အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းမှ တဆင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆုံးရှုံးသွားသည်များကို ခွန်အားယူကာ တော်လှန်ရေး ခရီးဆက်သွားမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေး တပ်မတော်/ကချင် လွတ်လပ်ရေးအဖွဲ့ (KIA/KIO) အဖွဲ့က ယနေ့ ရက်စွဲဖြင့် တရားဝင် ထုတ်ပြန်ကြေညာသည်။
အဆိုပါ ထုတ်ပြန်ချက်ထဲတွင် “ဤဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ကို အာဏာရှင်စစ်ကောင်စီအား တွန်းလှန်တော်လှန်သည့် တော်လှန်ရေးခွန်အားအဖြစ်သို့ အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်” ဟု ဖော်ပြ ပါရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်ည ၈ နာရီခွဲက ကချင်ပြည်နယ် ဖားကန့်မြို့နယ် မြောက်ဘက် ၁၀ မိုင်အကွာရှိ အနန့်ပါရွာတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဖွဲ့စည်းခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ် ဂီတပွဲ ကျင်းပနေစဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ် ၃ စီးဖြင့် လာရောက် ဗုံးကြဲခဲ့ပြီး တပ်မဟာ ၉ ၏ တပ်မဟာမှူးအပါအဝင် တပ်ရင်း ၆ မှ ခေါင်းဆောင်များ ၊ အနုပညာရှင်များနှင့် အရပ်သားများ သေဆုံးခဲ့ရသည့်အပေါ် သဘောထား ထုတ်ပြန်ခြင်း ဖြစ်သည်။
အနန့်ပါရွာသည် ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်မဟာ (၉) လက်အောက်ခံ တပ်ရင်း ၆ နယ်မြေတွင် တည်ရှိသော်လည်း KIA ၏ စစ်ဘက် တပ်စခန်းမဟုတ်ဘဲ ခရီးသွားများ ခေတ္တ နားနေကြသော ဈေးဆိုင်တန်းသာ ဖြစ်ကြောင်း KIO က ရှင်းထားသည်။
ကချင်လွတ်လပ်ရေး ကောင်စီ (KIC) ၏ ဒုဥက္ကဋ္ဌ – ၁ ဗိုလ်ချုပ်ဂွန်မော် က KIO ဗဟိုကော်မတီအနေဖြင့် မြန်မာအစိုးရ အဆက်ဆက်ကို ကူညီထောက်ခံသည့်သူများကိုပင်လျှင် ရန်သူအဖြစ်မသတ်မှတ်ခဲ့ကြောင်း ယခု အနန့်ပါသို့ လာရောက်သော ပြည်သူများ၊ ဒေသခံများကို စစ်ကောင်စီမှ ရန်သူသဖွယ်ပြုမူခဲ့ပြီဖြစ်သည်ဟု ၎င်း၏ ဖေ့ဘုတ်လူမှုကွန်ရက် စာမျက်နှာမှ တဆင့် အာဏာသိမ်းခေါင်းဆောင်ထံသို့ သတင်းစကား ပြောထားသည်။
ထိုအထဲတွင် “အားလုံးရဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေဖြစ်လာမှာပါ” ဟုလည်း ပြောထားသည်။
KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကလည်း မကြာမီကာလအတွင်း KIO ဗဟိုကော်မတီသည် နိုင်ငံရေးအရွေ့တစ်ခုသို့ ဖော်ဆောင်သွားမည်ဖြစ်ပြီး ကေအိုင်အို အမှုထမ်းများနှင့် ပြည်သူများက အားသွန်ခွန်စိုက် ပါဝင်သွားကြရန် တိုက်တွန်းကြောင်း KIO ဖွဲ့စည်းခြင်း ၆၂ နှစ်ပြည့် မိန့်ခွန်း၌ ပြောထားသည်။
ဗိုလ်ချုပ်ကြီးအင်ဘန်လကလည်း ၎င်း၏ မိန့်ခွန်းတွင် KIO ပါတီဝင်များကို အားပေးစကားဆိုထားပြီး နွေဦးတော်လှန်ရေးကို အတတ်နိုင်ဆုံး ဆက်လက်ဆောင်ရွက်သွားရန် ပြောထားကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြန်၍ ရှင်းပြသည်။
ဗိုလ်မှူးကြီး နော်ဘူ က “KIO အဖွဲ့ဝင်တွေကို အားပေးတဲ့ မိန့်ခွန်းပါ။ မပြီးသေးတဲ့ ကျနော်တို့ရဲ့ တော်လှန်ရေး ဖြစ်စဉ်ကို ရှေ့ဆက်ဖို့ ဆိုတာ ပါ ပါတယ်။ မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးကိုလည်း အတတ်နိုင်ဆုံး ရှေ့ဆက်ပြီးတော့မှ တာဝန်ထမ်းဆောင်ဖို့ ပါတာ ရှိပါတယ်။ အားလုံး ဂရုစိုက်ကြဖို့ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပြောင်းအလဲတွေရှိ လာမှာကို ရည်ညွှန်းပြီး ပြောတာပါ” ဟု ဆိုသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နှစ်ပတ်လည်နေ့ အခမ်းအနား ပြုလုပ်နေစဉ်တွင် KIA နှင့် ပြည်သူလူထုအား အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခြင်းလည်းဖြစ်သည်။
တိုက်ခိုက်မှုကြောင့် KIA တပ်ဖွဲ့မှ အရာရှိ ၊ စစ်သည်များ၊ အနုပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် အရပ်သား စုစုပေါင်း လူဦးရေ ၁၀၀ ကျော်သေဆုံးခဲ့ရသလို အများအပြား ဒဏ်ရာရခဲ့သော်လည်း ဗိုလ်မှူးကြီးနော်ဘူကမူ တပ်မဟာ (၉) တပ်မဟာမှူး အပါအဝင် လူ ၅၀ ကျော်သေဆုံးပြီး ဒဏ်ရာရရှိသူ ၅၅ ဦးရှိကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒီကိစ္စကို တာဝန်ယူတဲ့သူတွေ ပို့လာတာကတော့ သေဆုံးသွားတဲ့သူ စုစုပေါင်းကတော့ နာမည်နဲ့တကွ ကတော့ ၃၇ ဦး တွေ့ရပါတယ်။ တခုရှိတာကတော့ နာမည်မတွေ့ရဘဲနဲ့ အလောင်းဘဲတွေ့ရတာလည်းရှိတယ်။ နာမည်အတည် မပြုနိုင်သေးဘူးပေါ့။ အဲဒါတွေကို ပေါင်းကြည့်ရင်တော့ ၅၀ လောက်ရှိမှာပါ။ ပျောက်ဆုံးကတော့ ၁၀ ယောက်ရှိပါတယ်။ လောလောဆယ် ရှာလို့မရသေးတာပေါ့” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
စစ်ကောင်စီက ဂိတ်များကို ပိတ်ဆို့ စစ်ဆေးနေခြင်းကြောင့် ဒဏ်ရာရလူနာများ ဆေးကုသမှုရရှိရန် ခက်ခဲနေကြောင်း လည်း သိရသည်။
ဗိုလ်မှူးကြီးနော်ဘူက “ကျနော်တို့ အတတ်နိုင်ဆုံးဆေးကုသပေးနေပါတယ်။ စိုးရိမ်ရတာတွေလည်း ပါပါတယ်။ သာမန်လူနာတွေ လည်းပါပါတယ်။ စစ်တပ်ကတော့ ဂိတ်တွေကို ပိတ်ထားပြီးတော့မှ အဝင်အထွက်တွေ စစ်ဆေးတာပေါ့။ အခုထက်ထိကတော့ အဲဒီဂိတ်တွေ ဖွင့်မပေးဘူးပေါ့။ ကျနော်တို့ လူနာတွေကလည်း အပြင်ဘက်မှာ ဆေးကုသဖို့ အခက်အခဲရှိပါတယ်” ဟု ဆိုသည်။
ကချင်ပြည်နယ်မှ လာသည့် သတင်းများအရ စစ်ကောင်စီတပ်ကြဲချသည့် ဗုံး ၃ လုံးအနက် ၁ လုံးသည် ဂီတပွဲပြုလုပ်နေသည့် ခန်းမတည့်တည့်သို့ ထိမှန်ခဲ့သဖြင့် ယခုကဲ့သို့ သေဆုံးသူများ များပြားရခြင်းဖြစ်ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီဘက်ကမူ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားသေဆုံးမှုကို လစ်လျူရှုကာ KIA တပ်ဖွဲ့ဝင်များ ရှိနေသဖြင့် ပစ်ခတ်ရခြင်းဖြစ်ကြောင်း အောက်တိုဘာ ၂၅ ရက် ထုတ် မြန်မာ့အလင်းသတင်းစာတွင် သတင်းထုတ်ပြန်ထားသည်။
KIA နှင့်နီးစပ်သည့် မြေပြင်သတင်းရင်းမြစ်တဦးကလည်း သေဆုံးသူများထဲတွင် ကချင်အနုပညာရှင်များ၊ တေးဂီတဖျော်ဖြေပွဲအတွက် ရုပ်သံရိုက်ကူးတင်ဆက်မည့်သူများ ၊ အကျွေးအမွေးအတွက် ချက်ပြုတ်သူများ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ထောက်ပို့ဆောင်ရွက်နေသူများ နှင့် ကျောက်လုပ်ငန်းရှင်အချို့လည်း ပါဝင်ကြောင်း ဆိုသည်။
၎င်းက “ဒီဟာက ပွဲတော်တခုဖြစ်တဲ့အတွက် အခမ်းအနားပြင်ဆင်တဲ့သူတွေ ၊ ရိုက်ကူးရေးသမားတွေ ၊ ဗွီဒီယိုရိုက်တာတွေ တချို့ပါမယ်။ တချို့ရိုက်ကူးရေးသမားတွေ ဆိုရင် အစတောင်ရှာမရဘူးတဲ့။ ဆိုင်းတောင်မှာရှိတဲ့ လော်ပန်း အတော်များများပါသွားတယ်။ လော်ပန်းဆိုတာမျိုးက စစ်တပ်က ခေါ်လည်း သွားရတယ်။ ဒီဘက်ကဆိုလည်း လာရတာပဲ။ သေတဲ့အထဲ ချက်ရေးပြုတ်ရေး လုပ်တဲ့သူတွေရော ပေါ့။ ဒီလူတွေက မြို့ပေါ်ကလူတွေလေ။ စစ်တပ်ကတော့ ဗြောင်လိမ်ဗြောင်စား ပြောတာပါပဲ” ဟု ဆိုသည်။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဖွဲ့စည်းခြင်း ၆၂ နှစ်ပြည့် ပွဲကိုလည်း အခမ်းအနားဖြင့် မကျင်းပတော့ဘဲ အကျဉ်းချုံးကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KIA ထံမှသိရသည်။

မြန်မာအရေး ကျွမ်းကျင်သူ ဆွီဒင်လူမျိုး သတင်းစာဆရာ ဘာတေးလ်လစ်တနာကလည်း စစ်ကောင်စီတပ်သည် နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် KIA တပ်ဖွဲ့ကို အပြစ်ပေးသည့် အနေနှင့် ယခုကဲ့သို့ အထိမ်းအမှတ်ပွဲ ပြုလုပ်နေစဉ် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း Myitkyina သတင်းဂျာနယ်နှင့် အင်တာဗျူးတွင် ပြောထားသည်။
၎င်းက“ကျနော် ဒီသတင်းကြားပြီး အရမ်းလန့်သွားတယ်။ ဒါပေမယ့် မအံ့သြမိဘူး။ ဘာလို့လည်းဆိုတော့ စစ်တပ်ဟာ လူ့အသက်ကို လုံးဝတန်ဖိုးမထားလို့ပဲ။ သူတို့ဟာ နိုင်ငံအဝှမ်းက ကျောင်းတွေ၊ ဘုရားကျောင်းတွေ နောက်ပြီး၊ အရပ်သားတွေနေတဲ့ ရွာတွေကို ဗုံးကြဲနေကြ ဖြစ်တယ်” ဟု အင်တာဗျူးတွင် ပြောသည်။
မြန်မာနိုင်ငံအခြေစိုက် တိုင်းရင်းသားအရေးလေ့လာသူတဦးကမူ စစ်ကောင်စီတပ်သည် မြေပြင်တွင် ထိထိရောက်ရောက် တိုက်စစ်ဆင်နိုင်သည့် အခြေအနေမရှိသဖြင့် KIA တပ်ဖွဲ့ဝင်များနှင့် အရပ်သားများ ရောနှောနေသည့် ပစ်မှတ်များကို လေကြောင်းမှတိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်းဆိုသည်။
၎င်းက“ဒီရက်ပိုင်း မိုးမောက်မြို့နယ် အထက်ဘက်မှာ KIA နဲ့တိုက်ပွဲတွေဖြစ်ပြီး ဗုံးကြဲနေတာပဲ။ အဲဒီလို ဗုံးကြဲတိုက်ခိုက် ပေမယ့် ဘာမှထိထိရောက်ရောက်မရှိပါဘူး။ သေကြေဒဏ်ရာရက ပြောပလောက်အောက်မရှိဘူး။ အဲဒီတော့ သူက အရပ်သား ပစ်မှတ်တွေ လိုက်ကြဲပြီး အရပ်သား သေကြေဒဏ်ရာရ ဆုံးရှုံးမှုများအောင်လုပ်နိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာ ပြတာပဲ။ တကယ်တမ်း စစ်မြေပြင်မှာ သူသေကိုယ်သေ တိုက်နေတဲ့ လက်နက်ကိုင်တပ်က ဘာမှ အားမကိုးရဘူး။ ဘာမှ ထိရောက်အောင်မလုပ်နိုင်ပါဘူ” ဟု ဆိုသည်။
တပ်မဟာမှူး ၁ ဦးနှင့် တပ်ရင်းခေါင်းဆောင်များ ဆုံးရှုံးသွားသော်လည်း KIA သည် စိတ်ဓာတ်ကျမသွားဘဲ ခေါင်းဆောင်ပိုင်း လိုအပ်ချက်ကို ချက်ချင်းပြန်ဖြည့်နိုင်သည့် အခြေအနေရှိကြောင်း မြန်မာနိုင်ငံအခြေစိုက် တိုင်းရင်းသားအရေးလေ့လာသူတဦးက သုံးသပ်သည်။
သာဓကအားဖြင့် KIA သည် အဖွဲ့ကိုစတင်တည်ထောင်သူများဖြစ်သည့် ဗိုလ်ချုပ်ဇော်ဆိုင်းနှင့် ဗိုလ်မှူးချုပ်ဇော်တူး တို့ ညီအကို ၂ ဦး ၁၉၇၅ ခုနှစ် ဩဂုတ်တွင် လုပ်ကြံခံခဲ့ရသော်လည်း အဖွဲ့ပျက်မသွားဘဲ အင်အားကောင်းသည်အထိ အဖွဲ့ကို ပြန်တည်ဆောက်နိုင်ခဲ့သည်။
KIA သည် တပ်မဟာ မှူး ၁ ဦးအပါအဝင် ရဲဘော်များနှင့် အရပ်သားပြည်သူများကို ဆုံးရှုံးလိုက်ရသဖြင့် အာဏာသိမ်း စစ်ကောင်စီတပ်ကို စစ်ရေးအရ တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာနိုင်ဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
တိုင်းရင်းသား အရေးလေ့လာသူတဦးက “ဆောင်းရာသီဆိုရင် ၂ ဖက်စလုံးက စစ်တိုက်ဖို့ စစ်ပြင်နေကြတဲ့ အချိန်ပဲ။ စစ်တပ်က အခုလို တိုက်ခိုက်တဲ့အတွက် ပိုပြင်းထန်တဲ့ KIA ရဲ့ တိုက်ခိုက်မှုတွေ မကြာခင်တွေ့လာရလိမ့်မယ်။ အဲဒီတိုက်ပွဲတွေမှာ KIA ရဲ့ မဟာမိတ်တွေပါ မြိုင်မြိုင်ဆိုင်ဆိုင် ပါလာဖို့များ တယ်လို့ ထင်တယ်။ တခုရှိတာက နိုင်ငံရေးအရ KIA ဘယ်လိုခြေလှမ်းလှမ်းမလဲဆိုတာက ပြောရခက်တယ်။ စောင့်ကြည့်ရမှာဖြစ်တယ်” ဟု ဆိုသည်။
KIA သည် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် တရုတ်-မြန်မာ နယ်စပ်အနီး စစ်ရေးအရ အရေးပါသည့် အလော့ဘွမ်တောင် စစ်တပ် ဗျူဟာကုန်း အပါအဝင် တပ်စခန်းပေါင်း ၁၆ ခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ထားသည်။
You may also like these stories:
KIO အထိမ်းအမှတ်ပွဲ ဗုံးကြဲတိုက်ခိုက်ခံရမှု လူ ၁၀၀ ကျော် သေဆုံး
ကချင်ပြည်နယ်အတွင်းရှိ BGF နှင့် ပြည်သူ့စစ်များကို တိုက်မည်ဟု KIO ကြေညာ
ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံနေရသည့် ကချင်အရပ်သားများ