ကချင်တေးဂီတပွဲ ဗုံးကြဲတိုက်ခိုက်ခံရမှု နောက်ဆက်တွဲ ဖြစ်ပွားလာမည့် အပြောင်းအလဲများကို ဂရုတစိုက် စောင့်ကြည့်နေကြောင်း ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) က အောက်တိုဘာလ ၂၆ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။
အောက်တိုဘာလ ၂၃ ရက် ညပိုင်းက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မြောက်ဘက်ရှိ အနန့်ပါရွာတွင် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO/KIA) ဖွဲ့စည်းခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ် တေးဂီတပွဲ ကျင်းပနေစဉ် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များက လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် KIA တပ်ဖွဲ့မှ တပ်မဟာမှူး ၁ ဦးအပါအဝင် အရာရှိ၊ စစ်သည်များ၊ အနုပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် အရပ်သား စုစုပေါင်း လူဦးရေ ၁၀၀ ကျော်သေဆုံးခဲ့ရသည်။
ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက်တွင် KIO ဘက်က ဆုံးရှုံးမှုများကို ခွန်အားယူ၍ တော်လှန်ရေးခရီးဆက်မည်ဟု ပြောဆိုလာပြီးနောက်တွင် UWSA ဘက်က ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။
“ကျွန်ုပ်တို့သည် ဤကဲ့သို့ဆိုးဝါးလှသည့်ကိစ္စများကိုခါးသီးပြီး ဖြစ်စဉ်၏နောက်ဆက်တွဲပြောင်းလဲ ဖြစ်ပွားလာမည့် အခြေအနေအရပ်ရပ်ကို အထူးဂရုပြုစောင့်ကြည့်နေပါသည်” ဟု တရုတ်ဘာသာဖြင့် ရေးထားသည့် UWSA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ (၆၂) နှစ်မြောက် ဂုဏ်ပြု တေးဂီတဖျော်ဖြေပွဲတွင် တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှုခံခဲ့ရပြီး လူပေါင်း များစွာသေကျေဒဏ်ရာရခဲ့သည့်ဖြစ်စဉ်အပေါ် အံ့ဩတုန်လှုပ်ရကြောင်းလည်း UWSA က ဆိုသည်။
ဆက်လက်၍ UWSA က လက်နက်ကိုင်ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲများ ရှောင်ရှားရေး ၊ ပဋိပက္ခများကို ငြိမ်းချမ်းရေးနည်းလမ်းဖြင့်ကိုင်တွယ် ဖြေရှင်းရေး ၊ လူ့အခွင့်အရေးပဋိဉာဏ်အရ အပြစ်မဲ့ပြည်သူ၊ အမျိုးသမီးနှင့် ကလေးသူငယ်များ ကို ကာကွယ်စောင့်ရှောက်ရေး လုပ်ဆောင်ရန် ယင်းထုတ်ပြန်ချက်ထဲတွင် တိုက်တွန်းထားသည်။
UWSA ကဲ့သို့ပင် မိုင်းလားအဖွဲ့ဟု လူသိများသည့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ကလည်း ကချင်တေးဂီတပွဲ ဗုံးကြဲခံရသည့် ဖြစ်စဉ်အပေါ် လွန်စွာတုန်လှုပ်ပြီး ထပ်တူဝမ်းနည်းရကြောင်း ဆိုသည်။
အလားတူ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် တနိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ထိုးထားသော EAO များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ကလည်း အောက်တိုဘာ ၂၇ ရက်တွင် ဝမ်းနည်းကြောင်း ကြေညာချက်များ အသီးသီးထုတ်ပြန်ပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် တိုက်တွန်းလာကြသည်။
၂ ဖက် ထိတွေ့တိုက်ပွဲများ ဖြစ်ထားဖူးသည့် UWSA နှင့် RCSS အပါအဝင် PPST တို့၏ လက်ရှိ နွေဦးတော်လှန်ရေးအပေါ် သဘောထားမှာ တော်လှန်ရေးတွင် ပါဝင်နေသူများနှင့် အကြမ်းဖက်ဗုံးကြဲမှုများ လုပ်နေသော အာဏာသိမ်းစစ်ကောင်စီကို ဆွေးနွေးရန် တိုက်တွန်းနေကြခြင်း ဖြစ်သည်။
တိုင်းရင်းသားအရေး လေ့လာသူတဦးကမူ UWSA နှင့် မိုင်းလားအဖွဲ့တို့သည် ၎င်းတို့အဖွဲ့၏ ပွဲလမ်းသဘင် အခမ်းအနားများကို KIA ထက်ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ခဲ့သည့် အဖွဲ့များဖြစ်ပြီး စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုသည် အဆိုပါအဖွဲ့များအပေါ် သွယ်ဝိုက်သတိပေးသည့် သဘောဆောင်သဖြင့် ယခုကဲ့သို့ ကြေညာချက်များ ထုတ်လာခြင်း ဖြစ်ကြောင်း သုံးသပ်သည်။
၎င်းက“၂၀၁၉ မှာ အနှစ် ၃၀ ပြည့် ပွဲဆိုတာကို ဝ ကလည်း လုပ်ခဲ့တယ်။ မိုင်းလားလည်း အဲဒီလိုမျိုးလုပ်ခဲ့တယ်။ အဲဒီလိုလုပ်ရင် အဖွဲ့အစည်းရဲ့ ဩဇာနဲ့ ဂုဏ်သိက္ခာက တက်တာပေါ့။ လူထုကြားထဲမှာလည်း သက်ရောက်မှုများတယ်။ စစ်တပ်အတွက်ကတော့ တော်တော်လေး မခံချိမခံသာစရာကောင်းတဲ့အဖြစ်တွေပေါ့။ အဲဒီကာလတုန်းက စစ်တပ်က သည်းခံနေတာနော်ဆိုပြီး ပြောနေတာက အလကားတော့မဟုတ်ဘူး။ သူ့အနေနဲ့ မလိုလားဘူး။ မနှစ်မြို့ဘူးဆိုတာ ဖော်ပြတာ။ အခုလို အနန်ပါကို ဗုံးကြဲတာက KIA ကို တိုက်ခိုက်တာ သက်သက်မဟုတ်ဘူး။ သူတို့ကိုပါ သတိပေးတဲ့ သဘောဆောင်တယ်ဆိုတာ သူတို့သဘောပေါက်တယ်။ အဲဒီအခြေခံအပေါ်မှာ ဒီကြေညာချက်တွေ ထွက်လာတာလို့ပဲ ပြောရမှာပေါ့” ဟု ဆိုသည်။
UWSA သည် မြန်မာစစ်တပ်နှင့် နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် အစုအဖွဲ့များအကြား စစ်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ကို တွက်ဆထားပုံရပြီး စစ်ပွဲများ၏ ဂယက်သည် ဝ ဒေသသို့ ကူးစက်လာနိုင်သဖြင့် အထူးဂရုစိုက် စောင့်ကြည့်နေသည်ဟု ထုတ်ပြန်ခြင်းဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံအခြေစိုက် တိုင်းရင်းသား လေ့လာသူတဦး မှတ်ချက်ပေးသည်။
သို့သော်လည်း UWSA သည် မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွင် ရပ်တည်ချက်မပြောင်းသေးဘဲ မူလကိုင်စွဲထားသည့် မူဝါဒအတိုင်းသာရှိသေးကြောင်း မြန်မာ့အရေးလေ့လာနေသူများက ဆိုသည်။
တိုင်းရင်းသား လေ့လာသူတဦးက စစ်ကောင်စီတပ်သည် UWSA အပေါ်တွင် ထိပါးမှုများ လုပ်ဆောင်နိုင်သည်ကို UWSA ဘက်က တွက်ဆကာ ပြင်ဆင်ထားမည့် သဘောမျိုးရှိကြောင်းဆိုသည်။
၎င်းက“သူတို့ကို ထိပါးနိုင်တယ်ဆိုတာ သူတို့လည်း တွက်ဆနိုင်ပြီလို့ ထင်တယ်။ သူတို့ကို ထိပါးလာရင်လည်း ဘယ်လိုလုပ်မလဲဆိုတဲ့ စိတ်ထဲမှာ ပြင်ဆင်မှု တွေရှိလိမ့်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗုံးကြဲမှုအပါအဝင် စစ်ကောင်စီရဲ့ အရပ်ဖက်ပစ်မှတ်တွေကို တိုက်ခိုက်တာတွေ ရွာတွေကို မီးရှို့တာတွေ အများကြီးတွေ့လာတဲ့အခါမှာ စကစ ရဲ့ ရက်စက်ကြမ်းကြုတ်မှုက ပြင်းထန်တယ်ဆိုတာကို သူတို့ သိလာတယ်”ဟု ဆိုသည်။
စစ်ကောင်စီတပ်တွင် ဒုတိယဗိုလ်ချုပ်ကြီးရာထူးဖြင့် အငြိမ်းစားယူခဲ့သည့် စစ်အရာရှိဟောင်းတဦးကလည်း မြန်မာစစ်တပ်သည် UWSA ဌာနချုပ်ရှိရာ ပန်ဆန်းမြို့သို့ အမြောက်ကြီးများဖြင့် ချိန်ရွယ်ထားပြီး ၎င်းတို့အလိုရှိပါက အချိန်မရွေး ပစ်ခတ်တိုက်ခိုက်၍ ရကြောင်း ဧရာဝတီသို့ ပြောဆိုဖူးသည်။
နိုင်ငံရေးလေ့လာသူတဦးကမူ UWSA အပါအဝင် EAO များ၏ ဝမ်းနည်းကြောင်း ကြေညာချက်များ ထွက်လာသည်မှာ ကောင်းမွန်သည့် လက္ခဏာဖြစ်သော်လည်း နွေဦးတော်လှန်ရေးတွင် ပါဝင်လာတော့မည်ဟု တထစ်ချ မှတ်ယူ၍ မရကြောင်းဆိုသည်။
၎င်းက “ပါဝင်လာမလားဆိုတဲ့ မျှော်လင့်ချက်အထိ ဆွဲဆန့်ပြီး မတွေးဖို့ လိုပါတယ်။ သူတို့က ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်သူ့မှာ တာဝန်ရှိတယ်။ ဒါက စစ်ရာဇဝတ်မှုဖြစ်တယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်ဆိုတဲ့ စကားလုံးတွေလည်း မသုံးပါဘူး။ ရက်စက်တယ်။ ဒါကို စာနာထောက်ထားတယ်ဆိုတာပဲ ဖော်ပြတာပါ။ အဲဒီကနေ အခြေအနေတွေ စောင့်ကြည့်မယ်ဆိုတာကတော့ ဒီအခြေအနေတွေ ဆက်လုပ်မှာလားဆိုတာကို စောင့်ကြည့်မယ့် သဘောပါ။ ဒီထက်ဆိုးလာရင် သူတို့ကိုယ်တိုင်ပါဝင်လာမယ် ဆိုတဲ့ အနေအထားမျိုးက သိပ်မလွယ်သေးပါဘူး။ ဘာကြောင့်လဲဆိုရင် နွေဦးတော်လှန်ရေးအပေါ်သူတို့ရဲ့ ရပ်တည်မှုက စစ်ကောင်စီအပေါ် တရုတ်နိုင်ငံရဲ့ သဘောထားနဲ့ တသဘောတည်းဖြစ်နေလို့ပါ” ဟု ဆိုသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်မှုဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေး နွေးရန် “ဝ” ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA/မိုင်းလား) နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တာဝန်ရှိသူတို့သည် ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက နေပြည်တော်သို့ ဒုတိယ အကြိမ် သွားရောက်ခဲ့ကြသည်။
ယင်းကဲ့သို့သော အခြေအနေများကြောင့် နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် EAO များအပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် ညီညွတ်ရေးကို တည်ဆောက်ကာ မိမိတို့လုပ်ဆောင်ရန်ရှိသည့် ကိစ္စများအား တွေဝေမနေဘဲ ဆက်လက်ဆောင်ရွက်သွားရမည်သာ ဖြစ်ကြောင်း မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံရေးလေ့လာသူတဦးက သုံးသပ်ပြောကြားသည်။
You may also like these stories:
UWSA ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဘာထူးလဲ
UWSA တောင်ပိုင်းတပ် စစ်ရေးပြင်ဆင်နေ
ကေအိုင်အေနှင့် နွေဦးတော်လှန်ရေး
ဆုံးရှုံးမှုကို ခွန်အားယူ၍ တော်လှန်ရေး ခရီးဆက်မည် ဟု KIO ကြေညာ