ကရင်ပြည်နယ်၊ မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများ ပိတ်မိလျက်ရှိကြောင်း ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) က ဧရာဝတီသို့ ပြောသည်။
အဆိုပါ အလုပ်သမားများမှာ တိုက်ပွဲစတင်ဖြစ်ပွားသည့် အောက်တိုဘာလ ၁၈ ရက်နေ့မှ စ၍ အာရှလမ်းမကြီး တလျှောက် ဘားအံ၊ ကျုံဒိုး၊ ကော့ကရိတ်မြို့များတွင် ယနေ့အထိ ပိတ်မိနေခြင်း ဖြစ်သည်။
MOEAF မှ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူက “လက်ရှိက မြဝတီမှာ တချို့ရှိမယ်။ ဘားအံမှာရှိမယ်။ ကော့ကရိတ်နဲ့ မြဝတီကြားထဲက အေးမြမြထမင်းဆိုင်တို့ ၊ ကောင်းသစ်ထမင်းဆိုင်တို့မှာက တစုဖြစ်နေတယ်။ သာမညမှာ တစုဖြစ်နေပြီး တော့ ဘားအံမှာ တစု ဖြစ်နေပါတယ်။ ပိတ်မိနေတာက ၁၈ ရက်နေ့ကနေစပြီးတော့ ၃နေရာပေါင်း ၁၅၀၀ ကနေ ၂ထောင် နီးပါးလောက်ရှိတယ်” ဟု ပြောသည်။
အဆိုပါ ပိတ်မိနေသည့် အလုပ်သမားများမှာ မြဝတီဘက်ခြမ်းမှ တဆင့် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် ဘန်ကောက်မြို့ ဝန်းကျင်များတွင် အလုပ်လုပ်ကိုင်ကြမည့်သူများ ဖြစ်သည်။
၎င်းတို့မှာ ထိုင်းနိုင်ငံရှိ ပင်လယ်စာ လုပ်ငန်း၊ အထည်ချုပ်စက်ရုံ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်း များနှင့် လူသုံးကုန် ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်ကြမည် ဖြစ်သည်။
MoU ဖြင့် အလုပ်သွားရောက် လုပ်ကိုင်မည့် ကိုစန်းဇော်လင်းက “၁၉ ရက်နေ့က တက်လာတယ်။ တိုက်ပွဲတွေ ဖြစ်တဲ့ အခါကျတော့ ဒီတိုင်းပဲ နေနေရတယ်။ အေဂျင်စီက ထားပေးတဲ့နေရာမှာ လောလောဆယ် နေနေတယ်။ ကျနော်က မကွေးဘက်က လာခဲ့ရတာ၊ အတိုးတွေ ဘာတွေယူပြီးတော့ ဒီလိုမျိုးဖြစ်ရတာ ဆိုတော့ ဝမ်းနည်းတယ်။ ဒါပေမယ့်လည်း မိုးပြိုတော့ အများပေါ့ဗျာ” ဟုပြောသည်။
၎င်းသည် မကွေးတိုင်းဘက်က လာရောက်ခြင်းဖြစ်ပြီး ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တခုတွင် အလုပ် သွားရောက် လုပ်ကိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ပိတ်မိနေသူများမှာ ကော့ကရိတ်-ကျုံဒိုး-လမ်းပိုင်း တလျှောက်ရှိ ထမင်းဆိုင်၊ ဈေးဆိုင်များတွင် ညအိပ် စောင့်ဆိုင်း နေကြ ရပြီး ကားလမ်းတလျှောက် ခရီးသွားကားများ၊ ကုန်တင်ကားများပါ ပိတ်မိနေကြခြင်းဖြစ်ကာ အစားအသောက်နှင့် ပတ် သက်၍ အတူတကွပါလာသည့် အလုပ်သမားအေဂျင်စီမှ တာဝန်ရှိသူများက စီစဉ်ပေးထားကြောင်း သိရသည်။
“ကျနော်တို့ကတော့ ၂မျိုး စီစဉ်ရမှာပဲ။ ဒီလမ်းက ပိတ်ထားလို့ လုံးဝသွားလို့မရဘူးဆိုရင် တခြားလမ်း စဉ်းစားရမှာပဲ။ လေယာဉ်နဲ့သွားမလား။ ကော့သောင်းလမ်းသွားမလား။ စေလွှတ်အေဂျင်စီတွေနဲ့ ဟိုဘက်က လက်ခံမယ့် အစိုးရဘက် သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းရမှာပါ” ဟု ဦးမြတ်သူက ဆိုသည်။
ယနေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်နှင့် ကရင်တော်လှန်ရေး အင်အားစု ပူးပေါင်းတပ် များကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။
စစ်ကောင်စီဘက်က မြို့တွင်းသို့ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသလို ခြေလျင်တပ်ရင်း (ခလရ) ၉၇ တပ်မှ ပစ်ခတ်သည့် မော်တာကျည်များ မြို့တွင်း လူနေရပ်ကွက်များအပေါ် ကျရောက်ပေါက်ကွဲသဖြင့် အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိကြောင်း သိရသည်။
မြန်မာ-ထိုင်းနပ်စပ် မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေး တံတားနှင့် ကော့သောင်း-ရနောင်း ရေလမ်း ခရီးတို့မှ တဆင့် ယခုနှစ် မေလမှ စတင်ကာ အောက်တိုဘာလ ၁၆ ရက်နေ့ အထိ ထိုင်းနိုင်ငံအတွင်းသို့ MoU မြန်မာလုပ်သား ၅၇,၀၅၉ ဦးတို့ကို ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများဖြင့် ချိတ်ဆက်စေလွှတ်နိုင်ခဲ့ကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံးမှ သိရသည်။
You may also like these stories:
MoU စနစ်ဖြင့် မြန်မာလုပ်သား ၂၈၀ ကျော် ထိုင်းနိုင်ငံမှ ပြန်လည်ခေါ်ယူ
စစ်အာဏာသိမ်းပြီးနောက် ထိုင်းရောက် မြန်မာလုပ်သားများ အခွင့်အရေးချိုးဖောက်ခံရမှု ပိုဆိုးလာဟုဆို
မြဝတီ ကုန်သွယ်ရေး လမ်းကြောင်း ပိတ်ထား၍ သွင်းကုန်ဈေးနှုန်းများ မြင့်လာနိုင်