ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်သို့ လာရောက် တိမ်းရှောင်နေရသည့် စစ်ရှောင် ပြည်သူများကို အောက်တိုဘာလ ၃၁ ရက် နောက်ဆုံးထားပြီး နေရပ်ပြန်ရန် စစ်ကောင်စီက သတိပေးထားကြောင်း သိရသည်။
ဘူးသီးတောင်မြို့ပေါ်ရှိ မြတောင်၊ လမ်းမ၊ ဂန္ဓာရီ၊ ရန်အောင်မြေ စသည့် စစ်ရှောင်စခန်းများမှ စခန်းတာဝန်ခံများကို အောက်တိုဘာလ ၁၉ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးက မြို့နယ်အထွေထွေအုပ်ချုပ်ရုံးသို့ ခေါ်ယူခဲ့ပြီး ယခုလကုန်တွင် နောက်ဆုံးထားပြီး နေရပ်ပြန်ရန်၊ နေရပ်မပြန်ပါက ကျူးကျော်နေထိုင်မှုဖြင့် အရေးယူမည် ဖြစ်ဟု ဖိအားပေး ပြောဆိုခဲ့ကြောင်း လမ်းမ စစ်ရှောင်စခန်းမှ ရွာသားတဦးက ပြောသည်။
၎င်းက “ကျနော်တို့ကို အောက်တိုဘာ ၃၁ ရက်နေ့ နောက်ဆုံး ရွာပြန်ဖို့ သတိပေးတယ်။ နေရပ်မပြန်ဘူးဆိုရင် တရား စွဲမယ် ပြောတယ်။ ကျနော်တို့ အခက်အခဲကို တင်ပြခွင့် မရဘူး။ ဒီအခြေအနေမှာ ဘယ်လိုလုပ် နေရပ်ပြန်ရဲမလဲ၊ အခု တိုက်ပွဲလည်း ပြန်ဖြစ်နေတယ်။ စစ်ဖြစ်တယ်ဆိုတာထက် စစ်တပ်က ရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ် နေတော့ လူတိုင်းက နေရပ် ပြန်ဖို့ မစဉ်းစားရဲဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဘူးသီးတောင်မြို့ပေါ် စစ်ရှောင်စခန်းများတွင် ဝင်ရောက် ခိုလှုံနေသည့် စစ်ရှောင်များမှာ စံဂိုးထောင်၊ သျှစ်ရှား တောင်၊ နွားရုံတောင်၊ သရက်ပြင်၊ ဥယျာဉ်သာ၊ ကြာညိုပြင် စသည့် ကျေးရွာများမှဖြစ်ပြီး ပြီးခဲ့သော ၂၀၁၉ ၊၂၀၂၀ အတွင်းက ဖြစ်ပွားခဲ့သော စစ်ပွဲကာလအတွင်းက ထွက်ပြေးလာကြသည့် ကျေးရွာသားများ ဖြစ်သည်။
ဂန္ဓာရီစစ်ရှောင်စခန်းမှ အမျိုးသမီးတဦးက “နေရပ်ပြန်ဖို့ ကျမတို့မှာ အိမ်လည်း မရှိတော့ဘူး။ စစ်တပ်က မီးရှို့လိုက်ပြီ၊ အခုလည်း ကျမတို့ရွာနားမှာ နှစ်ဖက် တပ်က ရှိနေကြတယ်။ မိုင်းတွေလည်း ရှိနိုင်တယ်။ လုပ်ကိုင်စားသောက်စရာ လည်း ဘာမှ မရှိတော့ဘူး။ သူတို့ တရားစွဲမယ်ဆိုလည်း စွဲပေါ့။ အသေခံပြီးတော့ ရွာကိုတော့ မပြန်နိုင်ဘူး” ဟု ဧရာ ဝတီသို့ ပြောသည်။
ဘူးသီးတောင်မြို့ စစ်ရှောင်စခန်းများဖြစ်သော မြတောင်စစ်ရှောင်စခန်းတွင် လူဦးရေ ၃၀၀ ကျော်၊ လမ်းမ စစ်ရှောင် စခန်းတွင် လူဦးရေ ၉၀၀ ကျော်၊ ဂန္ဓာရီ စစ်ရှောင်စခန်းတွင် လူဦးရေ ၇၀၀ ကျော်၊ ရန်အောင်မြေ စစ်ရှောင်စခန်းတွင် လူဦးရေ ၅၀၀ ကျော် နေထိုင်ကြကြောင်း သိရသည်။
အဆိုပါ ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ရှောင်ကျေးရွာသားများမှာ ပြီးခဲ့သော ဇူလိုင်လကတည်းက ရိက္ခာထောက်ပံ့မှု များလည်း မရတော့သည့်အတွက် ကြုံရာကျပန်း လုပ်ကိုင် စားသောက်နေရကြောင်းလည်း စစ်ရှောင်များက ပြော သည်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင်စစ်တပ် (AA) တို့သည် သြဂုတ်ဆန်းပိုင်းကတည်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းများမှနေ အရပ်သားများ နေထိုင်သည့် ကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အရပ်သားများကို ပစ်မှတ်ထား ဖမ်းဆီးခြင်းများကို ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ဆိုကြသည်။
ထိုသို့ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် နှစ်ဖက် စစ်ရှိန်မြင့်နေမှုနှင့်အတူ စစ်ကောင်စီသည် မြောက်ပိုင်းမြို့ နယ် အားလုံးရှိ ကုန်းလမ်း၊ ရေလမ်းများကို အကြောင်းပြချက်မရှိ ပိတ်ဆို့ကာ ကုန်စည်စီးဆင်းမှုများကို ဖြတ်တောက် ထားသဖြင့် ကုန်ဈေးနှုန်းမှာလည်း မြင့်တက်လျက်ရှိသည့်အတွက် ဒေသခံများမှာ ကျပ်တည်းမှုများနှင့် ရင်ဆိုင်နေကြရ ကြောင်း သိရသည်။
You may also like these stories:
ရခိုင်မြောက်ပိုင်း ရေလမ်းများ စစ်ကောင်စီ ပိတ်ဆို့ထား
စစ်တပ်ဖမ်းသွားသည့် ဘူးသီးတောင်ဒေသခံများ အဆက်အသွယ် ပြတ်နေ၍ မိသားစု စိုးရိမ်