မြန်မာစစ်ကောင်စီသည် ဧရာဝတီသတင်းဌာနအား ခြိမ်းခြောက်နှောင့်ယှက်နေခြင်းကို ရပ်တန့်ပြီး လွတ်လပ်သည့်သတင်းဌာနများအား မကြောက်မရွံဘဲ သတင်းထုတ်နိုင်ရန် ခွင့်ပြုရမည်ဖြစ်ကြောင်း သတင်းသမားများ ကာကွယ်စောင့် ရှောက်ရေး ကော်မတီ (CPJ) က သောကြာနေ့တွင် ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်တွင် မွန်ပြည်နယ် အရှေ့ပိုင်း၌ စစ်ကောင်စီတပ်များကို အာဏာသိမ်းမှု ဆန့်ကျင်သူ များက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်၏ ပြန်လည် ပစ်ခတ်မှုကြောင့် ဘုရားဖူးများ သေဆုံးရသည် ဆိုသည့် သတင်း အတွက် ဧရာဝတီကို တရားစွဲမည်ဟု စစ်ကောင်စီက ကြေညာခဲ့ကြောင်း ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ဦးအောင်ဇော်က CPJ ကို ပြောသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဧရာဝတီကို ဗြောင်လိမ်ဗြောင်စားဟု သုံးနှုန်းထားပြီး အီလက်ထရောနစ် ဥပဒေ၊ သတင်း မီဒီယာဥပဒေ အပါအဝင် အသရေဖျက်မှုတို့ဖြင့် တရားစွဲမည်ဟု ဆိုထားသည်။
လတ်တလော၌ စစ်ကောင်စီသည် တရားစွဲဆိုမည့် ကိစ္စနှင့်ပတ်သက်၍ ဧရာဝတီထံ ဆက်သွယ်လာခြင်း မရှိသေးကြောင်း အယ်ဒီတာချုပ် ဦးအောင်ဇော်က ဆိုသည်။
ဧရာဝတီသတင်းဌာနအပြင် မြန်မာနိုင်ငံအတွင်း လည်ပတ်လုပ်ကိုင်နေသည့် BBC မြန်မာပိုင်းကိုလည်း တရားစွဲသွားမည် ဟု စစ်ကောင်စီ၏ ကြေညာချက်၌ ဖော်ပြထားကြောင်း သတင်းများက ဆိုသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မြန်မာနိုင်တွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ဧရာဝတီသတင်းဌာန အပါအဝင် လွတ်လပ်သော အခြားမီဒီယာများကို စစ်ကောင်စီက ပိတ်ပင်ခဲ့ကြောင်းကို သတင်းများအပြင် CPJ ၏ အစီရင်ခံစာတွင် ရေး သားထားသည်။ ဧရာဝတီသတင်းဌာနသည် အဆိုပါ တားမြစ်ချက်ကို ဖီဆန်ကာ အွန်လိုင်းသတင်းများ နေ့စဉ် ထုတ်လုပ် တင်ဆက်နေခြင်း ဖြစ်သည်။
CPJ ၏ အကြီးတန်း အရှေ့တောင်အာရှ ကိုယ်စားလှယ် Shawn Crispin က “ဧရာဝတီသတင်းဌာနအပေါ် စစ်တပ်က ရိုင်းစိုင်းစွာ စဉ်ဆက်မပြတ် နှောင့်ယှက်နေတာဟာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်ပြီး ချက်ချင်း ရပ်တန့်ပစ်ရပါမယ်။ လွတ်လပ်တဲ့ သတင်းမီဒီယာတွေအပေါ် မြန်မာစစ်ကောင်စီက ဥပဒေမဲ့ လုပ်ဆောင်တယ်ဆိုတာ ဧရာဝတီဖြစ်ရပ်က နမူနာပါပဲ။ ဒါပေမယ့် သတင်းသမားတွေကို ပစ်မှတ်ထားပြီး ဥပဒေမဲ့ လုပ်ဆောင်မှု ကြီးထွားလာတာဟာ စစ်ကောင်စီအတွက် တရားမဝင်မှုနဲ့ အားနည်းမှုတွေရဲ့ လက္ခဏာပါပဲ”ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီ၏ အောက်တိုဘာ ၁၄ ရက် ကြေညာချက်သည် ဧရာဝတီနှင့် ၎င်း၏ ဝန်ထမ်းများကို ကြောက်လန့်သွားစေရန် ဆက်တိုက် လုပ်ဆောင်လာသည့် နောက်ဆုံး လုပ်ဆောင်ချက် ဖြစ်သည်။
စက်တင်ဘာ ၂၉ ရက် ညသန်းခေါင်အချိန်ကလည်း မှုခင်း စုံစမ်းစစ်ဆေးရေး ဦးစီးဌာန (CID) မှ တာဝန်ရှိသူများသည် ရန်ကုန်မြို့ရှိ ဧရာဝတီသတင်းဌာနမှ အကြီးတန်း အယ်ဒီတာတဦး၏ နေအိမ်အား ရှာဖွေခဲ့ပြီး ၎င်း၏ မိဘများနှင့် မောင်နှမ များကို စစ်ဆေး မေးမြန်းခဲ့ကြောင်း အယ်ဒီတာချုပ်ဖြစ်သူ ဦးအောင်ဇော်က CPJ သို့ ပြောသည်။
ထိုညတွင်ပင် ရဲအရာရှိများက ဧရာဝတီသတင်းဌာန၏ ဒါရိုက်တာဟောင်း ဦးသောင်းဝင်း၏ အိမ်ကို သွားရောက် စစ်ဆေး ခဲ့ပြီး ၎င်းကို စစ်ကြောရေးသို့ ခေါ်ဆောင်သွားကာ လက်ရှိတွင် အမည်မသိ နေရာတခု၌ ထိန်းသိမ်းထားကြောင်း ဦးအောင်ဇော်က ဆိုသည်။
ဧရာဝတီ၏ ဓာတ်ပုံ သတင်းထောက်ဟောင်းဖြစ်သူ ကိုဇော်ဇော်ကိုလည်း ၂၀၂၂ ခုနှစ် ဧပြီလတွင် ဖမ်ဆီးခဲ့ပြီး မန္တလေး အိုးဘိုအကျဉ်းထောင်၌ ထိန်းသိမ်းထားကြောင်းလည်း ၎င်းက ပြောသည်။
စစ်ကောင်စီက ကိုဇော်ဇော်အား သတင်းသမားများကို ထောင်ချရာတွင် သုံးသည့် နိုင်ငံတော် အကြည်ညိုပျက်စေရန် လှုံ့ဆော်မှု၊ သတင်းအမှားများ ဖြန့်ချိမှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ဇွန်လတွင် တရားစွဲခဲ့ကြောင်း ဧရာဝတီသတင်းက ဖော်ပြသည်။
စစ်သားနှင့် ရဲများသည်၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့လည်ရှိ ဧရာဝတီ ရုံးခန်းကို ၂ ကြိမ်တိုင်တိုင် ဝင်ရောက် စီးနင်းခဲ့သော်လည်း အဆိုပါ နေရာသည် စစ်ကောင်စီဘက်က သတင်းထုတ်ဝေခွင့် ပိတ်ပင်ကတည်းက လုပ်ငန်းများ ရပ်ဆိုင်းထားသည့် နေရာဖြစ်ကြောင်း ဦးအောင်ဇော်က ပြောသည်။
၂၀၂၁ ခုနှစ် မတ်လတွင် စစ်ကောင်စီက ဧရာဝတီ သတင်းဌာနအား အာဏာသိမ်းမှု ဆန့်ကျင်သည့် ဆန္ဒပြပွဲ နှိမ်နင်းမှုများ အကြောင်း သတင်းဖော်ပြရာတွင် လက်နက်ကိုင်တပ်ဖွဲ့များကို လျစ်လျူရှုသည့်အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခဲ့ကြောင်း ဧရာဝတီသတင်းဌာနနှင့် ဦးအောင်ဇော်က ဆိုသည်။
ရဲတပ်ဖွဲ့က တဦးတယောက်ချင်းထက် ဧရာဝတီ သတင်းဌာနတခုလုံး တရားစွဲထားသည်။ ဧရာဝတီသည် အာဏာသိမ်းပြီး နောက် ဌာနတခုလုံး တရားစွဲခံရသည့် ပထမဆုံး သတင်းဌာနလည်းဖြစ်ကြောင်း သတင်းများနှင့် CPJ ၏ ၂၀၁၄ ခုနှစ် သတင်းလွတ်လပ်ခွင့်ဆုရထားသူ ဦးအောင်ဇော်ထံမှ သိရသည်။
CPJ က မြန်မာနိုင်ငံပြန်ကြားရေး ဝန်ကြီးဌာနနှင့် BBC မြန်မာပိုင်းသို့ အီးမေလ်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အကြောင်း ပြန်ချက် တစုံတရာ မရခဲ့ပေ။
CPJ ၏ ဒီဇင်ဘာ၁ရက် အကျဉ်းချမှုဆိုင်ရာ အချက်အလက်အရ မြန်မာနိုင်ငံသည် ကမာ္ဘပေါ်တွင် သတင်းထောက်များ အား ထောင်ချမှု ဒုတိယ အဆိုးဆုံး နိုင်ငံလည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် သတင်းသမား အများအပြားသည် လှုံ့ဆော်မှုအတွက် လွတ်လပ်သော သတင်း တင်ပြချက်များကို ကန့်သတ်ရန်၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည့် နိုင်ငံတော် ဆန့်ကျင်ရေးဆိုင်ရာဥပဒေဖြင့် ထောင်ချခံထားရသည်။
You may also like these stories:
ဧရာဝတီနှင့် ဘီဘီစီကို အရေးယူမည့် နောက်ကွယ် ဒုစစ်ခေါင်းဆောင် ပါဝင်
စစ်ကောင်စီသစ္စာခံက ကလောင်ဝှက်ဖြင့် ASEAN ကို တိုက်ခိုက်ဝေဖန်
ကျိုက်ထီးရိုးတောင်ခြေ တိုက်ခိုက်မှု KNU စုံစမ်း စစ်ဆေးမည်