Adidas တံဆိပ်ဖိနပ်များ ချုပ်နေသော ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရှိ မြန်မာပေါင်ချိန် ဖိနပ်စက်ရုံမှ ထောင်နှင့် ချီသော အလုပ်သမားများက ရရှိနေသည့် အနိမ့်ဆုံးလစာနှုန်းထားထက် တိုးမြှင့်ပေးရေး အလုပ်မလုပ်ဘဲ စက်ရုံတွင်း ဆန္ဒပြတောင်းဆိုမှု ပြုလုပ်နေကြောင်း သိရသည်။
ယမန်နေ့ (အောက်တိုဘာ ၂၅ ရက်) မှစတင်ပြီး အဆိုပါ အလုပ်သမားများက ဆန္ဒပြနေခြင်းဖြစ်ပြီး လတ်တလော ရရှိ နေသည့် အနိမ့်ဆုံး လုပ်ခလစာ ၄,၈၀၀ သည် ကုန်ဈေးနှုန်း မြင့်တက်လာမှုကြောင့် မလောက်ငတော့သည့်အတွက် ဆန္ဒပြတောင်းဆိုရခြင်း ဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။
အလုပ်သမား ၇,၀၀၀ ဝန်းကျင်ရှိသည့် ယင်းစက်ရုံ၌ ဆန္ဒပြမှု စတင်သည့်ရက်တွင် လုပ်သားအင်အား ၅၀၀ ဝန်းကျင် သာ ပါဝင်ရာမှ ယနေ့ ဒုတိယမြောက်နေ့၌ ၁,၀၀၀ ကျော်ထိ ပါဝင်လာခြင်း ဖြစ်ကြောင်း၊ အလုပ်ချိန်အတိုင်း စက်ရုံသို့ သွားကာ အလုပ်မဆင်းဘဲ သပိတ်မှောက် တောင်းဆိုနေကြခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာပေါင်ချိန်စက်ရုံမှ အလုပ်သမားတဦးက “လူအင်အား ၁ ထောင်ကျော် ပါတယ်။ ဒီနေ့မှာ အရမ်းများလာတာ။ စာတင်ခဲ့တာကို ညှိနှိုင်းမှုမပေးလို့ အခုလို တောင်းဆိုမှုတွေ လုပ်ရတာပါ။ တနေ့ လုပ်အားခ ၄၈၀၀ ကို တိုးပေးဖို့ ကျမတို့ဘက်က တောင်းဆိုတာ။ စက်ရုံဝင်းထဲမှာပဲ တောင်းဆိုမှုတွေကို လုပ်နေတယ်” ဟု ဧရာဝတီကို ပြောသည်။
ယခု ရနေသည့် လစာမှာ ၁ ရက်လျှင် ၄,၈၀၀ ကျပ် ဖြစ်ပြီး ယခုအခါ ကုန်ဈေးနှုန်း အဆမတန် မြင့်လာသဖြင့် စားဝတ် နေရေး မပြေလည်သည့်အတွက် အနည်းဆုံး ကျပ် ၇,၅၀၀ မှ ၈,၀၀၀ ကျပ် ကြား တိုးပေးရန် အလုပ်သမားများက တောင်းဆိုနေကြခြင်း ဖြစ်သည်။
စက်ရုံအလုပ်သမားများသည့် ပြီးခဲ့သည့် စက်တင်ဘာလကတည်းက အနိမ့်ဆုံး အခကြေးငွေ တိုးမြှင့်ပေးရေးအတွက် တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ညှိနှိုင်းမှု မလုပ်ပေးသောကြောင့် ဆန္ဒပြတောင်းဆိုရခြင်း ဖြစ်ကြောင်း သိရ သည်။
ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုလာမှုကြောင့် စက်ရုံတာဝန်ရှိသူများဘက်က လာမည့် အောက်တိုဘာ ၃၁ ရက်တွင် တစုံတရာ အကြောင်းပြန်မည်ဟု ဆိုထားပြီး အလုပ်သမားများဘက်ကလည်း အကြောင်းပြန်မည့်အချိန်ထိ အလုပ် မဆင်းဘဲ တောင်းဆိုမှုများ ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူတဦးက “မနေ့က ညှိနှိုင်းမှု လုပ်တဲ့အခါမှာ အဖြေကို တနင်္လာမှာပေးမယ် လုပ်ထားတယ်။ စက်ရုံဖွဲ့စည်းပုံအရ ဒီဘက်ကလူတွေက ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ ရုံးချုပ်ကို ပြန် ပြောရတဲ့ အနေအထားပေါ့။ အလုပ်သမားတွေဘက်က ဆန္ဒပြရင်းနဲ့ စောင့်ကြမယ်။ စက်ရုံဘက်က မြန်မြန်ဆန်ဆန် တုံ့ပြန်လာဖို့အတွက်လည်း တွန်းအား ဖြစ်သွားမှာပေါ့” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက “ဒီစက်ရုံ လုပ်ခလစာ တိုးပေးရေးကိစ္စက အရေးကြီးတယ်။ ပေါင်ချိန် ၁ ရုံတည်းလို့ ယူဆလို့မရ ဘူး။ သူက စက်ရုံကြီးတယ်၊ ရင်းနှီးမြှုပ်နှံမှု များတယ်၊ ဝန်ထမ်းများတယ် ဆိုတဲ့ အခါကျတော့ ပေါင်ချိန်စက်ရုံ ပေးရင် ပေးမယ်တို့၊ ပေါင်ချိန်တောင် ရသွားပြီဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်ကြတာဆိုတဲ့ အခါကျတော့ အခုလုပ်နေတာက ပေါင်ချိန်ကိုပဲ အကျိုးသက်ရောက်တာ မဟုတ်ဘဲနဲ့ တခြားစက်ရုံတွေကိုပါ အကျိုးသက်ရောက်စေတဲ့အရာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခလစာမှာ ၁ ရက်လျှင် ၂ ဒေါ်လာအောက် ရောက်ရှိနေချိန်တွင် အနီးဆုံး အိမ်နီးချင်းနိုင်ငံ ဖြစ်သည့်ထိုင်း၌ ၁၀ ဒေါ်လာနှင့်အထက် ရရှိနေသည်။
၂၀၁၈ တွင် နိုင်ငံတော်က သတ်မှတ်သည့် အနည်းဆုံးအခကြေးငွေ နှုန်းထားမှာ ၄,၈၀၀ အောက် လျှော့ပေးခြင်းကို သာ တားမြစ်ထားခြင်းဖြစ်၍ လက်ရှိ ပြောင်းလဲနေသည့် ကုန်ဈေးနှုန်းနှင့် ညီမျှသင့်လျော်သည့် နှုန်းထားတရပ် တိုးမြှင့် ပေးရန် လိုအပ်နေကြောင်း အလုပ်သမား အဖွဲ့အစည်းများက သုံးသပ်သော်လည်း စစ်အုပ်ချုပ်မှုအောက်တွင် အလုပ် သမားအများစုက မတောင်းဆိုရဲသလို တောင်းဆိုရာတွင်လည်း အခက်အခဲများစွာ ကြုံနိုင်ကြောင်း ဆိုကြသည်။
ယခု တောင်းဆိုနေသည့် မြန်မာပေါင်ချိန်စက်ရုံမှ အလုပ်သမားများသည်လည်း လုပ်ငန်းရှင်မှ အလုပ်ဖြုတ်လိုက်မည် ကို စိုးရိမ်သည်သာမက စစ်ကောင်စီ၏ ဖမ်းဆီးအရေးယူခံရမည့် အရေးကိုလည်း ပူပန်လျက်ရှိကြောင်း သိရသည်။
အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူတဦးက “ဖိအားတွေလာမှာကို အလုပ်သမားတွေ အနေနဲ့က စိုးရိမ်မှု ရှိတာ ပေါ့။ ပထမရက် ဆန္ဒပြတဲ့ထဲမှာပါတဲ့ အလုပ်သမားတွေ နည်းတာကလည်း ဒီစိုးရိမ်ချက်ကြောင့်ပဲ။ ရှေ့ရက်မှာ စစ်တပ် ဘက်က အခြေအနေကြည့်ပြီး ဒုတိယရက်မှာ ပါလာကြတာပေါ့။ ဒါတွေက ဖိအားတွေ စိုးရိမ်မှုတွေပေါ့” ဟု ပြောသည်။
အနည်ဆုံး လုပ်ခလစာမြှင့်ရေး တောင်းဆိုမှု လုပ်နေသည့် မြန်မာပေါင်ချိန် ဖိနပ်စက်ရုံတွင် ရက်မှန်ကြေး၊ ကုန်ထုတ် ဆုကြေးပေါင်းပါက လုပ်သား ၁ ဦးလျှင် ပျမ်းမျှ ကျပ် ၁၆၀,၀၀၀ ဝန်းကျင် ရရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
လုပ်ခလစာ တိုးမလာသော်လည်း လူသုံးကုန်၊ စားသောက်ကုန်မှစ၍ အခြေခံ အိမ်သုံးဆေးဝါးပါမကျန် ကုန်ဈေးနှုန်း များ အဆမတန် မြင့်တက်လာသလို နေထိုင်သည့် အဆောင်ခမှာလည်း ယခင် ၆ သောင်းမှ ၈ သောင်းထိ မြင့်တက် လာခြင်းများကြောင့် စစ်အာဏာသိမ်းမှုအောက်၌ပင် အလုပ်သမားများက အရဲစွန့် တောင်းဆိုလာကြခြင်း ဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။
စစ်အာဏာသိမ်းပြီးချိန်မှစပြီး အလုပ်သမားများသည် လုပ်အားခများ ခေါင်းပုံဖြတ်ခံရခြင်း၊ အလုပ်အကိုင် အာမခံချက် မရှိခြင်း စသည့် အလုပ်သမား အခွင့်အရေးများကို ဆုံးရှုံးမှုမှာ ပိုမိုများပြားလာသည်ဟုလည်း အလုပ်အသမားအရေး ဆောင်ရွက်ပေးနေသည့်အဖွဲ့များထံမှ သိရသည်။
မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းများတွင် အလုပ်သမားများ၏ အခြေခံအခွင့်အရေးနှင့် စံသတ်မှတ်ချက်များကို လိုက် နာခြင်း မရှိသလို တာဝန်ယူမှုတာဝန်ခံမှု မရှိသည့် လုပ်ငန်းများ ပိုများလာကြောင်း ကမ္ဘာလုံးဆိုင်ရာ အလုပ်သမား အခွင့်အရေးများကို လေ့လာစောင့်ကြည့်ပြီး မှတ်တမ်းယူနေသောအဖွဲ့ ဖြစ်သည့် Ethical Trading Initiative (ETI) ၏ ယခုနှစ် စက်တင်ဘာ ၁၂ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ချုပ်လုပ်နေသော ကုန်အမှတ်တံဆိပ်များသည်လည်း ထိုကဲ့သို့ အလုပ်သမားအခွင့်အရေး ချိုးဖောက် နေမှုများကို သိလျက်ဖြင့် လျစ်လျူရှုထားခြင်းသာဖြစ်ပြီး ကျင့်ဝတ်နှင့်မညီ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က သုံးသပ်သည်။
၎င်းက “သူတို့ (Brand) သိကြပါတယ်။ ပြောင်ပြောင်းတင်းတင်းကို ချိုးဖောက်မှု ပြုလုပ်နေတာ။ အမှုပေါင်းရာကျော် ကောက်ယူပြီးတော့ Database သွင်းတယ်။ သတင်းမီဒီယာတွေမှာ ထုတ်ပြန်တာ ရှိတယ်။ သူတို့ကို ပို့တဲ့အမှုတွေ ရှင်းဖို့ ကြိုးစားတယ်။ သဘောတူ စာချုပ်တွေကို ချိုးဖောက်ပြီးတော့ အလုပ်သမားတွေရဲ့ လစာကို ဖြတ်တောက်ထား တာကို မြင်နေရပါလျက်နဲ့ သူတို့ ကိုယ်တိုင်ကလည်း ချိုးဖောက်မှု ဖြစ်တယ်လို့ ပြောပါလျက်နဲ့ အလုပ်သမားကိုပေးဖို့ အလုပ်ရှင်ကို ဖိအားမပေးဘူး။ ဒီစက်ရုံမှာပဲ အော်ဒါဆက်အပ်နေတဲ့ Brand တွေ ရှိတယ်” ဟု ဆိုသည်။
You may also like these stories:
Adidas ဖိနပ်ချုပ် စက်ရုံလုပ်သားများ လစာတိုးရေး တောင်းဆို
ပျောက်ဆုံးသွားသော အလုပ်သမား အခွင့်အရေး
အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု ဆိုးရွားလာ