အသေးစိတ်များကို ကြိုတင်စီစဉ်ပြီး နိုင်ငံရေးကိစ္စများကို လျှို့ဝှက်ထားတတ်သော တရုတ်နိုင်ငံတွင် ကွန်မြူနစ်ပါတီကွန်ဂရက် ပိတ်ပွဲအခမ်းအနားမှ သမ္မတဟောင်း ဟူကျင်တောင်သည် အစောင့်များနှင့်အတူ ထူးခြားစွာ ထွက်ခွာသွားသောကြောင့် တရုတ်အရေး လေ့လာသူများအကြား အပြင်းအထန် ခန့်မှန်းချက်များ ထွက်ပေါ်လာစေသည်။
စနေနေ့တွင် ကျင်းပသည့် ထိုအခမ်းအနားတွင် အစဉ်အလာအတိုင်း အသက် ၇၉ နှစ် ရှိပြီဖြစ်သော မစ္စတာဟူသည် သူ့ကိုဆက်ခံသူ ရှီကျင့်ဖျင်၏ လက်ဝဲဘက်ဘေးတွင် ကပ်လျက်ထိုင်နေသည်။ ရှီကျင့်ဖျင်သည် ခေါင်းဆောင်အဖြစ် တတိယသက်တမ်း ရရှိရေးအတွက် ကြိုးစားနေပြီး ထိုသက်တမ်းကို တနင်္ဂနွေနေ့တွင် အတည်ပြုလိုက်သည်။
၅ နှစ်တကြိမ် ကျင်းပသည့် ကွန်ဂရက်အတွင်း ရှီသည် သူ့ကို သစ္စာခံသူများဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီကို ခန့်အပ်ပြီး တချိန်က အာဏာကြီးမားသော ဟူ၏ ကွန်မြူနစ်လူငယ်အဖွဲ့ချုပ် အုပ်စုမှ ထိပ်တန်းအဖွဲ့ဝင် ၃ ဦးကို ဖယ်ရှားကာ သူ၏အာဏာကို ခိုင်မာအောင်လုပ်ခဲ့သည်။
ထို့ကြောင့် အချိန်အခါနှင့် အခြေအနေအရ မည်သည်တို့ဖြစ်သည်၊ မည်သည့်အတွက် ဖြစ်သည်ဆိုသည့် အချက်များကို အပြင်းအထန် ခန့်မှန်းပြောဆိုမှုများ ဖြစ်စေသည်။ လွန်ခဲ့သော တပတ်က ထိုစင်မြင့်ပေါ်သို့ အခြားသူများ၏ အကူအညီဖြင့် တက်ရသည့် ဟန်ချက်မညီတော့သော မစ္စတာ ဟူ အနားယူလိုက်ရသလား၊ သို့မဟုတ် နောက်ကွယ်တွင် အခြားအကြောင်းရှိပါသလား။ ဟူက ရှီကို ဆန့်ကျင်ခဲ့သလား။ ရှီက ဟူကို ထုတ်ပယ်လိုက်ခြင်းလား။
သတင်းဝေဖန်သုံးသပ်သူ အများအပြားက ထိုသင်္ကေတသည် ရှီ၏ ပိုမိုအာဏာရှင်ဆန်သော အုပ်ချုပ်ရေးအောက်တွင် လူငယ်အဖွဲ့ချုပ်နှင့် တရုတ်နိုင်ငံ၏ စုပေါင်းခေါင်းဆောင်မှု ကျဆုံးသွားခြင်းကို ဖော်ပြသည်ဟု ယူဆကြသည်။
“ခေတ်တခေတ်ကုန်ဆုံးသွားတာဖြစ်ပုံရတယ်” ဟု ဘေဂျင်းတွင် နေထိုင်သည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည့် တရုတ်ရှိ ဥရောသမဂ္ဂကုန်သည်များအသင်း ဥက္ကဋ္ဌ ဂျော့ဝပ်ကဲက ပြောသည်။ “အရမ်းထူးဆန်းတယ်” ဟု သူက ပြောသည်။
ထိုဖြစ်ရပ်ကို ရိုက်ကူးထားသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများအရ မစ္စတာ ဟူသည် သူ့ရှေ့ စားပွဲပေါ်မှ ဖိုင်တွဲအနီတခုကို လှမ်းယူလိုက်ပြီး တရုတ်ထိပ်တန်းလွှတ်တော်အမတ် လီကျန်ရှူက ထိုဖိုင်ကို ပြန်ယူလိုက်ပြီးနောက် အစောင့် ၂ ဦးက ဘေဂျင်းရှိ ပြည်သူ့ခန်းမဆောင်၏ ပင်မစင်မြင့်မှ ခေါ်ထုတ်သွားသည်။
တနေရာတွင် လီက သူ့ကို ကူညီရန် ကြိုးစားပုံရသော်လည်း နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင် ဝမ်ဟူညင်က တားဆီးလိုက်သည်။ ဟူသည် စိတ်ဖိစီးနေပုံနှင့် စင်ပေါ်မှ ခေါ်ထုတ်ခံရသည်ကို ငြင်းဆန်ပုံရသည်။
ထိုသို့ ခေါ်ဆောင်သွားချိန်တွင် သူသည် ရှီနှင့် စကားအနည်းငယ်ပြောပြီး သူ၏လူငယ်အဖွဲ့ချုပ်မှ လက်အောက်ငယ်သား ရာထူးမှ နုတ်ထွက်တော့မည့် ဝန်ကြီးချုပ် လီကဲ့ချန်ကို ပုခုံးတချက်ပုတ်ခဲ့ပြီး အစောင့်အရှောက်များဖြင့် ထွက်သွားသည်။
“အထင်အရှား ရုန်းကန်နေရတဲ့ အဘိုးအိုကို ကျန်တဲ့လူအားလုံးက စာနာမှု လုံးဝမပြတဲ့အချက်ကြောင့် ကျနော် တော်တော် တုန်လှုပ်သွားတယ်” ဟု ဝပ်ကဲက ပြောသည်။
ကျန်းမာရေးမကောင်း
တရုတ်နိုင်ငံ၏ တခုတည်းသော ပြောကြားချက်ကို စနေနေ့နှောင်းပိုင်းတွင် အင်္ဂလိပ်ဘာသာဖြင့် တွစ်တာတွင် နှစ်လုံးတည်းသာ ဖော်ပြထားသည်။ တရားဝင် ဆင်ဟွာ သတင်းဌာနက ဟူသည် “နေမကောင်း” ဟု ဖော်ပြသော်လည်း ထိုအချက်ကို တရုတ်အရေး လေ့လာသူများက သံသယရှိကြသည်။
တရုတ်နိုင်ငံတွင် တွစ်တာကို ပိတ်ပင်ထားပြီး ထိုဖြစ်ရပ်ကို ပြည်တွင်းမီဒီယာများက ဖော်ပြခြင်း မပြုကြပေ။
နိုင်ငံပိုင်ရုပ်သံက စနေနေည ထုတ်လွှင့်မှုတွင် မစ္စတာ ဟူ ကွန်ကရက်မှ မထွက်ခွာမီ ကွန်ဂရက်တွင် ရှိနေသည်ကို ပြသခဲ့သည်။
ကမ္ဘာတွင် အာရုံစိုက်ခံနေရသည့် ထိုဖြစ်ရပ်အကြောင်း ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းသောအခါ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင်ဟွာသတင်းဌာန၏ တွစ်တာတွင် ရေးသားချက်ကိုသာ ပြန်လည်ရည်ညွှန်း ပြောကြားသည်။
“ဒီဖြစ်ရပ်က တရုတ်အဆင့်မြင့် နိုင်ငံရေးလောကက အာဏာအားပြိုင်မှုတွေထက် တရုတ်နိုင်ငံ သတင်းအချက်အလက် ပတ်ဝန်းကျင်အကြောင်း ကျနော်တို့ ပိုမိုသိစေနိုင်တယ်” ဟု သြစတြေးလျ အမျိုးသားတက္ကသိုလ်မှ သုတေသီ ဘန်ဂျမင် ဟာစကိုဗစ်က ပြောသည်။
တရုတ် နိုင်ငံရေးသည် အမြဲတစေ ပွင့်ပွင့်လင်းလင်းမရှိဘဲ ရှီ၏ ဆယ်စုနှစ်တခုကြာ အာဏာရကာလတွင် ပိုမိုလျှို့ဝှက်လာသည်။
“ကျန်းမားရေး မကောင်းဘူးဆိုတဲ့ စိတ်ဝင်စားစရာ မကောင်းတဲ့ ရှင်းလင်းချက်က မှန်ကောင်းမှန်နိုင်ပေမယ့် တရုတ်အဆင့်မြင့် ခေါင်းဆောင်တွေနဲ့ ပတ်သက်တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ လျှို့ဝှက်မှုနဲ့ အဆင့်မြင့်တရုတ်နိုင်ငံရေးကြောင့် ပိုမိုစိတ်ဝင်စားစရာကောင်းတဲ့ ရှင်းလင်းချက်ကို ဖြစ်စေတယ်” ဟု သူကပြောသည်။
တွစ်တာကဲ့သို့သော တရုတ်လူမှုကွန်ရက် ဝေဘို weibo တွင် အသုံးပြုသူ အနည်းငယ်ကသာ ထိုဖြစ်ရပ်ကို ဟူနှင့်ပတ်သက်သည့် ပို့စ်အဟောင်းများတွင် မှတ်ချက်ပေး ရည်ညွှန်းရေးသားကြသည်။ စနေနေ့ညသို့ ရောက်သောအခါ ဟူ၏ အမည်ပါသည့် ပို့စ်များမှ မှတ်ချက်များကို မတွေ့ရတော့ပေ။
“ဘာဖြစ်တယ်ဆိုတာ ကျနော်မသိဘူး။ အထင်အရှား တွေ့ရတာကတော့ အချိန်ကိုက်ဖြစ်နေတာက အရမ်း သံသယဖြစ်စရာ ကောင်းနေတယ်” ဟု ဆန်ဒီရေဂိုရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဗစ်တာရှစ်က ပြောသည်။
ကိုးကား။ ။ Reuters သတင်း Hu’s dramatic China congress exit fuels speculation, official silence
You may also like these stories:
၅ နှစ်တကြိမ် ကျင်းပသည့် တရုတ်အမျိုးသားကွန်ဂရက်အကြောင်း သိကောင်းစရာ ၅ ခု
စီမံကိန်းကြီးများကြောင့် မြန်မာပြည် ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေ
တရုတ်ကွန်မြူနစ်ပါတီ ညီလာခံနှင့် အလားအလာများ