စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အနောက်ခြမ်းရှိ ရွာ ၆ ရွာအား အောက်တိုဘာ ၁၉ ရက် တရက်ထဲတွင် စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်၍ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ မီးရှို့ခံရသည့် ရွာများမှာ သပြေရင်း၊ ပဲခင်းကြီး၊ သစ်ရာပင်ရွာသစ်၊ ကံကလေးကုန်း၊ ကံထူးမ၊ ကျေးကန်ကျေး ရွာများကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် ၆၀ ခန့်အား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံက သိရသည်။
အောက်တိုဘာ ၁၉ ရက်တွင် စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် သပြေရင်း၊ ခရမ်းခြံ၊ ပဲခင်းကြီး၊ ရွှေကြာတန်း၊ ကုန်း ရိုး၊ ရွာသစ်၊ ရွှေတုန်း၊ ညောင်ရင်း၊ ကုန်စွာ၊ လက်ဆည်၊ ပေကုန်း၊ အင်တောရိုး၊ ကော်တက်၊ ဥသျှစ်ကုန်း၊ ဖိုနုတ်၊ သစ် ရာပင်၊ ကံထူးမစံပြ ကျေးရွာများမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
ရေဦးအနောက်ခြမ်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တဦးက “သပြေရင်းရွာကနေ စပြီး မီးရှို့တယ်။ ပြီးတော့ ပဲခင်းကြီး တောရကျောင်းနားက တောတိုက်နေအိမ်တွေကို ဆက်ရှို့တယ်။ နောက် သစ်ရာပင်ရွာသစ်က ဆန်စက်တလုံး အပါအဝင် နေအိမ်အချို့ကိုလည်း မီးရှို့သွားတယ်။ ရွာ ၆ ရွာကို မီးရှို့သွားတာ အိမ် အားလုံးပေါင်း ၆၀ လောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိမှာက စစ်ကြောင်းနဲ့ကလည်း နီးနေတော့ အတိအကျ အတည်မပြုနိုင် သေးဘူး” ဟု ပြောသည်။
တန့်ဆည်မြို့နယ် အနောက်ခြမ်းသို့ အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ဖောင်းပြင်မြို့ အခြေ စိုက် ခမရ ၃၆၈ စစ်ကြောင်းနှင့် ပျုစောထီး အင်အား ၁၂၀ ခန့်ဖြင့် အောက်တိုဘာ ၁၅ ရက်မှ စတင်ကာ စစ်ကြောင်း ထိုးနေခြင်း ဖြစ်သည်။
တန့်ဆည်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက“ကျနော်တို့ တန့်ဆည် အနောက်ခြမ်းမှာက စစ်ကြောင်း မထိုးတာ အတော်ကို ကြာပြီ၊ တန့်ဆည်မြောက်ခြမ်းနဲ့ အရှေ့ခြမ်းကိုပဲ စစ်ကြောင်း ဆက်တိုက်ထိုးနေရာကနေ ၁၅ ရက်က စပြီး တန့်ဆည်မြို့က စထွက်လာတာ၊ သတင်းရလို့ လာတာမျိုး မဟုတ်ဘဲ နယ်မြေရှင်းလင်းရေးပုံစံနဲ့ လာကြ တာပေါ့၊ အခုမှ ပြန်ပြီး စစ်ကြောင်းထိုးလာတာ” ဟု ပြောသည်။
အောက်တိုဘာ ၁၉ ရက် စစ်ကြောင်းထိုး မီးရှို့ခံရမှုကြောင့် သပြေရင်းကျေးရွာမှ နေအိမ် ၅ လုံး၊ နွားခြံ၊ ပဲခင်းကြီး တော ရ ကျောင်းအနီး တောတိုက်နေအိမ်များ၊ သစ်ရာပင်ရွာသစ်မှ ဆန်စက်နှင့် နေအိမ်များ မီးလောင်ခဲ့သလို နွားခြံအတွင်း မှ ခိုင်းနွား တကောင်ကိုလည်း သတ်ဖြတ် စားသောက်သွားသည်ဟု ကနဦး အတည်ပြုချက်များ ရရှိထားကြောင်း ဒေသတွင်း သတင်းများ ဖော်ပြပေးနေသည့် Taze News က ထုတ်ပြန်ထားသည်။
ရေဦးအနောက်ခြမ်း ပြည်သူ့ ကာကွယ်ရေး အဖွဲ့ဝင်တဦးက“မီးရှို့ခံရတဲ့ အိမ်အများစုကတော့ ကာကွယ်ရေး တပ်ဖွဲ့တွေ နဲ့ ပတ်သက်တဲ့ အိမ်တွေပေါ့၊ စစ်ကြောင်းက ဝင်လာပြီဆိုရင် သူတို့နဲ့ အတူပါတဲ့ ရှေ့ပြေး ဒလန်တွေက ပြတဲ့အိမ်ကို မီးတိုက်တာမျိုးပေါ့” ဟု ပြောသည်။
ယခုအခါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် စစ်ကြောင်းထိုးရာ လမ်းကြောင်းတလျှောက်ရှိ ကျေးရွာများကို လက်နက် ကြီးဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ ပစ္စည်းများ ခိုးယူခြင်း၊ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဖမ်းဆီးပြီး လူသားဒိုင်း အဖြစ် အသုံးပြုခြင်းများ လုပ်ဆောင်နေသည့်အတွက် ကြိုတင် ထွက်ပြေးကြရကြောင်း ဒေသခံများက ဆိုကြသည်။
ရွာသစ်ရွာမှ စစ်ဘေးရှောင် တဦးက “ကိုယ့်ဘေးရွာမှာ စစ်ကြောင်း ဝင်ပြီဆိုကတည်းက ကိုယ့်ရွာဘက်လည်း ရောက် လာနိုင်တာမို့ ပြေးကြရတာပဲလေ။ လက်ရှိမှာတော့ ဘေးလွတ်တဲ့ နီးစပ်ရာ ကျေးရွာတွေ၊ ဘုန်းကြီးကျောင်းတွေမှာပဲ နေကြရတာပေါ့၊ ကျောင်းတွေ၊ ရွာတွေနဲ့ ကာကွယ်ရေး အဖွဲ့တွေကလည်း စားဖို့ နေဖို့ စီစဉ်ပေးတာတွေ ရှိပါတယ်။ စစ်ကြောင်း ထွက်တာနဲ့ ကိုယ့်ရွာကိုယ် ပြန်ဝင်နေကြမှာပါ” ဟု ဆိုသည်။
သပြေရင်းရွာ ဒေသခံ တဦးက “လက်ရှိမှာက ကိုယ့်ရွာကိုလည်း မပြန်ရဲသေးတော့ တောထဲမှာပဲ ဖြစ်သလို နေကြရ တာပေါ့၊ သူတို့နဲ့ လွတ်မယ် ထင်တဲ့ နေရာတွေကို ပြေးကြရတာပေါ့၊ အချို့က အမျိုးအဆွေရှိတဲ့ ရွာတွေဘက်၊ အချို့ ကလည်း တောဘက်ပေါ့၊ ကိုယ့်အရပ်မှာပဲ အေးအေးချမ်းချမ်းလေး လုပ်ကိုင် စားသောက်ချင်တာပေါ့။ သူတို့ လာတိုင်း ပြေးနေရတာ ဘယ်လိုမှ အဆင်မပြေဘူး” ဟု ပြောသည်။
အောက်တိုဘာ ၁၉ ရက်တွင် စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေး အဖွဲ့များဖြစ်သည့် ရွှေဘိုခရိုင်တပ်ရင်း ၆၊ တပ်ရင် ၇ တို့ ပူးပေါင်း၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သလို ဒေသကာကွယ်ရေး အဖွဲ့ များက ကံထူးမ ရဲစခန်းကိုလည်း ဝင်ရောက် တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။
“မနေ့က ကံကလေးကုန်းရွာဘက်ကို စစ်ကြောင်း ဆက်ထိုးတဲ့အချိန်မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့မှု ဖြစ် ခဲ့တယ်။ စစ်ကြောင်းက ၈ ကောင်လောက် ကျတယ်။ နောက် ကံထူးမ ရဲစခန်းကို ဝင်စီးခဲ့တာမှာ ရဲတပ်သား ၃ ဦး ကျ တယ်၊ စခန်းမှူးလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်။ မနေ့ကတိုက်ပွဲက နာရီဝက်ကျော်လောက် ကြာခဲ့တော့ ဒီနေ့ ဝေဟင် ကို ဂရုစိုက်နေရပါတယ်ဗျ” ဟု တန့်ဆည်မြို့နယ် PDF တဦးက ပြောသည်။
တန့်ဆည်မြို့နယ် အနောက်ခြမ်းသို့ စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် အောက်တိုဘာ ၁၇ ရက်ကလည်း ဝရငယ် ကျေးရွာမှ အသက်၂၆ အရွယ် လူငယ်တဦးကို ဖမ်းဆီးပြီး ချောင်းဦးကျေးရွာအနီးတွင် သတ်ဖြတ်ထားခဲ့ကြောင်း၊ ယင်းလူငယ် ဝရငယ်ကျေးရွာတွင်း စစ်ကြောင်းဝင်လာစဉ် ထွက်ပြေး တိမ်းရှောင်ချိန် မရသဖြင့် ဖမ်းဆီးခံရသည့် သာ မန် အရပ်သား ပြည်သူတဦးသာ ဖြစ်ကြောင်း သိရသည်။
အလားတူ စစ်ကြောင်း နီးလာသဖြင့် ကြိုတင် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည့် ခရမ်းခြံကျေးရွာမှ အသက် ၇၂ အရွယ် အမျိုးသမီးတဦးလည်း ထွက်ပြေးစဉ် အမောဖောက် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းသည့် ယနေ့ (အောက်တိုဘာ ၂၀ ရက်) တွင် ကံထူးမကျေးရွာဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း၌ တပ်စွဲထားဆဲ ဖြစ်ကြောင်း သိရသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် အောက်တိုဘာ ၁၀ ရက်ထိ နိုင်ငံ တဝှမ်းလုံး၌ အိုးအိမ် စွန့်ခွာထွက်ပြေးရသူ ၉၈၉၄၀၀ အပါအဝင် လူဦးရေ ၁ ဒသမ ၄ သန်းကျော် နေရပ်စွန့်ခွာ တိမ်း ရှောင်နေရဆဲ ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်သည် နေအိမ်များ မီးရှို့ ဖျက်ဆီးခံရမှုနှင့် နေရပ် စွန့်ခွာထွက်ပြေးရမှုတွင် လူဦး ရေ ၅ သိန်းကျော်ရှိကာ ကျန်ဒေသများထက် ပိုများကြောင်း United Nations OCHA Myanmar ၏ ထုတ်ပြန်ချက်များ အရ သိရသည်။
You may also like these stories:
ညောင်ချောင်းရွာ တိုက်ပွဲ၌ တပ်မ ၄၄ ဗျူဟာမှူး သေဆုံးဟု KNU ပြော
ရင်ပေါင်တိုင်ရွာပစ်ခတ်မှု အမျိုးသမီး ၂ ဦးသေဆုံး၊ လူ၄၀ကို ဓားစာခံ ဖမ်းထား