ကမ္ဘာကျော် အမှတ်တံဆိပ် Adidas တံဆိပ်ဖိနပ်များ ချုပ်နေသော ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရှိ မြန်မာပေါင်ချိန် ဖိနပ် စက်ရုံတွင် လုပ်ခတိုးပေးရန် တောင်းဆိုနေသော လုပ်သား ၂၀၀၀ နီးပါးထဲမှ သမဂ္ဂအဖွဲ့ဝင် ခေါင်းဆောင် ၂၇ ဦးကို ဆန္ဒပြ ရက်များတွင် ခွင့်မဲ့ပျက်ကွက်သည် ဆိုကာ စက်ရုံမှ အလုပ်ထုတ်လိုက်ကြောင်း ဧရာဝတီက စုံစမ်းသိရသည်။
ယင်းစက်ရုံရှိ အလုပ်သမားများက လတ်တလော ရနေသည့် အနိမ့်ဆုံး လုပ်ခလစာ ၄,၈၀၀ ကျပ် သည် ကုန်ဈေးနှုန်း မြင့်လာသဖြင့် မလောက်ငတော့သည့်အတွက် ကျပ် ၈,၀၀၀ သို့ တိုးပေးရန် အောက်တိုဘာ ၂၅ ရက်က စ၍ ဆန္ဒပြ တောင်းဆိုနေခြင်း ဖြစ်သည်။
ပေါင်ချိန်စက်ရုံမှ အလုပ်ထုတ်ခံရသူ တဦးက “ဝန်ထမ်းတွေကို ထိန်းနိုင်မယ့်လူတွေ အကုန်လုံးကို ဖြုတ်ပစ်လိုက်တာပေါ့။ ဘာလို့ ထုတ်တာလဲ မေးတော့ ခွင့်မဲ့ ၃ ရက်နဲ့ ထိလို့ ထုတ်တာ၊ မြန်မာနိုင်ငံရဲ့ အလုပ်သမား ဥပဒေနဲ့ ညီသည် ဖြစ်စေ၊ မညီသည်ဖြစ်စေ သူတို့က (စက်ရုံ) လုပ်တယ်ဆိုပြီး ပြောလာတယ် ” ဟု ပြောသည်။
အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေအရ အငြင်းပွားမှု ဖြစ်ပွားနေချိန် အလုပ်ပိတ်ခွင့် မရှိသလို အလုပ်မှ ထုတ်ပိုင်ခွင့်မရှိဟု ပြဌာန်းထားသဖြင့် လုပ်ငန်းရှင်က ယင်းဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် လိုက်ခြင်း ဖြစ် ကြောင်း အလုပ်သမားက ဆိုကြသည်။
ထိုသို့ ဆန္ဒပြတောင်းဆိုမှုကို စက်ရုံတာဝန်ရှိသူများဘက်မှ အောက်တိုဘာ ၃၁ ရက်တွင် တစုံတရာ အကြောင်းပြန်မည် ဟု ဆိုထားသော်လည်း ဆန္ဒပြခဲ့သည့် ၂၅၊၂၆၊ ၂၇ (နေ့တဝက်) တို့ကို ခွင့်မဲ့ပျက်ကွက်သည်ဟု ဆိုကာ အလုပ်ထုတ် ကြောင်း အောက်တိုဘာ ၂၈ ရက်နေ့က တရားဝင် ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလုပ်ထုတ်ခံရသူက “စက်ရုံဘက်က ဒီနေ့ကို တိကျတဲ့ အဖြေတခုပေးမယ် ပြောထားပေမယ့် ၂၈ ရက် နေ့ မှာ အလုပ် ထဲကို ပေးမဝင်ဘဲနဲ့ အလုပ်ထုတ်တယ် ဆိုပြီး တဖက်သတ်ကြေညာတယ်၊ တောင်းဆိုတာတွေကို လိုက်လျော သည် ဖြစ်စေ၊မလိုက်လျောသည် ဖြစ်စေ အလုပ်ထုတ်ပိုင်ခွင့်တော့ မရှိဘူး၊ ဒါဟာ ဥပဒေနဲ့ မညီဘူးဆိုတာ သူတို့ (စက်ရုံ) ဘက်က သိတယ်။ အထက်က လုပ်ခိုင်းလို့ပါဆိုပြီး ပြောလာတယ်” ဟု ၎င်းက ဆိုသည်။
ယင်းကဲ့သို့ အလုပ်မှ ထုတ်ခံရပြီး အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေများကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့ (ILO) သို့ ယနေ့ စာရေးသား ပေးပို့ထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဦးဆောင်သူများ အလုပ်ထုတ်ခံရပြီး နောက် ထောင်ချီသော ဝန်ထမ်းများမှာ ယနေ့ အလုပ်ခွင်သို့ ပြန်ဝင်ရောက်နေပြီး စက်ရုံ အုပ်ချုပ်ရေးပိုင်းက ဆန္ဒပြမှု ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းသော အလုပ်သမား တချို့ကို တားဆီးပိတ်ပင် ဖိအားပေးမှုများ ရှိကြောင်း အလုပ်သမားထံမှ သိရသည်။
စက်ရုံအလုပ်သမား တဦးက“ဆန္ဒပြဖို့ ထွက်ချင်တဲ့ ဝန်ထမ်းတွေကို တရုတ်တွေက တံခါးတွေ ပိတ်တာမျိုးတို့၊ ဝန်ထမ်း တွေကို လုံခြုံရေးတွေနဲ့ စောင့်ကြည့်တာမျိုး လုပ်ပြီးတော့ စက်ရုံထဲကနေ ပေးမထွက်ဘူး၊ တောင်းဆိုမှု လုပ်ဖို့ သတ်မှတ် ထားတဲ့ နေရာမှာမရပ်ဖို့ တား တာမျိုးတွေ ရှိတယ်” ဟု ပြောသည်။
ထိုသို့ တားဆီးမှုများ ရှိသည့်ကြားကပင် အမျိုးသမီး အလုပ်သမား ၁၀ ဦးသည် အလုပ်ထုတ်ခံရသည့် ခေါင်းဆောင်များကို အလုပ်ပြန်လည်ခန့်အပ်ရေး အတွက် ဆန္ဒပြတောင်းဆိုမှုကို လုပ်ဆောင်နေကြောင်းလည်း သိရသည်။
ယင်းစက်ရုံတွင် လုပ်သား ၇၀၀၀ ဝန်းကျင်ရှိပြီး လုပ်သား ၁၀၀၀ ခန့်မှာ ပြီးခဲ့သည့် စက်တင်ဘာလကတည်းက အနိမ့်ဆုံး အခကြေးငွေ တိုးမြှင့်ပေးရေးအတွက် တောင်းဆိုမှုများ လုပ်ခဲ့သော်လည်း ညှိနှိုင်းမှု မရှိသဖြင့် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်လာပြီးနောက် အလုပ်ထုတ်ခံရသည့် ဖြစ်စဉ်များ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ယခုကဲ့သို့ အလုပ်ထုတ်ခံရနိုင်သည်ကို ကြိုတင်သိသော်လည်း လူသုံးကုန်၊ စားသောက်ကုန်မှစ၍ အခြေခံ အိမ်သုံး ဆေးဝါးပါမကျန် အဆမတန် မြင့်လာသည့်အတွက် စစ်အာဏာသိမ်းမှုအောက်၌ပင် လုပ်ခလစာ တိုးမြှင့်ရေးကို အလုပ်သမားများက အရဲစွန့် တောင်းဆိုလာကြခြင်းလည်း ဖြစ်သည်။
စစ်အာဏာသိမ်းပြီးချိန်မှစပြီး အလုပ်သမားများသည် လုပ်အားခများ ခေါင်းပုံဖြတ်ခံရခြင်း၊ အလုပ်အကိုင် အာမခံချက် မရှိခြင်း စသည့် အလုပ်သမား အခွင့်အရေးများ ဆုံးရှုံးမှုမှာ ပိုမိုများလာသည်ဟုလည်း အလုပ်အသမားအရေး ဆောင်ရွက် ပေးနေသည့်အဖွဲ့များထံမှ သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM)၊ လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါဖြိုးစန္ဒာစိုး က မြန်မာပေါင်ချိန်ဖိနပ်စက်ရုံ နည်းတူ အခြားသော စက်ရုံများတွင်လည်း အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိနေပြီး စစ်ကောင်စီ လက်အောက်တွင် အလုပ်သမားအခွင့်အရေးများကို ဖော်ဆောင်ရန် မဖြစ်နိုင်သလို ယုံကြည်မှုလည်း မရှိ ကြောင်း ပြောသည်။
ဆက်လက်ပြီး ၎င်းက “နိုင်ငံအကျပ်အတည်း တွေ့တဲ့အချိန်မှာ အလုပ်ရှင်တွေရဲ့ မျက်နှာဖုံးက ပိုမြင်လာရတာပေါ့။ အရပ်သား အစိုးရ လက်ထက်မှာကတော့ ၃ ပွင့်ဆိုင် ယန္တရားအောက်မှာ အခွင့်အရေး ချိုးဖောက်တယ် ဆိုရင်တောင် သမဂ္ဂတွေက ထောက်ပြနိုင်သူတွေ ရှိတဲ့ အတွက် ချိုးဖောက်မှုမှာ အဟန့်အတား ဖြစ်သေးတယ်။ အခုကတော့ သမဂ္ဂတွေ မရှိတဲ့ အတွက်ကြောင့် ချိုးဖောက်မှုက ဗြောင်တင်းလာတယ်။ အခြေခံ စံနှုန်းတွေကိုပါ ချိုးဖောက်လာတယ်” ဟု ပြောသည်။
လက်ရှိတွင် အလုပ်သမား အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံအတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေများကို စာရင်းများပြုစုပြီး မှတ်တမ်းများရယူကာ နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းများဖြစ်သော ILO၊ Ethical Trading Initiative (ETI) စသည့် အဖွဲ့အစည်းများထံသို့ ပို့ပေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းများတွင် အလုပ်သမားများ၏ အခြေခံအခွင့်အရေးနှင့် စံသတ်မှတ်ချက်များကို လိုက် နာခြင်း မရှိသလို တာဝန်ယူမှုတာဝန်ခံမှု မရှိသည့် လုပ်ငန်းများ ပိုများလာကြောင်း ကမာ္ဘလုံးဆိုင်ရာ အလုပ်သမား အခွင့်အရေးများကို လေ့လာစောင့်ကြည့်ပြီး မှတ်တမ်းယူနေသောအဖွဲ့ ဖြစ်သည့် Ethical Trading Initiative (ETI) ၏ ယခုနှစ် စက်တင်ဘာ ၁၂ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
Adidas ဖိနပ်ချုပ်စက်ရုံလုပ်သားများ ဆန္ဒပြ
Adidas ဖိနပ်ချုပ် စက်ရုံလုပ်သားများ လစာတိုးရေး တောင်းဆို
အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု ဆိုးရွားလာ
ပျောက်ဆုံးသွားသော အလုပ်သမား အခွင့်အရေး