ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဖွဲ့စည်းခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပနေစဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ်များနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် KIO/KIA အရာရှိများ၊ အနုပညာရှင်များနှင့် အရပ်သားပြည်သူ ၁၀၀ ကျော် သေဆုံးကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အတွင်း KIO ၏ တပ်မဟာ ၉ ထိန်းချုပ်နယ်မြေအတွင်းရှိ အနန့်ပါ (A Nang Pa) တွင် အောက်တိုဘာ ၂၃ ရက်နေ့ညက တေးဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် တိုက်လေယာဉ်များဖြင့် လူအုပ်ကြားထဲသို့ ဗုံးကြဲခြင်း၊ လက်နက်များဖြင့် တရစပ် ပစ်ခတ်မှုများကို ၁၀ မိနစ်ခန့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေသခံတဦးက “စတိတ်စင်ဆိုတော့ စလိုက်မီးတွေဘာတွေက ရှိတာကိုး။ အဲဒီ စတိတ်ရှိုးစင်ကို ဦးတည်ပြီး ပစ်တာပဲ။ လူများတဲ့၊ လူစည်တဲ့နေရာကို ရည်ရွယ်ပြီး ပစ်တဲ့ သဘောပဲ။ စတိတ်ရှိုးစင်မှာ ကြည့်တဲ့လူတွေရော အဆိုတော်တွေရော ထိုင်နေတဲ့ အရာရှိ၊ အရာခံ၊ ပြည်သူလူထု အမျိုးသမီး၊ အမျိုးသားတွေ ကျဆုံးခဲ့တာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျရောက်မည့် ၆၂ နှစ်ပြည့် KIO ဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၂၃ ရက်ညတွင်ကျင်းပနေစဉ် ၈ နာရီခွဲဝန်းကျင်၌ ယင်းသို့ တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသူက များပြီး ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ရာလမ်းတွင်လည်း ဖြတ်ကျော်ရသည့် စစ်ကောင်စီတပ်ဂိတ်က တားဆီးမှုများ ရှိခြင်းကြောင့် သွေးထွက်လွန်ကာ သေဆုံးသူ ဦးရေ တိုးလာကြောင်းလည်း သိရသည်။
KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးကလည်း “တရာကျော်သေတယ် အရာရှိ အကြီးတွေပါတယ်။ တချို့ အသားစတောင်မတွေ့ရဘူး။ ခရိုင်မှူးတယောက်ပဲလွတ်တယ်။ ဒဏ်ရာပြင်းသူတွေ ဆေးသွားကုဖို့လည်း စစ်တပ်ဂိတ်က ပေးမဖြတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
သေဆုံးရုပ်အလောင်းများကို KIA တပ်ဖွဲ့ဝင်များက သယ်ဆောင် ရှင်းလင်းရေးများ ပြုလုပ်နေပြီး အရာရှိများ သေဆုံးမှု အရေအတွက် အတိအကျကိုမူ KIO က အတည်ပြုဖြေကြားခြင်း မရှိ သေးပေ။
KIO ၏ ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက “ရာထူးကြီးတွေ ပါတယ်လို့တော့ ပြောလို့ရပါတယ်။ ဒါပေမယ့် မည်သူ၊ မည်ဝါ၊ ဘယ်လောက်ဆိုတာတော့ ကျနော်တို့ အတည်အကျ ပြောလို့ မရသေးဘူး” ဟု ပြောသည်။
ပွဲကျင်းပနေသည့် နေရာသည် KIA တပ်ထဲတွင် ပြုလုပ်နေခြင်း မဟုတ်သလို ပြည်သူ အများအပြား ရောက်ရှိနေသည့် နေရာလည်း ဖြစ်ရာ ယခုကဲ့သို့ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခြင်းသည် ပြည်သူများကို ထည့်တွက်ခြင်း မရှိသည်သာ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
ဒေသခံ တဦးက “အင်မတန်မှကို ရွံစရာ ကောင်းတာပေါ့။ အနီးနားမှာ ရွာရှိတဲ့ အတွက် ပွဲကြည့် ပရိတ်သတ်တွေ လာတာ။ တော်တော်ကို ယုတ်မာပက်စက်တဲ့ လုပ်ရပ်လို့ပဲ ပြည်သူတွေက မြင်တယ်” ဟု ဧရာဝတီကို ပြောသည်။
ဗိုလ်မှူးကြီး နော်ဘူကလည်း “ပြည်သူလူထုနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ရှိနေတာကို သိလျက်နဲ့ လုပ်တာ။ ဒါက လူမဆန်တဲ့လုပ်ရပ်ပဲ။ ရန်သူကို တိုက်နေတာလည်း မဟုတ်ဘူး။ ပြည်သူလူထုကို တိုက်ခိုက်ရာ ရောက်ပါတယ်။ ဒါကြောင့် စစ်ရာဇဝတ်မှု မြောက်ပါတယ်” ဟု သုံးသပ်သည်။
၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း KIO ထိန်းချုပ်ရာ လိုင်ဇာရှိ ဗိုလ်သင်တန်းကျောင်းကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်တန်းသား ၂၀ ကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။
ယခုပစ်ခတ်တိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ်က ကြိုတင်သတင်းရပြီးမှ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ပုံရကြောင်း အမည်မဖော်လိုသည့် KIA သတင်းရင်းမြစ်တဦး က ဧရာဝတီသို့ ပြောသည်။
၎င်းက “အဲဒီဘက်ကို သွားတဲ့ လမ်းတလျှောက်မှာ စစ်တပ်ရဲ့ ဂိတ် ၂ ခုကို ဖြတ်ရတယ်။ ဆိုတော့ အခုလိုမျိုး ပွဲလုပ်တဲ့ အခါကျတော့ လုပ်ငန်းရှင် ကားတွေရော၊ ဒီကလူတွေရော၊ အနုပညာရှင်တွေရော တီးဝိုင်းတွေရော သွားတဲ့ အခါကျတော့ အစီအစဉ် ရှိတယ်ဆိုတာကို စစ်တပ်က သိတာတော့ သေချာတယ်။ နောက်တခုက အဲဒီနေရာနဲ့ စစ်တပ် ၁ ခု ရှိတဲ့နေရာနဲ့က မလှမ်းမကမ်းမှာပဲ ရှိတာဆိုတော့ အသံတွေကလည်း ကြားနေရမှာပဲ” ဟု ပြောသည်။
ယခု တိုက်ခိုက်မှု မတိုင်ခင်ကပင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ကိုထောက်ပံ့သဖြင့် KIA လက်နက်စက်ရုံကို ဗုံးကြဲရန် ဩဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဘူးလက်လှဆွေက စစ်ကောင်စီကို တိုက်တွန်း ပြောထားဖူးသည်။