ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ် (KIA) တို့အကြား ပြီးခဲ့သည့်ရက်ပိုင်း က တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် နှစ်ဘက်တပ်များ ရင်ဆိုင်ထားကာ စစ်ရေးတင်းမာမှု ဆက်ဖြစ်နေသည်
အောက်တိုဘာလ ၂၃ ရက်က မိုးမောက်မြို့နယ်၊ အရှေ့မြောက်ဘက်ရှိ ၀၀မ်တောင်နှင့် လုံဂျာတောင်ဝန်းကျင်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် ကချင်လွတ်လပ်ရေးတပ် (KIA) တပ်များအကြား အပြင်းအထန်တိုက်ပွဲ ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က စစ်ပြင်မှုများ ရှိနေသဖြင့် စောင့်ကြည့်နေကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဧရာဝတီသို့ပြောသည်။
“သူတို့ဘက်ကတော်တော်များများ စစ်ပြင်ဆင်လာတာတွေ့ရတယ်။ ကတုတ်ကျင်းတူးတာတွေရောပေါ့။ စစ်ကောင်စီ ဘက်ကလည်း နောက်ဆုတ်တာ မတွေ့ရဘူး။ အဲဒီဘက်က တင်းမာနေတဲ့ အခြေအနေဖြစ်ပါတယ်မူအားဖြင့်ကတော့ သူတို့ဘက်က ကျနော်တို့ဆီလာရင်တော့ ကျနော်တို့ဘက်က ခုခံတိုက်ခိုက်မှုကတော့ ရှိမှာပါပဲ” ဟုဆိုသည်။
အဆိုပါတိုက်ပွဲ၌ မိုးမောက် အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၄၃၇) ခြေမြန်တပ်ရင်းမှ တပ်ဖွဲ့ဝင်များကို KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၅) မှ တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးကြောင်း KIA နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှသိရသည်။
“တိုက်ပွဲဖြစ်ရတာကတော့ သူတို့ဘက်က ထိုးတက်လာလို့ ဖြစ်တာ ဖြစ်ပါတယ်။ အဲဒီဘက်မှာ သူတို့ပစ်တဲ့ လေယာဉ် ဗုံးကြဲတာကတော့ စစ်ကောင်စီစစ်သားတွေ စုနေတဲ့နေရာမှာကျလို့ တော်တော်များများဒဏ်ရာရပြီး ဗန်းမော်ဘက်ကို လူနာတွေတင်သွားတယ်ဆိုတဲ့ သတင်းကြားပါတယ်။ သူတို့ကလည်း အလောင်းတွေကို မိုးကာနဲ့ အုပ်တန်တာအုပ်ပြီး ကားတွေနဲ့တင်သွားတဲ့ သတင်းကြားပါတယ်” ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အောက်တိုဘာလ ၂၇ ရက် နံနက်ပိုင်းကလည်း မိုးမောက်မြို့ တောင်ဘက် ၉ မိုင်အကွာ ဗန်းမော်မြို့အနီးတွင် ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာသည့် စစ်ကောင်စီ၏ စစ်သင်္ဘောများကို KIA တပ်မဟာ ၃ လက်အောက်ခံ အထူးရေကြောင်း တိုက်ခိုက်ရေးအဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
KIA တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီ၏ သင်္ဘောတစီး ဒုံးကျည် ထိမှန်မီးလောင်သွားကြောင်း KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ် တဦးက ပြောသည်။ လတ်တလောတွင် စစ်ကောင်စီတပ်သည် ကချင်ပြည်နယ်၌ ၎င်း၏ တပ်များကို စစ်ပွဲအတွက် ပြင်ဆင်ရန် ညွှန်ကြားထားသည့် အခြေအနေရှိပုံရကြောင်း KIA ထံမှသိရသည်။
စစ်ကောင်စီသည် ဗန်းမော်နှင့် မိုးမောက်ဒေသတွင် စစ်ကြောင်းထိုးနေသည့် တချိန်တည်းမှာပင် တိုက်လေယာဉ် ၃စီးဖြင့် ဖားကန့်ဒေသ အနန့်ပါရွာတွင် ပြုလုပ်သည့် ဂီတဖျော်ဖြေပွဲကို ဗုံးကြဲချခဲ့ရာ လူ ၇၀နီးပါး သေဆုံးခဲ့သည်။
ယခုအခါတွင် မိုးမောက်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၃) ထိန်းချုပ်ရာ ဒေသများကို စစ်ကောင်စီတပ်က လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေသဖြင့် အရပ်သားသေဆုံးမှုများ ရှိနေသလို ထွက်ပြေးလာသည့် စစ်ရှောင်များသည်လည်း နေရပ်သို့ မပြန်ရဲကြကြောင်း မိုးမောက်ဒေသခံများထံမှသိရသည်။
မိုးမောက်ဒေသခံတဦးက “လက်နက်ကြီးက မနေ့ည (အောက်တိုဘာ ၂၆ ရက်) ကလည်း တညလုံးပစ်တယ်။ ဒီမနက် မိုးလင်းအထိပေါ့။ ဒီနေ့ နေ့လည်တော့ ပစ်တာမရှိဘူး။ မနေ့က မိုးမောက်အနောက်ဘက် စီအင်ရွာထဲမှာ အမျိုးသမီး တယောက် လယ်တောထဲ လယ်လုပ်နေရင်းနဲ့ လက်နက်ကြီးကျည် ထိပြီး ဆုံးသွားတာရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက မိုးမောက်မြို့နယ်တွင် ကချင်နှင့် ရှမ်း တိုင်းရင်းသား စစ်ဘေးရှောင် ၁၀၀ ခန့်ရှိနေပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာလိုအပ်ချက်များ လည်းရှိကြောင်း ဆိုသည်။
မိုးမောက်ဒေသခံတဦးက “ကျနော်တို့မြို့မှာတော့ စိုးရိမ်ရတဲ့ အခြေအနေတွေ တွေ့နေရတာပေါ့။ မြို့သူမြို့သားအားလုံး လည်း ထိတ်လန့်နေကြတယ်။ မြို့ထဲမှာတောင် မလုံခြုံဘူးဆိုတော့ ပြေးမယ်ဆိုရင်လည်း ဘယ်မှ ထပ်ပြေးစရာလည်း မရှိဘူးပေါ့” ဟု မှတ်ချက်ပေးသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အနန့်ပါရွာတွင် အောက်တိုဘာလ ၂၃ ရက်နေ့ညက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဖွဲ့စည်းခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပနေစဉ် စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှု ပြုလုပ်ခဲ့သဖြင့် အနုပညာရှင်၊ အရပ်သားများ၊ KIO/ KIA တပ်ဖွဲ့ဝင်များ အပါအဝင် သေဆုံးသူ ၆၂ ဦး ရှိပြီး ဒဏ်ရာရသူ ၆၂ ဦး ရှိကြောင်း (၂၅ ရက်နေ့ ရရှိသောစာရင်းများအရ) KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မီဒီယာများသို့ အတည်ပြုထားပြီး ဒေသခံများ၏ ပြောပြချက်အရ ယင်းလေကြောင်းတိုက်ခိုက်မှုအတွင်း ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
You may also like these stories:
အနန့်ပါက ပြည်သူတွေ သွားလာတဲ့ နေရာဖြစ်တယ် စစ်ရေးပစ်မှတ်မဟုတ်ဘူး
တေးဂီတပွဲ ဗုံးကြဲခံရမှုအပေါ် EAO ခေါင်းဆောင်အချို့၏ သဘောထား
ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံနေရသည့် ကချင်အရပ်သားများ
ဆုံးရှုံးမှုကို ခွန်အားယူ၍ တော်လှန်ရေး ခရီးဆက်မည် ဟု KIO ကြေညာ