ရီရှီ ဆူနက်သည် အင်္ဂါနေ့တွင် ၂ လအတွင်း ဗြိတိန်၏ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်လာပြီး ကြီးထွားလာသည့် စီးပွားရေး အကျပ်အတည်း၊ ပဋိပက္ခဖြစ်နေသော နိုင်ငံရေးပါတီနှင့် မည်သည့် ခေါင်းဆောင်သစ်မဆို ရင်ဆိုင်ရသည့် အကြီးမားဆုံး စိန်ခေါ်မှုများအနက် တခုဖြစ်သော နက်ရှိုင်းစွာ သွေးကွဲနေသောနိုင်ငံ စသည့် ပြဿနာများကို ဖြေရှင်းရန် တာဝန်ပေးအပ်ခံရသည်။
ချားလ်ဘုရင်က အစိုးရအဖွဲ့တခုဖွဲ့ရန် အသက် ၄၂ နှစ်အရွယ်ရှိ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်ကို ပြောကြားလိုက်သည်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ ထိတ်လန့်စေပြီး နိုင်ငံတကာ မဟာမိတ်များ တုန်လှုပ်စေသည့် ပါလီမန်အတွင်း အကွဲအပြဲများနှင့် ရန်ပွဲများအဆုံးသတ်အောင် ကြိုးစားရန်ပြောကြားမည်ဟု မျှော်လင့်ရသည်။
ထို့နောက်သူသည် ဒေါင်းနင်းလမ်းမှတဆင့် နိုင်ငံကို မိန့်ခွန်းပြောခဲ့ပြီး အစိုးရအဖွဲ့ကို စတင်ဖွဲ့စည်းမည်ဖြစ်သည်။
ပါလီမန်တွင် အချမ်းသာဆုံးသူများအနက် တဦးဖြစ်သော မစ္စတာ ဆူနက်သည် စီးပွားရေး နှေးကွေးခြင်း၊ ချေးယူမှုစရိတ် မြင့်မားလာခြင်းနှင့် ပြည်သူများကို စွမ်းအင်ကုန်ကျစရိတ် ထောက်ပံ့မည့် ၆ လကြာ အစီအစဉ်တို့အတွက် ခန့်မှန်းခြေ အသုံးစရိတ် ပေါင် ၄၀ ဘီလီယံ (ဒေါ်လာ ၄၅ ဘီလီယံ) အသုံးစရိတ်ကို ကျားကန်ရန် အကြီးအကျယ် ဖြတ်တောက်ရမည် ဖြစ်သည်။
သူ၏ပါတီအပေါ် လူထုထောက်ခံမှု အကြီးအကျယ် ကျဆင်းနေသောကြောင့် မစ္စတာ ဆူနက်သည် ၂၀၁၉ ခုနှစ်က ကွန်ဆာဗေးတစ်ပါတီကို ရွေးကောက်ခံရစေသည့် မူဝါဒဆိုင်ရာ ကြေညာစာတမ်းနှင့် လွန်စွာ ကင်းကွာသွားပါကလည်း ရွေးကောက်ပွဲသစ် ကျင်းပရန် တောင်းဆိုမှုများကို ပိုမိုရင်ဆိုင်ရမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ဘောရစ်ဂျွန်ဆင် ရွေးကောက်ခံရစဉ်က နိုင်ငံအတွက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံရန် ကတိပြုခဲ့သည်။
မစ္စတာ ဆူနက်ကို ခန့်အပ်လိုက်သောကြောင့် ဈေးကွက်များကို တည်ငြိမ်စေမည်ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများ ပြောသော်လည်း လူသန်းပေါင်းများစွာသည် လူနေမှုစရိတ် မြင့်လာနေခြင်းနှင့် တိုက်ပွဲဝင်နေရချိန်တွင် သူ့အတွက် ရွေးချယ်စရာ အနည်းငယ်သာရှိတော့ကြောင်း သတိပေးကြသည်။
“၂၀၂၃ ခုနှစ်မှာ စီးပွားဆုတ်ကပ်ဖြစ်ဖို့ အလားအလားပိုများတာနဲ့အတူ လာမယ့် ၂ နှစ်အတွင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပရမှာဖြစ်တဲ့အတွက် သူ့ရဲ့ဝန်ကြီးချုပ်ရာထူးသက်တမ်းက စိန်ခေါ်မှု များမယ်ဆိုတာကို ရီရှီ ဆူနက် မျှော်လင့်ထားနိုင်တယ်” ဟု Scope ဘဏ္ဍာရေးအဆင့် သတ်မှတ်သည့်လုပ်ငန်းမှ အိုက်ကို ဆီဗတ်က Reuters သတင်းဌာနသို့ ပြောသည်။
မိသားစုနှင့် စီးပွားရေးလုပ်ငန်းအများအပြား အသုံးစရိတ်လျှော့ချရန် ဖိအားပေးနေသည့် မြင့်မားသော ငွေကြေးဖောင်းပွမှုနှင့် စံချိန်တင်မြင့်မားသော စွမ်းအင်အသုံးစရိတ်များကြား နိုင်ငံကို ထိန်းကြောင်းရာတွင် မကူညီပါက သေရေးရှင်ရေး အကျပ်အတည်းနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း မစ္စတာ ဆူနက်က သူ့လုပ်ဖော်ကိုင်ဘက်များကို သတိပေးထားပြီးဖြစ်သည်။
“ကျနော်တို့ အခု တည်ငြိမ်မှုနဲ့ ညီညွတ်မှုလိုပြီး ကျနော်တို့ပါတီနဲ့ ကျနော်တို့နိုင်ငံကို တစုတစည်းတည်း ဖြစ်နေစေဖို့ အဲဒီကိစ္စကို ကျနော် ထိပ်ဆုံးဦးစားပေးအဖြစ် လုပ်ဆောင်မယ်” ဟု သူ့ကို ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်သည့် တနင်္လာနေ့က သူ၏ပါတီမှ ပါလီမန် ကိုယ်စားလှယ်များကို ပြောသည်။
ဘဏ္ဍာရေး ဖရိုဖရဲဖြစ်မှု
နှစ်ပေါင်း ၂၀၀ အတွင်း ဗြိတိန်နိုင်ငံတွင် အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်ပြီး ပထမဆုံး အသားအရောင်အသွေးရှိသော ခေါင်းဆောင်လည်း ဖြစ်သော မစ္စတာ ဆူနက်ကို ဘဏ္ဍာရေး ဈေးကွက်များ ဖရိုဖရဲဖြစ်စေသည့် အသေးစား ရသုံးမှန်းခြေ အသုံးစရိတ်ကို တင်သွင်းသောကြောင့် ၄၄ ရက်အတွင်း ရာထူးမှ နုတ်ထွက်ရသူ လစ်ဇ်ထရပ်စ်၏ နေရာတွင် အစားထိုးသည်။
အတိုးနှုန်းအတွက် ကုန်ကျစရိတ်မြင့်မားနေပြီး စီပွားရေးယိုယွင်းမည့် အလားအလာများကြောင့် သူသည် နိုင်ငံရေးထိခိုက်လွယ်သော ကိစ္စများဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ ကာကွယ်ရေး၊ လူမှုဖူလှုံရေးနှင့် အငြိမ်းစား ထောက်ပံ့ငွေ အပါအဝင် အသုံးစရိတ်အားလုံးကို ပြန်လည်သုံးသပ်ရမည်ဖြစ်သည်။
ယခုနှစ်အတွင်း ဗြိတိန်နိုင်ငံရေးတွင် အမြဲလိုလို ဖရိုဖရဲဖြစ်နေသည်ကို ထင်ဟပ်သောအားဖြင့် နိုင်ငံရေးသမားများ၊ သတင်းသမားများနှင့် ဓာတ်ပုံဆရာများသည် မစ္စ ထရပ်စ်၏ နှုတ်ဆက်မိန့်ခွန်းကို နားထောင်ရန် အင်္ဂါနေ့တွင် ဒေါင်းနင်းလမ်း၌ စုပြုံတိုးဝှေ့နေသည်။
ဝန်ကြီးချုပ်အဖြစ် ဒေါင်းနင်းလမ်းသို့ရောက်လာသည့် ၇ ပတ်ကြာ ကာလအကြောင်း ပြောကြားရာတွင် မစ္စ ထရပ်စ်က ရာထူးသက်တမ်းတိုခြင်းအတွက် မတောင်းပန်ဘဲ ဗြိတိန်သည် ပိုမိုကောင်းမွန်သော အနာဂတ်သို့ ဦးတည်နေပြီဖြစ်ကြောင်းသာ ပြောသည်။
သူ ဝန်ကြီးချုပ်တာဝန်ယူစဉ်အတွင်း ပေါင်ငွေသည် ဒေါ်လာနှင့်ယှဉ်လျှင် စံချိန်တင် နိမ့်ကျကာ ချေးယူငွေနှင့် အပေါင်အတိုးနှုန်းများ တက်လာသောကြောင့် အင်္ဂလန်ဗဟိုဘဏ်က အငြိမ်းစား လစာရန်ပုံငွေ မပြိုလဲစေရန် ကြားဝင်စွက်ဖက်ရသည်။
မစ္စတာ ဆူနက်သည် သူ၏ အစိုးရအဖွဲ့ကို စတင်ဖွဲ့စည်းတော့မည်ဖြစ်ပြီး သူသည် ပါတီတွင်း အုပ်စုအားလုံးမှ ကိုယ်စားလှယ်များကို အစိုးရတွင် ပါဝင်စေမည်ဟု ကွန်ဆာဗေးတစ် ပါလီမန်ကိုယ်စားလှယ်များက မျှော်လင့်နေကြသည်။
သူသည် မစ္စ ထရပ်စ်၏ စီးပွားရေးအစီအစဉ်ကို ဆုတ်ဖြဲပစ်ပြီး ငွေချေးစာချုပ်ဈေးကွက် မတည်ငြိမ်မှုကို ထိန်းသိမ်းပေးသည့် နိုင်ငံခြားရေးနှင့် ကျန်းမာရေး ဝန်ကြီးဟောင်း ဂျရမီဟန့်ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဆက်လက်ခန့်ထားမည်ဟု မျှော်လင့်ရသည်။
မစ္စတာ ဆူရက်သည် ရသုံးမှန်းခြေ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှု အသစ်နှင့်အတူ ငွေချေးယူမှုနှင့် စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်ကို အောက်တိုဘာ ၃၁ ရက်နေ့တွင် ထုတ်ပြန်ရန် အစီအစဉ် ရှိ၊ မရှိကိုလည်း ရင်းနှီးမြှုပ်နှံသူများ သိလိုကြသည်။ ထိုအချက်များသည် နိုဝင်ဘာလ ၃ ရက်နေ့တွင် အင်္ဂလန်ဗဟိုဘဏ်က ချမှတ်မည့် အတိုးနှုန်းကို ခန့်မှန်းရာတွင် အထောက်အကူ ပြုသောကြောင့် ဖြစ်သည်။
နိုင်ငံရေးလျှို့ဝှက် အကြံအစည်များ
ပါလီမန်သို့ ၂၀၁၅ ခုနှစ်ကမှ ရောက်လာသည့် Goldman Sachs ဘဏ္ဍာရေးလုပ်ငန်းမှ သုတေသီ ဆူနက်က သူ၏ပါတီကို ညီညွတ်အောင် လုပ်ရမည်ဖြစ်ကြောင်းနှင့် စီးပွားရေးသည် ဆုတ်ကပ်သို့ ဦးတည်နေချိန်တွင် ပါလီမန်အတွင်း အရှက်ကွဲစရာဖြစ်ရပ်များကို မဲဆန္ဒရှင်များ ဒေါသထွက်နေကြောင်း သူသိသည်။
ပြီးခဲ့သည့် နွေရာသီတွင် ဘဏ္ဍာရေး ဝန်ကြီးအဖြစ်မှ သူနုတ်ထွက်သွားပြီး ဂျွန်ဆင်ကို ပြုတ်ကျစေသည့် ပုန်ကန်မှု ဖြစ်စေသောကြောင့် ပါတီတွင်းမှ အများအပြားက သူ့ကို အပြစ်တင်ကြသည်။
ပါတီအတွက် ခေါင်းဆောင်သစ်ကို အလျင်အမြန် ပြန်လည်ရွေးချယ်နိုင်သောကြောင့် အများအပြားက စိတ်သက်သာရာ ရကြသော်လည်း အချို့သူများတွင် မယုံကြည်မှုများ ရှိနေဆဲဖြစ်ပြီး အခြားသူများကလည်း ရုန်းကန်နေရသော မိသားစုများသည် သန်းကြွယ်သူဌေးတယောက်ကို မဲပေးမည်လားဟု မေးခွန်းထုတ်ကြသည်။
“အဲဒီဆုံးဖြတ်ချက်ကြောင့် လာမယ့်ရွေးကောက်ပွဲမှာ ကျနော်တို့ပါတီ နစ်နာမယ်” ဟု အမည်မဖော်လိုသော ကွန်ဆာဗေးတစ် ပါလီမန်အမတ်တဦးက Reuters သို့ပြောသည်။
ဆူနက်သည် သူ့ယခင် ဝန်ကြီးချုပ်များ၏ အမှားများကြောင့်လည်း အကန့်အသတ်များဖြင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သမိုင်းပညာရှင်နှင့် နိုင်ငံရေးအတ္ထုပ္ပတ္တိ ရေးသားသူ အန်ထော်နီ ဆယ်လ်ဒန်က Reuters သို့ပြောသည်။
“သူဟာ အရမ်းကို ကွန်ဆာဗေးတစ်ဖြစ်ပြီး သတိထားတာကလွဲလို့ သူ့အတွက် လွတ်လွတ်လပ်လပ် လုပ်နိုင်တာ မရှိဘူး” ဟု ဆယ်လ်ဒန်က ပြောသည်။
ပြည်ပမှ နိုင်ငံရေးသမားများနှင့် အစိုးရအရာရှိများက တခါက စီးပွားရေးနှင့် နိုင်ငံရေးတည်ငြိမ်ရေးအတွက် ဒေါက်တိုင်ဖြစ်သော နိုင်ငံတခုသည် ပါတီတွင်း ရက်ရက်စက်စက် တိုက်ခိုက်ခြင်းဖြစ်ရသည်ကို မြင်ရသောကြောင့် ဆူနက်ကို ခန့်အပ်ခြင်းအား ကြိုဆိုကြသည်။
ဟိန္ဒူတဦးဖြစ်သော ဆူနက်သည် ဗြိတိန်တွင် ပထမဆုံး အိန္ဒိယနွယ်ဖွား ဝန်ကြီးချုပ်လည်း ဖြစ်သည်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ခေတ်သစ်ကို ဖွင့်လှစ်သော မှတ်တိုင်အဖြစ်ကြိုဆိုပြီး အိန္ဒိယနှင့် အခြားနိုင်ငံများမှ ခေါင်းဆောင်များက ထိုသတင်းကို ကြိုဆိုသည်။ ဆူနက်၏ ယောက္ခမ ဘီလျံနာ သူဌေးကြီး နာရာယန မူရသီက သူသည် ဗြိတိန်နိုင်ငံအတွက် ကောင်းစွာထမ်းဆောင်မည့်သူ ဖြစ်ကြောင်းပြောသည်။
“ကျနော်တို့သူ့အတွက် ဂုဏ်ယူပြီး အောင်မြင်ပါစေလို့ ဆုတောင်းတယ်” ဟု သူ၏ ယောက္ခမ Infosys ဆော့ဖ်ဝဲလ် လုပ်ငန်းကြီးကို တည်ထောင်သူက ကြေညာချက်တစောင်တွင် ပြောသည်။
ကိုးကား။ ။ Reuters သတင်း Rishi Sunak faces huge task as he becomes UK prime minister
You may also like these stories :
တတိယမြောက် ချားလ်စ် ဘယ်လိုဘုရင်လဲ
“The Crown” စီးရီးကို စိတ်ကူးယဉ် ဖန်တီးထားကြောင်း ဖော်ပြဖို့ Netflix ငြင်းဆို
“အဖေများနေ့” မှာ သားတော်လေးရဲ့ ဓာတ်ပုံကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ တော်ဝင်ဇနီးမောင်နှံ
စစ်ကောင်စီက ဖမ်းတဲ့ နိုင်ငံခြားသား ၆ ဦး