သတင်း

စစ်တပ်ဖမ်းသွားသည့် ဘူးသီးတောင်ဒေသခံများ အဆက်အသွယ် ပြတ်နေ၍ မိသားစု စိုးရိမ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ ဈေးကြီးအတွင်း စစ်ကောင်စီတပ် ဝင်ရောက်ကာ ဖမ်းသွားသည့် ဒေသခံ ၂၀ ဦးနှင့် ပတ်သက်၍ မည်သို့ကြောင့် ဖမ်းသွားသည် မည်သည့်နေရာတွင် ချုပ်ထားသည်ကို ယနေ့တိုင် စုံစမ်းမရ ဖြစ်နေပြီး အဆက်အသွယ်ပြတ်နေကြောင်း မိသားစုဝင်များက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၅ မှ စစ်ကောင်စီ တပ်သားများသည် ဘူးသီးတောင်မြို့ ဈေးကြီးအတွင်းသို့ ဝင်ရောက်ကာ ဈေးရောင်းနေချသူများ၊ ကုန်သည် များ၊ ကုန်တင်ကုန်ချ အလုပ်သမားများ အပါအဝင် စုစုပေါင်း ဒေသခံ ၂၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ မိသားစုဝင်များထံမှ သိရသည်။

မိသားစုဝင်တဦးက “ဖမ်းသွားတဲ့နေ့က ဈေးထဲကို စစ်သား ၂၀ လောက် လာပြီးတော့ ဈေးဆိုင်ရောင်းနေတဲ့ လူတွေရော၊ ဈေးထဲ လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့လူတွေ၊ ကုန်တင်ကုန်ချသမားတွေ၊ သုံးဘီးသမားတွေနဲ့ တွေ့တဲ့လူတွေကို ခေါ်ယူပြီး တော့ ကားပေါ်တက်ခိုင်းတယ်။ ဘာမှ ပြောချိန်မရဘူး။ ကျမ အမျိုးသားလည်း ကုန်စုံဆိုင် ရောင်းနေရင်း ပါသွားတာ။ အခုထိ ဘယ်နေရာမှာ ဖမ်းထားတာဆိုတာ စုံစမ်းမရဘူး။ စစ်တပ်ညဖမ်းသွားတဲ့အထဲမှာ ဆိပ်ကမ်းရုံးက ရဲသား ၁ ယောက်လည်း ပါသွားတယ်။ သူလည်း ရှင်းပြချိန် မရလိုက်ဘူး” ဟု ဧရာဝတီကို ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့် ၂၀ ဦးတွင် ဘူးသီးတောင်မြို့ခံ ရခိုင်တိုင်းရင်းသား ဈေးသည် ၁၀ ဦး၊ မွတ်ဆလင် ဈေးသည် ၇ ဦးနှင့် ဈေးထဲတွင် ကုန်တင်ကုန်ချ လုပ်နေသူ ၃ ဦး ပါဝင်ကာ ဆိပ်ကမ်းရုံးမှ ရဲတပ်သား ၁ ဦးလည်း ပါဝင်ကြောင်း ဘူးသီး တောင်မြို့ခံများက ဆိုသည်။

ဘူးသီးတောင်မြို့ခံ လွှတ်တော်ကိုယ်စားလှယ်ဟောင်း တဦးက “ဖမ်းတဲ့အထဲမှာ ရဲသားတောင် ပါသွားတယ်ဆိုတော့ သူတို့ သတင်းရလို့၊ တယောက်ယောက်တိုင်လို့ ဖမ်းတာလည်း မဖြစ်နိုင်ဘူး။ လူထူကို ကြောက်လန့်အောင် တွေ့တဲ့လူတွေကို ဖမ်းမယ်ဆိုတဲ့သဘောနဲ့ ဖမ်းတာ ဖြစ်တယ်။ အဖမ်းခံရတဲ့သူတွေမှာလည်း ရခိုင်ရော၊ မွတ်ဆလင်တွေရော ပါတယ်။ သူတို့ လည်း ဘာမှ ပတ်သတ်မှု ရှိတဲ့လူတွေ မဟုတ်ဘူး။ နောက်ဆုံး စစ်ဆေးလို့ ဘာမှမပေါ်ရင် ငွေတောင်းမယ်။ ငွေမပေးနိုင်ရင် ပုဒ်မတခုခု တပ်မယ်။ လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတော့ ဆိုးသွမ်းမိုက်ရိုင်းပြတာပေါ့” ဟု မှတ်ချက်ပြုသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန် တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား များသည် မြေပြင်တွင် ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခြင်း မရှိတော့ဘဲ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ကုန်း လမ်း၊ ရေလမ်းများကို ပိတ်ဆို့ခြင်း၊ အရပ်သားများကို ဦးတည်ပြီး ဖမ်းဆီးခြင်းများ ပြုလုပ်လျက် ရှိကြောင်းလည်း ဒေသ သတင်းရင်းမြစ်များက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်ကလည်း မောင်တောမြို့နယ်အတွင်းက ကရုဏာကွန်ရက်လူမှုကူညီရေးအသင်းမှ ဘဏ္ဍာရေးမှူး ဦးလှသိန်းအား စစ်ကောင်စီ တပ်သားများက ၎င်း၏ နေအိမ်သို့ လာရောက်ကာ ဖမ်းဆီးသွားပြီးနောက် အသင်းဥက္ကဋ္ဌ ဖြစ်သူနှင့် အဖွဲ့ဝင်များကို AA နှင့် ဆက်သွယ်မှုရှိသည် ဟုဆိုကာ မတရားအသင်း ဥပဒေ ပုဒ်မ ၁၇ (၁)၊ ၁၇ (၂) ဖြင့် အမှုဖွင့်ခဲ့သည်။

ထို့အတူ အောက်တိုဘာ ၁၂ ရက်ကလည်း ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော စသည့် မြို့နယ်များမှ စစ်တွေမြို့ပေါ်သို့ စားသောက်ကုန် ပစ္စည်းများ ဝယ်ယူရန် ခရီးသည်များနှင့်အတူ ထွက်လာသော စက်လှေ ၉ စီးကို စစ်ကောင်စီ တပ်ဖွဲ့ဝင် များက ဖမ်းဆီးခဲ့ပြီးနောက် ခရီးသည်များအား လွှတ်ပြေးခဲ့သော်လည်း စက်လှေမောင်းသူများအား စစ်တွေမြို့မရဲစခန်းတွင် ဆက်လက် ဖမ်းဆီးထားကြောင်း သိရသည်။

သြဂုတ်လဆန်းပိုင်းကတည်းက စတင်ခဲ့သော ရခိုင်ပြည်နယ်အတွင်းက တကျော့ပြန်တိုက်ပွဲတွင် စစ်ကောင်စီတပ်သည် ရခိုင်မြောက်ပိုင်း မြို့နယ်များ အပါအဝင် တောင်ပိုင်းမြို့နယ်များ ဖြစ်သည့် တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင်၊ ကျောက်ဖြူ စသည့် မြို့နယ်များမှ အရပ်သားရာချီကို ဖမ်းဆီးထားပြီး တချို့ကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ရာဇာသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က)၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ ၁၇ (၂) တို့ဖြင့် အမှုဖွင့်လှစ်ခံထားရသလို တချို့မှာလည်း လက်ရှိအချိန်ထိ သတင်းများ စုံစမ်း၍မရ ဖြစ်နေကြောင်း ဒေသတွင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

You may also like these stories:

စစ်တွေသို့ ဈေးဝယ်လာသည့် စက်လှေ ၉ စီးကို စစ်တပ် ဖမ်းဆီး

မြောက်ဦးက မောင်းဆွဲ ရွာသူ၊ ရွာသားများကို စစ်တပ်ဖမ်းဆီး

မောင်တောမြောက်ပိုင်း၌ စစ်တပ်က ပိတ်ဆို့ထားသဖြင့် ရိက္ခာပြတ်နေ

Loading