့် ဒေါ်ဌေးဌေးရီတို့သည် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အကာအကွယ် တောင်းခံထားပြီး ဒုက္ခသည်ကတ် လျှောက်ထားခဲ့ကြောင်း သတင်းရင်းမြစ်များ ပြော သည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မြန်မာစစ်ကောင်စီ ပြောခွင့်ရသူတဦးကို Reuters က ဖုန်းဆက်မေးမြန်းသော်လည်း ပြန်လည်ဖြေကြား ခြင်း မရှိကြောင်း ရေးသားထားသည်။
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကမူ မလေးရှား လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံ သား ၁၅၀ ကို အောက်တိုဘာလ ၆ ရက် တွင် လေကြောင်းမှ ပြန်ပို့လိုက်ကြောင်း သံရုံး Facebook တွင် ရေးသား သော်လည်း အထက်ပါ ရေတပ်အရာရှိများ ပါဝင်ခြင်း ရှိမရှိ ဖော်ပြခြင်း မရှိပေ။
Reuters အနေဖြင့် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဝန်ကြီးချုပ်ရုံးတို့ကို ဆက်သွယ် မေးမြန်းသော်လည်း ဖြေ ကြားခြင်း မရှိကြပေ။
မလေးရှားနိုင်ငံသည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သော်လည်း တဖက်ကမူ ခိုလှုံခွင့်တောင်းသည့် မြန်မာနိုင်ငံ သားများကိုမူ ပြန်ပို့နေသည်။
ထိုသို့ ပြန်ပို့ခံရသူများထံမှ ဒုက္ခသည်လျှောက်လွှာ လက်ခံရရှိခြင်း ရှိမရှိ UNHCR က ပြောကြားခြင်း မရှိသော်လည်း ထိုသို့ ပြည်နှင်ဒဏ် ပေးခြင်းအတွက် စိုးရိမ်ကြောင်း ဆိုထားသည်။
“မြန်မာမှ ထွက်ပြေးလာသူများကို မလေးရှားတွင်သာမက ဒေသတခုလုံးတွင်ပါ နေထိုင်ခွင့်ပေးပြီး ဒုက္ခသည်အဖြစ် လျှောက်ထားစေကာ အတင်းအကျပ် ပြန်ပို့ခြင်းမှ ကာကွယ်ပေးရမည်” ဟု UNHCR ၏ ကြေညာချက်တစောင်တွင် ဖော်ပြထားသည်။
“ပြည်ပသို့ ရောက်နေသည့် မြန်မာနိုင်ငံသားများ နိုင်ငံတကာ အကာအကွယ် တောင်းခံထားစဉ် အတင်းအကျပ် ပြန်လည် ပို့ဆောင်ခြင်း မပြုသင့်ပေ” ဟုလည်း ထိုကြေညာချက်၌ပင် ဖော်ပြထားသည်။
ထိုသို့ အတင်းအကျပ် ပြန်ပို့ခံရသည့် မြန်မာနိုင်ငံသားများ ရင်ဆိုင်ရမည့် အန္တရာယ်ကို UNHCR က ပြောကြားခြင်း မရှိပေ။
မလေးရှားနိုင်ငံသည် မြန်မာမှ ထွက်ပြေးလာသော ရိုဟင်ဂျာ မွတ်စလင် တသိန်းကျော်ကို လက်ခံထားသော်လည်း ဒုက္ခသည်နှင့် ရွှေ့ပြောင်းအခြေချများအပေါ် မူဝါဒများကို မကြာသေးမီက တင်း ကျပ်လိုက်ပြီး မြန်မာနိုင်ငံမှ ခိုလှုံလာ သူများကို ပြည်နှင်ဒဏ် ပေးလျက်ရှိသည်။
ယခုကဲ့သို့ ပြည်နှင်ဒဏ်ပေးခြင်းအပေါ် မလေးအစိုးရကို ဝေဖန်သူများ ထောက်ပြ ပြောဆိုကြသည်။
မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ဇူလိုင်လအတွင်း စစ်ကောင်စီက ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူ ၄ ဦးကို ကွက်မျက်ခြင်းသည် အာဆီယံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လှောင်ပြောင်သော လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ကြောင်း ရှုတ်ချသလို အရှေ့တောင်အာရှ နိုင်ငံများအနေဖြင့် မြန်မာ အတိုက်အခံ များနှင့် ထိတွေ့ဆက် ဆံရန် တိုက်တွန်းပြီး၊ အာဆီယံအနေဖြင့် လူသားချင်းစာနာမှု အကူအညီပေးရေးနှင့် မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကို အားပေးရေး လုပ်ဆောင်ရန်လည်း တိုက်တွန်းထားသည်။
မလေးရှား အစိုးရအနေဖြင့် ပြည်နှင်ဒဏ် ပေးခြင်းကို ရပ်ဆိုင်းပြီး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို အခြေခံသည့် ရှေ့ နောက် ညီညွတ်သော မြန်မာနှင့် ပတ်သက်သည့် မူဝါဒ ချသင့်ကြောင်း မလေးရှား အတိုက်အခံ ပါလီမန် ကိုယ်စား လှယ် ချားစ်လ်ဆန်တီယာဂို ပြောသည်။
“ရာဇဝတ် စစ်ကောင်စီက ထောင်ချ၊ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရဖို့ အလားအလာရှိတဲ့နေရာကို မြန်မာဒုက္ခသည် တွေကို ပြန်ပို့နေတာက မလေးရှား အာဏာပိုင်တွေဟာ ရာဇဝတ်မှုမှာ ကြံရာပါ ဖြစ်စေတယ်” ဟု Reuters သတင်း ဌာနသို့ ၎င်းက ပြောကြောင်း ဖော်ပြထားသည်။
မြန်မာဒုက္ခသည်တဦးက ၎င်းကို ဖမ်းဆီးထားခြင်းနှင့် ပြည်နှင်ဒဏ်ပေးရန် အလားအလာအတွက် တရား ပြန်လည် စွဲဆိုထားကြောင်း ၎င်း၏ ရှေ့နေဖြစ်သူ နယူဆင်ယူ ပြောသည်။ ထိုသူသည် မြန်မာမှ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ပြီး မလေးရှားတွင် ခိုလှုံခွင့်တောင်းကာ UNHCR ၏ အကာအကွယ်ကို လျှောက်ထားသည် ဟုလည်း ရှေ့နေက ဆိုသည်။
ကွာလာလမ်ပူ တရားရုံးချုပ်က ထိုသူကို ပြည်နှင်ဒဏ် ပေးခြင်းမှ ယာယီဆိုင်းငံ့ရန် အမိန့်ချထားပြီး ကြာသပတေးနေ့ တွင် ကြားနာမည် ဖြစ်သည်။
You may also like these stories:
အရှေ့အလယ်ပိုင်း နိုင်ငံများရောက် မြန်မာအလုပ်သမများ အခက်အခဲကြုံ
စစ်ကောင်စီသစ္စာခံက ကလောင်ဝှက်ဖြင့် ASEAN ကို တိုက်ခိုက်ဝေဖန်