မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူးတို့ အသတ်ခံရပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် နီးစပ်သူများ၊ မြို့ခံလုပ်ငန်းရှင် ငွေကြေး ချမ်းသာကြသူများ အပါအဝင် ဒေသခံ ၁၅၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်မှ စတင်ကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၂၇ ရက်ထိ ၁၅၀ ခန့် ရှိလာပြီ ဖြစ်ကြောင်း၊ အရပ်ဝတ်များအပါ စစ်တပ်က ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ပြီး တချို့အား မြို့နယ်အတွင်း စစ်ကောင်စီ တပ်စွဲ ထားသည့် နေရာ၌ ချုပ်နှောင်စစ်ဆေးနေသလို အများစုကိုမူ မိတ္ထီလာ စစ်ကြောရေးသို့ ပို့ဆောင် စစ်ဆေးနေကြောင်း ဒေသခံများက ဆိုသည်။
ဝမ်းတွင်း ဒေသခံတဦးက “အကြောင်းပြချက် မရှိဘဲ အဖမ်းခံကြရတာ။ ၂၇ ရက် မနက်ပိုင်းထိ ၁၅၀ လောက် ဖမ်းခံထားရ တယ်။ စခန်းမှူး ဗိုလ်စော အသတ်ခံရပြီးတဲ့နောက်နေ့ အောက်တိုဘာ ၁၀ ရက်ကစပြီး ဖမ်းကြတာပဲ။ ထပ်ပြီးတော့ မြို့နယ် အုပ်ချုပ်ရေးမှူးပါ အသတ်ခံရတော့ ပိုက်စိပ်တိုက် စစ်ဆေးတာတွေ ပိုလုပ်ပြီး ဆက်တိုက်ကို ဖမ်းတာဆီးတာတွေ လုပ်လာ ကြတာပဲ” ဟု ဧရာဝတီကို ပြောသည်။
ဝမ်းတွင်းမြို့နယ်တွင် အခြေစိုက်တပ်ရင်း မရှိဘဲ မြို့လုံခြုံရေးယူရန်အတွက်သာ တပ်စွဲထားပြီး ၂ လတခါ တပ်အပြောင်း အလဲ လုပ်လေ့ရှိကြောင်း၊ မန္တလေးတိုင်း မိတ္ထီလာမြို့တွင်မူ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် ရှိပြီး ယင်းလက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၃၁၅ အခြေစိုက်ထားကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၈ အုပ်စု၊ ကျေးရွာပေါင်း ၂၁၈ ရွာ ရှိပြီး ဖမ်းဆီးခံရသူများမှာ ဝမ်းတွင်းမြို့ပေါ်နှင့် မကျီးတော၊ သဲတောလေး၊ အင်ရင်း၊ တမာကုန်း၊ ကျောက်ကြီးကန်၊ ရိုးစုံ၊ ကျွဲသား၊ စွန်ချောင်း၊ ဆူးဗန်း၊ ကုန်းရွာ စသည့် ကျေးရွာများမှ အများဆုံးဖြစ်ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပိတ်ဆို့စစ်ဆေးနေစဉ် မသင်္ကာသဖြင့် ဖမ်းဆီးခံရသူ ပိုများကြောင်း သိရသည်။
စစ်ကောင်စီ ထောက်တိုင်များ ဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးနှင့် ဝမ်းတွင်းရဲစခန်းမှ ယာယီစခန်းမှူး ရဲအုပ်စောနိုင်ဦးတို့ကို ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစု (Wundwin Township Revolution Force – WTRF) က သုတ်သင်ရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတဦးက “PDF အဖွဲ့က လုပ်တယ်ဆိုပြီး တရားဝင် ထုတ်ပြန်ထားတာတောင် မြို့အဝင်အထွက် လမ်းဆုံလမ်းခွနဲ့ ဈေးလိုနေရာမျိုးတွေမှာ စစ်ဆေးတာတွေ လုပ်နေကြတယ်။ မသင်္ကာရင် ဖမ်းတယ်။ လူငယ်တွေဆိုရင် ဖုန်းတွေပါ စစ်တယ်။ အဲဒီလိုစစ်လို့ နိုင်ငံရေးနဲ့ ပတ်သက်တာ တခုခုတွေ့ရင် ဖမ်းတော့တာပဲ။ ရွာတွေ ဘက်က လာတဲ့သူတွေပါ ဖမ်းနေကြတာ” ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဝမ်းတွင်းမြို့ပေါ်နှင့် ကျေးရွာများကို ပိတ်ဆို့စစ်ဆေး ရှာဖွေခြင်းများ ကို ဆက်တိုက် ပြုလုပ်နေသလို ဖမ်းဆီးခံရသူများအား ညှဉ်းပန်းနှိပ်စက်ခြင်းများ ရှိပြီး ငွေကြေးတတ်နိုင်သူအချို့အား ပိုက် ဆံဖြင့် ပြန်လည် ရွေးယူခိုင်းခြင်းများလည်း ပြုလုပ်နေကြောင်း သိရသည်။
ဝမ်းတွင်း ဒေသခံတဦးက “ဒီနေ့အထိဆိုရင် အဖမ်းခံရတာ လူ ၁၉၀ လောက် ရှိတယ်။ ငွေကြေး တတ်နိုင်တဲ့သူတွေထဲက လူ ၄၀ လောက် ပြန်လွတ် လာကြတာ ရှိတယ်။ ငွေတောင်းတာက အနည်းဆုံး ၅ သိန်းကနေ ပိုက်ဆံရှိရင် ရှိသလို ငွေအများကြီး ပေးရတယ်။ ပြောရ မယ်ဆိုရင် အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းနေကြတာပေါ့” ဟု ပြောသည်။
ယခုအခါ ဝမ်းတွင်းမြို့တွင် စစ်ကောင်စီတပ်အင်အား ၂၀၀ ကျော်ထိ တိုးမြှင့်ချထားပြီး လမ်းသွားလမ်းလာများအား စစ်ဆေး ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်နေသဖြင့် မြို့ခံများ ထိတ်လန့်ကြောက်ရွံ့နေကြသလို ရန်ကုန်-မန္တလေးလမ်းဟောင်း ဝမ်းတွင်း ဘုရားစုကျေးရွာ ရွှေဘုံသာဘုရားအနီးတွင် အထိုင်ချကာ ပိုက်စိပ်တိုက်ရှာဖွေ စစ်ဆေးခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။