ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယခုရက်ပိုင်းအတွင်း စီမံချက်ဖြင့် စစ်ဆေးမှုများ ပြုလုပ်နေရာ အထောက်အထားမဲ့မြန်မာ အများ အပြားဖမ်းဆီးခံရကြောင်း မဲဆောက်မြို့ရှိ အလုပ်သမားအရေးဆောင်ရွက်သူများထံမှ သိရသည်။
ထိုသို့ ဖမ်းဆီးရာတွင် မဲဆောက်မြို့အတွင်း တရားမဝင်နေထိုင်သူများနှင့် အလုပ်သမားအများစုနေထိုင်သည့် နေအိမ်တန်းလျားများ ၊ အလုပ်ရုံ ၊ စက်ရုံများသို့ လိုက်လံစစ်ဆေး၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သလို လမ်းများပေါ်တွင် ဂိတ်ဖွင့်လှစ်ပြီး စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်ကြောင်း၊ အောက်တိုဘာလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ အထောက်အထားမဲ့ မြန်မာ ၂၀၀ ဝန်းကျင်ခန့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “သတင်း တွေမှာတက်နေတဲ့ လူတထောင်ဖမ်းဆီးခံရတယ်ဆိုတာက မဟုတ်ပါဘူး။ မြေပြင်မှာဖမ်းဆီးခံရတာက ၂၀၀ ဝန်းကျင် လောက်ရှိတယ်။ ၂၀ ရက်နေ့က စပြီးဖမ်းတာ၊ ၂၄ ရက်နေ့အထိပေါ့။ အခုက အထောက်အထားမဲ့ အလုပ်သမားတွေနေတဲ့ တန်းလျားတွေ၊ တဲအိမ်စုတွေ၊ စက်ရုံရဲ့ပြင်ပတန်းလျားတွေကို လိုက်ဖမ်းတာပါ” ဟု ပြောသည်။
အဆိုပါ ဖမ်းဆီးခံရသူများမှာ မဲဆောက်ရဲစခန်းတွင် တဦးလျှင် ဘတ် ၅ထောင်မှ ၁သောင်းအထိ ဒဏ်ကြေးဆောင်၍ ပြန်ထွက်ခွင့်ရပြီး ငွေကြေးမပေးနိုင်သည့်သူများအနေဖြင့် အချုပ်ထဲတွင် ၄၅ ရက်ကြာ နေထိုင်ရကြောင်း၊ အချုပ်မှ ပြန်လွတ်လာသူများကို ထိုင်းနိုင်ငံအတွင်းသို့ ပြန်လွှတ်ခြင်းများရှိသလို မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတား အမှတ် (၂) မှတဆင့် မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်ခြင်းများလည်းရှိကြောင်း သိရသည်။
“ဒါက စီမံချက် အဖမ်းအဆီး၊ ထိုင်းနိုင်ငံမှာက မြန်မာတွေကြားထဲမှာ မလိုလားအပ်ဘဲ ညဉ့်နက်သန်းခေါင်မှာ သီချင်း တွေအကျယ်ကြီးဖွင့်ပြီး အော်ဟစ်ဆူညံ မူးယစ်ရမ်းကားတယ်။ အချင်းချင်းရန်ဖြစ်တာတွေ။ ရာဇဝတ်မှု ထူပြောတာတွေ ၊ နယ်စပ်မျဉ်းတလျှောက်မှာ လူကုန်ကူးမှုတွေ တိုက်ဖျက်ဖို့တွေကြောင့်ပဲ။ နောက်တခုက အလုပ်သမားကဒ်၊ ပန်းရောင်ကဒ် တွေ လုပ်ပေးတဲ့အချိန်ကလည်း ပြီးသွားပြီဆိုတော့ အဖမ်းပြတဲ့သဘောပါ။ ဒါကလည်း တနှစ်ကို ၃ခါလောက်ရှိနေတယ်” ဟု ဦးမိုးကြိုးကပြောသည်။
မဲဆောက်အပါအဝင် ထိုင်းနိုင်ငံအနှံ့အပြားတွင် အဖမ်းအဆီးများပြားနေသည့်အတွက် မြန်မာများအနေဖြင့် အသွားအလာ၊ အနေအထိုင် ဆင်ခြင်ကြရန် အထူးလိုအပ်ကြောင်း အလုပ်သမားရေးဆောင်ရွက်သူများက သတိပေးသည်။
မဲဆောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ မသူဇာ “ဒီကာလမျိုးကတော့ အစစအရာရာ သတိဝီရိယနဲ့နေတာ အကောင်းဆုံးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒါကလည်း စီမံချက်အရဖမ်းတယ်ဆိုပေမယ့်လည်း သူတို့နိုင်ငံ လုံခြုံရေးအရ ရော၊ နိုင်ငံရေးအရလည်း ဆက်စပ်နေတော့ ဒီဘက်မှာ အသစ်ဝင်ရောက်လာတဲ့ထဲ လက်မှတ်မပြည့်စုံရင် ပိုဆင်ခြင်ရ တယ်။ သူများနိုင်ငံထဲ အနေအထိုင်အဆင်မပြေမှုတွေနဲ့ ထိပ်တိုက်တိုးမယ့်အရာတွေကို ရှောင်တာတော့ အကောင်းဆုံးပေါ့” ဟု ပြောသည်။
စစ်ကောင်စီ၏ ရဲချုပ်ဖြစ်သူ ဗိုလ်ချုပ်ဇင်မင်းထက်သည် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့( INTERPOL) ညီလာခံသို့ တက် ရောက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့မှ ရဲဗိုလ်ချုပ် Khemmarin Hassir ခေါင်း ဆောင်သောအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနယ်စပ်တွင် တတိယနိုင်ငံသားများ တရားမဝင် ဝင်ရောက်မှု၊ မြန်မာနိုင်ငံသား အကြမ်းဖက်သမားများ ထိုင်းနယ်စပ်တွင် ခိုအောင်းနေမှုကို ရဲတပ်ဖွဲ့ချင်း ပူးပေါင်းဖော်ထုတ်အရေးယူနိုင်ရန် ဆွေးနွေး ခဲ့ကြောင်း မြန်မာ့အလင်းသတင်း၌ ရေးသားထားသည်။
မဲဆောက်မြို့တွင် နေထိုင်သည့် မြန်မာတဦးက “ကျနော်တို့ဒီမှာ တော်ရုံတန်ရုံအပြင်မထွက်ဘူး။ ဒါတောင်ဟိုတရက်က ဆိုင်ကယ်ဆီသွားထည့်ရင်းနဲ့ အဖမ်းခံရသေးတယ်။ လဝက ကဖမ်းတာပေါ့။ အဓိက အခက်အခဲကတော့ နေရေးပေါ့။ အစားအသောက်ကတော့ ထောက်ပံ့ပေးကြတာတွေရှိတယ်။ အဆင်ပြေသလို စားလို့ရတယ်။ ကိုယ်နေတဲ့နေရာမှာ စိတ်ချလက်ချနေလို့မရဘူး။ နောက်တခုက ကျန်းမာရေးအရ နေထိုင်မကောင်းဖြစ်လို့ ဆေးခန်းသွားရမယ်ဆိုရင် ပြဿနာရှိတယ်” ဟု ပြောသည်။
ယင်းကဲ့သို့ ဖမ်းဆီးစစ်ဆေးမှုများသည် စစ်ကောင်စီ၏ ဖိနှိပ်မှုကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးပြီး တရားမဝင်နေထိုင် နေရသူများအတွက် နေထိုင်ရေးနှင့် ကျန်းမာရေးတို့တွင် အဓိက အခက်အခဲဖြစ်ရကြောင်းလည်း ဆိုသည်။
မဲဆောက်မြို့တွင် တရားဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၂သိန်းခန့်ရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်း တိမ်းရှောင်လာသူ ၂သောင်းထက်မနည်းရှိနေကြောင်း အလုပ်သမားရေးဆောင်ရွက်သူများထံမှ စာရင်းများအရ သိရသည်။
You may also like these stories:
မဲဆောက် စက်ရုံတချို့ ရှောင်တခင်စစ်ဆေး မြန်မာ၁၈ဦးခန့် ဖမ်းဆီးခံရ
ထိုင်းအချုပ်ခန်းများ၌ ဖမ်းဆီးခံ မြန်မာများဖြင့် ပြည့်နေ
ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာ ၈ သောင်းခန့် အဖမ်းခံခဲ့ရ