ဒီတပတ်အတွက် ကချင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲ ပြန်စတော့မှာလား၊ ကော့ကရိတ်ကို ကရင်တပ်တွေ သိမ်းမှာလားနဲ့ ကချင်ဂီတဖျော်ဖြေပွဲ ဗုံးကြဲမှု စစ်ကောင်စီ ကြိုးစား အကြောင်းပြ စတဲ့အကြောင်းတွေကို ရှာဖွေတင်ပြလိုက်ပါတယ်။
ကချင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲ ပြန်စတော့မှာလား
ကချင်ပြည်နယ်၊ ဖားကန့်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၇၀ နီးပါး သေဆုံးခဲ့ရပြီးနောက် ကချင်ပြည်နယ်အနှံ တကျော့ပြန် တိုက်ပွဲတွေ ပြန်စနိုင်တယ်ဆိုတဲ့ သတင်းတွေ စထွက်လာပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ညက KIA ရဲ့ တပ်မဟာ ၉ ထိန်းချုပ်နယ်မြေ အနန့်ပါမှာ ကျင်းပနေတဲ့ ၆၂ နှစ် မြောက် ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် (KIO)နေ့ အထိမ်းအမှတ်ပွဲ အကြို တေးဂီတ ဖျော်ဖြေပွဲ ပြုလုပ်နေစဉ်မှာ စစ်ကောင်စီက ရုရှားနိုင်ငံထုတ် Yak–130 အဆင့်မြင့် ဂျက်လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဖားကန့်ဒေသ ဥရုချောင်းရဲ့ တဖက်စီမှာ စစ်ကောင်စီစခန်းနဲ့ KIA စခန်းတွေ ရှိကြပြီးတော့ အခု လေကြောင်း တိုက်ခိုက်ခံရတဲ့ အနန့်ပါ ဒေသဟာ KIA ထိန်းချုပ်နယ်မြေဘက်မှာ ရှိပေမယ့် ဖားကန့်မြို့နဲ့ လမ်းပန်းဆက်သွယ်ရေးအရ သွားရတာ ပိုအဆင်ပြေပါတယ်။
KIA ဘက်ကလည်း ဒီလို အချိန်မှာ စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်ဆိုတာ သိပါတယ်။ အဲဒါကြောင့် သူတို့ စစ်စခန်းတွေမှာတော့ အသင့်ပြင်ထားပြီး ဒီလို အရပ်သားတွေပါ ပါဝင်တဲ့ ပျော်ပွဲရွှင်ပွဲကိုတော့ မလုပ်လောက်ဘူးလို့ ထင်တဲ့အတွက် စစ်ကောင်စီဘက်က အောက်ခြေ တပ်မှူးတချို့ကို ငွေအမြောက်အမြားပေးပြီး ဒီပွဲကို ပြုလုပ်ခဲ့တာလို့ သတင်းကြားရပါတယ်။
စစ်ကောင်စီဘက်ကလည်း ဒီပွဲမှာ KIA တပ်မဟာ ၉ ရဲ့စစ်ဘက်ရေးရာ တာဝန်အရှိဆုံးလူကိုယ်တိုင်တက်မယ်ဆိုတာကို သတင်းကြိုရခဲ့တာကြောင့် လေတပ်ကနေ တိတိကျကျ ပစ်ချခဲ့တာလို့ နေပြည်တော် သတင်းရင်းမြစ်တွေက ပြောပါတယ်။
သေဆုံးခဲ့သူတွေထဲမှာ ရာထူးအကြီးဆုံးကတော့ တပ်မဟာ(၉) တပ်မဟာမှူး ဗိုလ်မှူးကြီး ရှရော်လဆိုင်း ဆိုသူဖြစ်ပြီး သူနဲ့ အတူ KIA စစ်ဘက်ရေးရာ အရာရှိ ၅ ဦး၊ အခြားအဆင့် ၁၈ ဦး၊ KPDF က နှစ်ဦး၊ ကချင်ပြည်နယ် အခြေစိုက် PDF သုံးဦး၊ NLD ပါတီဝင် ရှစ်ဦးတို့ ထိခိုက်သေဆုံးခဲ့ပါတယ်။ ကျန်တာတွေကတော့ ပြည်သူတွေ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ် တွေဆီက သိရပါတယ်။
အဲဒီ KIO အထိမ်းအမှတ်နေ့ အခမ်းနားကို ကချင်အနုပညာရှင် ၉ ဦးခန့် တက်ရောက်ခဲ့ပြီး ကချင်အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော် အော်ရာလီ၊ အမျိုးသမီး အဆိုတော် ယော်လွင်နဲ့ ဂီတပညာရှင် ကိုကင်းတို့ သုံးဦး သေဆုံးခဲ့သလို ကချင်အနုပညာရှင်၊ သရုပ်ဆောင် ဇော်ဒိန်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။
ဒီလိုတိုက်ခိုက်ခံရမှုကြောင့် KIA ဘက်ကလည်း လက်တုန့်ပြန်တဲ့အနေနဲ့ ဖားကန့် အပါအဝင် ကချင်ပြည်နယ်ထဲရောက်နေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတချို့ကို ချက်ချင်း လက်တုန့်ပြန်တိုက်ခိုက်တာမျိုးတွေ လုပ်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ တပ်မ ၃၃ စစ်ကြောင်းကို အောက်တိုဘာလ ၂၅ ရက်နေ့မှာ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ တာမခံ ကျေးရွာအနီးမှာ KIA တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၆ က ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ၊ မုံးပေါ်ဒေသမှာ အောက်တိုဘာ ၂၅ ရက်နေ့က စစ်ကောင်စီ တပ်မ ၉၉ နဲ့ KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ တို့ အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ထဲမှာ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်တပ်က လေယာဉ်နဲ့ လာရောက် တိုက်ခိုက်တဲ့အထိ တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။
KIA ဘက်က သူ့ရဲ့ တပ်မဟာအားလုံးကို တပ်လှန့်လိုက်ပြီး စနစ်တကျ တုန့်ပြန်တိုက်ခိုက်ဖို့ အစီအစဉ်တွေ ဆွဲနေပြီ ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။ KIA ဘက်က ဘယ်လောက်အထိ ပြန်တိုက်ခိုက်မလဲဆိုတာ စိတ်ဝင်စားစရာပါ။
ဖားကန့်ဒေသမှာတော့ စစ်ရေးအရ ယှဉ်မယ်ဆိုရင် KIA က စစ်တပ်ကို ငယ်နိုင်ပါ။ တိုက်ပွဲဖြစ်တိုင် KIA ဘက်ကသာ အသာရလေ့ ရှိပြီး စစ်တပ်က အကျဆုံး အနည်း၊ အများပဲ ရှိပါတယ်။
အခုလည်း KIA ဘက်က ကချင်ပြည်နယ်ကို ကျော်လွန်ပြီး စစ်ကိုင်းတိုင်းထဲအထိ ထိုးစစ်ဆင်မှာလား၊ နေပြည်တော် အထိ ခြိမ်းခြောက်နိုင်လားဆိုတဲ့ မေးခွန်းတွေ ရှိနေချိန်မှာ စစ်တပ်ဘက်ကလည်း အဲဒီလို ဖြစ်လာရင် လိုင်ဇာအထိ ဗုံးကြဲတိုက်ခိုက်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။
စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အများအပြား ထိခိုက်သေဆုံးရမှုအပေါ် တော်လှန်ရေး ခွန်အားအဖြစ် အရှိန်မြှင့်တင်သွားမည် ဖြစ်ကြောင်း KIO ဗဟိုကော်မတီက ထုတ်ပြန်ကြေညာခဲ့ပြီး KIA ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ် ဂွန်မော်ကတော့ “အားလုံးရဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေ ဖြစ်လာမှာပါ”လို့ ပြောဆိုထားပါတယ်။
ဒီလို ထုတ်ပြန်မှု၊ ဒီလို ပြောဆိုမှုတွေနဲ့အတူ အကြောင်းအမျိုးမျိုးကြောင့် တပ်ရင်းဌာနချုပ်တွေနဲ့ ဝေးကွာနေတဲ့ KIA တပ်ဖွဲ့ ဝင်တွေကို ချက်ချင်းပြန်လည် ဆက်သွယ်ကြဖို့နဲ့ အမိန့်တွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရပါတယ်။
ဒီလိုသာ မှန်ရင်တော့ KIA အနေနဲ့ အခုလပိုင်းအတွင်းမှာ စစ်ကောင်စီတပ်စခန်းတွေနဲ့ မဟာဗျူဟာအရ အရေးကြီးတဲ့ နေရာတွေကို တန်ပြန်ထိုးစစ်တွေ ဆင်လာနိုင်ပါတယ်။ စစ်တပ်ဘက်ကလည်း KIA ဘက်က စခန်းထိုးတက်လာခဲ့ရင် လက်နက်ကြီးတွေ ချက်ချင်းပစ်နိုင်ဖို့ အကြီးအကျယ် ပြင်ဆင်မှုတွေ လုပ်နေတာပါ။
ဒါကြောင့် ကချင်ပြည်နယ်မှာ တကျော့ပြန် တိုက်ပွဲတွေ ပြန်မြင်ရတော့မှာ ဖြစ်သလို စစ်ဘေးဒုက္ခသည်တွေလည်း အသစ်တိုးလာတော့မှာ ဖြစ်ပါတယ်။
ကော့ကရိတ်ကို ကရင်တပ်တွေ သိမ်းမှာလား
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်မှာ အောက်တိုဘာလ ၂၁ နဲ့ ၂၂ ရက်နေ့က စစ်ကောင်စီ တပ်တွေနဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ပူးပေါင်းတပ်တွေအကြား တနေကုန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတော့ ဒီတိုက်ပွဲအတွင်းမှာ အရပ်သား လေးဦး သေဆုံးခဲ့သလို လူပေါင်း ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ကော့ကရိတ်မြို့က ဌာနဆိုင်ရာရုံး အားလုံးကို KNU/KNLA ပူးပေါင်းတပ်တွေက ဝင်ရောက် စီးနင်းနိုင်ခဲ့ပြီး မြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ခလရ ၉၇ ကို ဝင်တိုက်ဖို့အထိ ပြင်ဆင်နိုင်ခဲ့ပေမယ့် တဖက်က လေကြောင်း၊ အမြောက်၊ သံချပ်ကာယာဉ်တွေကိုသုံးပြီး ပြင်းပြင်းထန်ထန် တုန့်ပြန်တဲ့အတွက် ပြည်သူတွေ ထိခိုက်မှာ စိုးတဲ့အတွက် ကရင်တပ်တွေ ပြန်ဆုတ်ခဲ့ပါတယ်။
ဒါပေမယ့် တိုက်ပွဲကာလအတွင်းမှာ ကရင်တပ်တွေဟာ မြို့ကို ကောင်းကောင်းထိန်းထားနိုင်ခဲ့ပြီး ရဲစခန်း အချုပ်ထောင်တခုက အချုပ်သားတွေကို လွတ်မြောက်စေခဲ့ပါတယ်။ အခု ကော့ကရိတ်တိုက်ပွဲကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ကျော်သက်ဟာ ၂၀၁၀ တုန်းကလည်း ရွေးကောက်ပွဲကို မကျေနပ်လို့ ဆိုပြီး မြဝတီမြို့ထဲအထိ ဝင်တိုက်ပြခဲ့သူပါ။
ဗိုလ်ကျော်သက်လို့ ပြောလိုက်ရင် ဘယ်လောက်အထိ လုပ်ပြနိုင်သလဲဆိုတာကို ကော့ကရိတ်မြို့ခံတွေနဲ့ ဌာနဆိုင်ရာတွေ အကုန်လုံး သိတာမို့ တချို့ဆိုရင် ကြိုတင်ပြီး အထုတ်ဆွဲ ထွက်ကုန်ကြပါပြီ။
KNU ဘက်ကလည်း တိုက်ပွဲအတွင်းမှာ ဗိုလ်ကျော်သက်ရဲ့ ဦးဆောင်မှုအောက်မှာ ကော့သူလေး အာမီရဲ့ Lion Battalion Commando- ဗျူဟာစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ Eagle Brigade ၊ Justice Soldiers နှင့် အခြားသော မဟာမိတ် တပ်ဖွဲ့တွ ပါဝင်ခဲ့ပါတယ်။
အခုတကြိမ်မှာလည်း KNU ဘက်က ကော့ကရိတ်မြို့ထဲမှာ ဆက်နေပြီး တိုက်ပွဲဖော်လို့ ရပေမယ့် မြို့ပြင်က ခနပြန်ဆုတ်ပြီး ဆက်လက် တိုက်ခိုက်နေတုန်းပဲ ရှိပါတယ်။ စစ်ကောင်စီတပ်တွေ မြို့ပြင်ကို ထွက်လာရင် အဆင့်သင့် ချဖို့ စောင့် နေသလို အခွင့်အရေး ပေးရင်လည်း ပေးသလို ဝင်တိုက်ဖို့ ရှိတယ်လို့ ပါဝင်တိုက်ခိုက်နေသူတွေက ပြောပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့မှာလည်း ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက်ထဲကို စစ်တပ် ဘက်က လက်နက်ကြီး ကျည်တွေ ကျလို့ နှစ်ဦး သေဆုံးပြီး နှစ်ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကော့ကရိတ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က တိုက်လေယာဉ်ကို တရပ်စပ် မရပ်မနား ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ တရက်တည်း လေယာဉ်၊ ရဟတ်ယာဉ် အကြိမ် ၅၀ လောက် ပျံပြီးတော့ တိုက်ခိုက်တာမျိုးက အခုနောက်ပိုင်း တိုက်ပွဲတွေမှာ တော်တော်ရှားပါတယ်။
KNLA တာဝန်ရှိသူတချို့ကတော့ အခုတိုက်ပွဲဟာ ကော့ကရိတ်မြို့သိမ်း တိုက်ပွဲ မဟုတ်သေးဘဲ ကော့ကရိတ် တောင်ပိုင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်အားလုံး ပြန်လည်ရုပ်သိမ်းရေးဆိုတဲ့ ရည်မှန်းချက်နဲ့ လုပ်တဲ့ စစ်ဆင်ရေးဖြစ်ပြီး KNU ပူးပေါင်းတပ်တွေ မြို့ထဲဝင်လာတဲ့အတွက် တောင်ပိုင်းမှာ ရှိနေတဲ့ စစ်ကောင်စီတပ်တွေ မြို့ထဲပြန်ဝင်လာရလို့ အောင်မြင်တဲ့ စစ်ဆင်ရေးလို့ ပြောဆိုကြပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ စက်တင်ဘာလအထိလအထိ ၂၀ အတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေနှစ်ခုမှာ တိုက်ပွဲပေါင်း ၆၆၈၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ ခြေကုပ်စခန်းကြီး ၉ ခုအထိ သိမ်းနိုင်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လမှာ တိုက်ပွဲပေါင်း ၂၅၉ ကြိမ်နဲ့ ဩဂုတ်လမှာ ၂၆၂ ကြိမ် ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလမှာတော့ တိုက်ပွဲပေါင်း ၃၃၃ ကြိမ်အထိ ဖြစ်ပွားခဲ့တာကြောင့် ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ အများဆုံးလို့တောင် ပြောနိုင်ပါတယ်။
ကချင်ဂီတဖျော်ဖြေပွဲ ဗုံးကြဲမှု စစ်ကောင်စီ ကြိုးစား အကြောင်းပြ
“သမိုင်းတလျှောက်လုံးမှာ တပ်မတော်က အရပ်သားတွေကို ဘယ်တုန်းကမှ မတိုက်ခိုက်ခဲ့ဘူး” လို့ အသေအပျောက်များတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စီအန်အန် သတင်းဌာနက မေးတာကို စစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ဖြေကြားပါတယ်။
သူက မြန်မာနိုင်ငံ အလယ်ပိုင်းမှာ အကြမ်းဖက်သမားတွေအဖြစ် တံဆိပ်တပ်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက လေ့ကျင့်သင်ကြားပြီး ထောက်ပံ့ထားတာကြောင့်လို့ ပြောပါတယ်။
စစ်ကိုင်းဟာ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းအပြီး မြန်မာနိုင်ငံမှာ ပထမဆုံး လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့ကြပြီး အခုထိ လက်နက်မပြည့်စုံပေမယ့် လက်လုပ်မိုင်းတွေ ကိုယ့်ဘာသာထုတ်လုပ်ပြီး စစ်တပ်ကို တိုက်ခိုက်တာကြောင့် စစ်တပ်က လေကြောင်းအကူနဲ့ စစ်ဆင်ရေးတွေ လုပ်ပြီး ရွာတွေကို မီးရှို့၊ တွေ့သမျှ လူ ဖမ်းဆီး၊ မသင်္ကာရင် နှိပ်စက် သတ်ဖြတ်တာတွေ အကြီးအကျယ်လုပ်နေပါတယ်။
စစ်တပ်ဟာ “စစ်ခွေးသင်္ချိုင်း” လို့ ခေါ်တဲ့ စစ်ကိုင်းမှာ အသေအပျောက် များခဲ့တဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးတွေ ထူထောင်ကြတာကြောင့် စစ်ကိုင်းတိုင်းအပေါ် အထူးကို အငြိုးအတေးထားပါတယ်။ ဒါကြောင့်လည်း လက်ယက်ကုန်းရွာမှာ ကလေးစာသင်ကျောင်းကိုတောင် မရှောင် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ပြတဲ့အထိ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာပါ။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက PDF တွေကို ထောက်ပံ့ပေးနေတယ်လို့ စစ်အစိုးရက မကြာခဏ ပြောဆိုလေ့ရှိပြီး ကေအိုင်အေရဲ့ လက်နက် စက်ရုံကို ဗုံးကြဲဖို့ တပ်မတော်အရာရှိဟောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဘူးလက်လှဆွေက သြဂုတ် ၁၇ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာလည်း ပြောင်ပြောင်တင်းတင်း တောင်းဆိုခဲ့ပါတယ်။
အခု ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ (၆၃) ဦး သေဆုံးပြီး (၆၀) ခန့် ဒဏ်ရာရရှိခဲ့ပါတယ်။ KIA ဘက်က သေဆုံးသူနှင့် ဒဏ်ရာရသူတွေထဲက စစ်ဘက်ပိုင်းက လူတွေကို နာမည်နဲ့ ရာထူးကို ထုတ်ပြန်ခဲ့ပေမယ့် ဖားကန့်နဲ့ မြစ်ကြီးနားက ပွဲလာသူ အရပ်သားများ စာရင်းကိုတော့ ကျန်ရစ်သူမိသားစုဝင်တွေရဲ့ လုံခြုံရေးကြောင့် မထုတ်ပြန်ကြောင်း သိရပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲမှာ ရှိသူအားလုံး သူပုန်လို့ သတ်မှတ်ပြီး အရပ်သားများ ထိခိုက်သေဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။ ဖားကန့်က ကူညီကယ်ဆယ်ရေး သွားချင်သူ မိသားစုဝင်တွေနဲ့ အသင်းအဖွဲ့တွေကိုလည်း စစ်တပ်က လမ်းမဖွင့်ပေးဘဲ တဘက်နယ်ထဲ ဝင်ရောက်သွားသူမှန်သမျှ ပစ်ပိုင်ခွင့်ရှိတယ်လို့ ပြောပါတယ်။
You may also like these stories:
စစ်ကောင်စီ၏ ဖြတ်လေးဖြတ် မီးရှို့စနစ် ဘာကြောင့် ကျရှုံးနေသနည်း
မိုးမောက်တွင် စစ်ကောင်စီတပ်နှင့် KIA စစ်ရေး တင်းမာနေ
ဆုံးရှုံးမှုကို ခွန်အားယူ၍ တော်လှန်ရေး ခရီးဆက်မည် ဟု KIO ကြေညာ
မြဝတီ သုံးထပ်ကွေ့နှင့် သုံးလ စစ်ဆင်ရေး
ကော့ကရိတ် မြို့သိမ်းတိုက်ပွဲ မဟုတ်ဘူး၊ တပ်စွဲထားတဲ့ တပ်တွေ ပြန်ရုပ်ရေး တိုက်တာ