စစ်ကိုင်းတိုင်း ယင်းမာပင်နှင့် ပုလဲမြို့နယ်စပ်ရှိ ရင်ပေါင်တိုင်ရွာကို စစ်တပ်က လေကြောင်းမှ ပစ်ခတ်ဝင်ရောက်ပြီး နောက် ကိုယ်ဝန်ဆောင်နှင့် သက်ကြီးပိုင်း အမျိုးသမီး ၂ ဦးကို သတ်ဖြတ်ကာ ရွာခံ ၄၀ ကိုလည်း ဓားစာခံအဖြစ် ဖမ်းထားကြောင်း သိရသည်။
ယမန်နေ့ နံနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်များ Mi 35 အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီး၊ Mi 17 အမျိုးအစား သယ်ယူပို့ ဆောင်ရေး ရဟတ်ယာဉ် ၄ စီးဖြင့် ရင်ပေါင်တိုင်ရွာသို့ ရောက်လာပြီး ၁ နာရီကြာ ဝေဟင်မှ ပစ်ခတ် ပြီးနောက် အင်အား ၁၀၀ ကျော်ကို ချထားခဲ့ကြောင်း၊ ထို့နောက် အနီးရှိ ရွာများကို စီးနင်းမှုများ ပြုလုပ်ရာ နုန်းတန်းရွာမှ ထွက်ပြေးတိမ်းရှောင်လာသည့် အမျိုးသမီး ၂ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ် ဖွဲ့များ ထံမှ သိရှိရသည်။
ယင်းမာပင်မြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ Unity Fighter မှ တပ်ဖွဲ့ဝင် တဦးက “နုန်းတန်းကနေ ပြားအိုကိုပြေးတော့ ခွေးတွေက မြေပြင်မှာ တွေ့တဲ့ အချိန် ပစ်သတ်တာ။ သူတို့က ပြေးတာ တွေ့တာနဲ့ ပစ်တဲ့ သဘောပဲ။ မဲမဲမြင်ရာ ပစ်တာပဲ ။ ယောက်ျားလေး၊ မိန်းကလေးရယ်လို့ မရွေးဘူး။ ဗိုက်ထဲက ကလေးလည်း ဆုံးတယ်။ ဗိုက်ကို ခွဲကြည့်ကြသေးတယ်။ ကလေးလည်း ဆုံးတယ်” ဟု ပြောသည်။
ကိုယ်ဝန် ၅ လလွယ်ထားရသည့် မစိုးစိုး (၃၅ နှစ်)သည် လည်ပင်းကို ပစ်ခတ်ခံရပြီး ၎င်းနှင့် ယောက္ခမဖြစ်သူ ဒေါ်ညွန့်ညွန့် (၆၀ နှစ် ကျော်) သည် ဆီးခုံတွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၊ ရုပ်အလောင်းအား ပြားအိုရွာ ဘုန်းတော်ကြီး ကျောင်းအနီးတွင် တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ယခုလက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရင်ပေါင်တိုင်နှင့် ပုထိုးသာကြား သရက်ခြံတခုတွင် ရှိနေပြီး ရင်ပေါင်တိုင်၊ နုန်းတန်းနှင့် ပြားအိုရွာတို့မှ ဒေသခံ အမျိုးသား ၄၀ ခန့်ကို ဓားစာခံ အနေဖြင့် ဖမ်းဆီး ခေါ်ဆောင်ထားကြောင်း သိရသည်။
ရင်ပေါင်တိုင်ရွာမှာ ပြီးခဲ့သည့် သြဂုတ်လကလည်း စီးနင်းခံခဲ့ရပြီး ၁၀ ဦးကျော် အသတ်ခံရသဖြင့် ယခုဖြစ်ရပ်တွင်လည်း ဓားစာခံများ၏ အသက်အန္တရာယ်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ဆိုကြသည်။
ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ် အစပ်ရှိ ကျေးရွာများဖြစ်သည့် ပုထိုးသာ၊ ရနောင်၊ ရွာသစ်၊ အေးကုန်း၊ ရင်ပေါင်တိုင်၊ နုန်းတန်း၊ ပြားအို၊ ညောင်တန်း၊ ဆင်စွယ် ၊ဆင်တဲ၊ ဇီးဖြူကုန်း ၊ ဇီးတော ၊ မေတ္တာကုန်း အစရှိသည့် ကျေးရွာ ၁၀ ရွာ ကျော်မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။
ဆင်စွယ်ရွာခံ တဦးက “လေကြောင်းသံ ကြားရင်ကို ကြောက်လန့်ပြီး မနေရဲလောက်အောင် ဖြစ်နေရတာ။ အခုကလည်း တောထဲ၊ တောင်ထဲမှာ ပြေးနေရတာ။ မိုးတွေကလည်း ရွာထားတာ။ ချိန်ပြီး ပြေးရတာဆိုရင် စားဖို့ သောက်ဖို့က ကြိုယူ လာ လို့ ရသေးတယ်။ ရုတ်တရက် ပြေးရတာဆိုတော့ လက်လွတ်ခွက်ကျွတ် ပြေးရတာ”ဟု ပြောသည်။
မြေပြင်တိုက်ပွဲ မရှိဘဲ ပစ်ခတ်စီးနင်းလာသည့် ရဟတ်ယာဉ်များသည် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တက် လာသည်ဟုသာ သိရပြီး မြေပြင်စစ်ကြောင်းက အဖွဲ့သည် မည်သည့် တပ်ရင်း၊ တပ်မက ဖြစ်သည်ကို မသိရှိရ သေး ကြောင်း ဒေသ သတင်းရင်းမြစ်များက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ရင်ပေါင်တိုင်ရွာတွင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) များ ရောက်ရှိ နေသည်ဟု ဆိုကာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ စစ်ကောင်စီတပ် သည် ရွာတွင် ၃ ရက်ကြာ တပ်စွဲသွားပြီးနောက် ကလေးငယ်များအပါအဝင် ၁၈ ဦးအထိ သေဆုံးမှု ရှိခဲ့သည်။
You may also like these stories:
ပေါက်မြို့နယ် NUG ကျောင်းမှ ဆရာ ၁ ဦး ရက်စက်စွာ အသတ်ခံရ
ကလေးများကို ကယ်ရန် လာသည့် မိခင် စစ်ကောင်စီတပ်က မုဒိန်းကျင့်သတ်ဖြတ်ဟု ဆို
ကလေးများ ပြန်ပြောပြသော လက်ယက်ကုန်း လူသတ်ပွဲ
ရင်ပေါင်တိုင်ရွာသားများကို စစ်တပ် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့
ရင်ပေါင်တိုင်ရွာကို ဝေဟင် အင်အားသုံး၍ ဝင်စီး