ကချင်ပြည်နယ်၊ မိုးမောက်မြို့အရှေ့မြောက်ဘက် ၂ မိုင်အကွာရှိ လုံဂျာတောင်တွင် အောက်တိုဘာ ၂၉ ရက် နှင့် ၃၀ ရက်က အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ် (KIA) တို့တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ကြောင်း KIA နှင့် မိုးမောက်ဒေသခံများထံမှသိရသည်။
လုံဂျာတောင်ရှိ KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း (၁၅) ၏ ကာကင်းကုန်းနှင့် ပင်မစခန်းကုန်းကို လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ သုံး၍ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး KIA တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်း ၂၁ လောင်းနှင့် လက်နက် ခဲယမ်းများ အပါအဝင် စစ်အသုံးအဆောင် ပစ္စည်းများ ရရှိခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းချန်နယ်များက ဖော်ပြကြသည်။
KIA ပြန်ကြားရေးဌာနဘက်ကတော့ စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်များမှ ထုတ်ပြန်သော သတင်းသည် အမှားသာဖြစ်ပြီး စစ်ကောင်စီတပ်များ စခန်းသိမ်းနိုင်ကြောင်း ထုတ်ပြန်ထားသည့် နေရာမှာ လုံဂျာတောင်ခြေရှိ ဝဝမ်နှင့် ကွမ်ဘန်ရွာမှ ခရစ်ယာန် ဆုတောင်းနေရာဖြစ်ပြီး KIA တပ်ဖွဲ့များသည် ယင်းနေရာအား မိုင်းထောင်ပြီးနောက် ရွာသူရွာသားများကို မသွားရန်သတိပေးကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ယင်းနေရာတွင် အောင်ပွဲခံနေသည့် စစ်ကောင်စီတပ်များကို အောက်တိုဘာ ၃၀ ရက် ညနေပိုင်းတွင် KIA တပ်ဖွဲ့ဝင်များက တန်ပြန်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြားခဲ့ကြောင်း KIA ပြန်ကြားရေးဌာနဘက်က ဆိုသည်။
လုံဂျာတောင်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က တပ်ဖွဲ့ဝင်အယောက် ၈၀ ကျော်ကျဆုံးကြောင်း KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ဧရာဝတီသို့ ပြောသည်။
KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက “ကျနော်တို့သိရတာက သူ့ဟာနဲ့သူ လေကြောင်းက ဗုံးကြဲတာမှားချလို့ သေတာပေါ့။ မနေ့ကသိရတာက ၄၀ ကျော်သေတယ်လို့ သိထားတယ်။ နောက်ပိုင်း ၈၁ ယောက်ဆိုတာက confirm (သေချာ) ဖြစ်တယ်လို့ ပြောတယ်။ ၈၀ ကျော်ဆိုတော့ စစ်ကြောင်း ၁ ကြောင်းစာလောက်သွားတာပေါ့” ဟု ဆိုသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန၏ တိုက်ရိုက်အတည်ပြုချက်တော့ မရရှိသေးပေ။
အမည်မဖော်လိုသည့် မိုးမောက်ဒေသခံ တဦးကလည်း “ကျနော်တို့ဘက်က အသံဘဲ ကြားရပါတယ်။ မနေ့က ညနေပိုင်းနဲ့ ဒီနေ့အထိ ငြိမ်နေတာပေါ့။ တနေ့ကတော့ မြို့ပေါ်မှာ လက်နက်ကြီးကျည်တွေ ကျလာတာဟုတ်ပါတယ်။ ပြည်သူလူထု ၂ ယောက် ထိခိုက်တယ်။ လောလောဆယ်တော့ ဆေးရုံရောက်နေ တာပေါ့။ စိုးရိမ်ရတဲ့ အခြေအနေတော့မဟုတ်ဘူး။ ကျန်းမာလာကြပါပြီ။ မိုးမောက် ရုံးလမ်းခွဲ အထက်နားကို လက်နက်ကြီးကျည် ကျတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်မှ စတင်ကာ မိုးမောက်မြို့နယ် အရှေ့မြောက်ဘက်တွင် KIA တပ်မဟာ ၃ နှင့် မိုးမောက်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အမှတ် (၄၃၇) ခြေမြန်တပ်ရင်းတို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
စစ်ရေးလေ့လာသူတဦးကမူ လုံဂျာတောင်ရှိ KIA တပ်များသည် မြေပြန့်ရှိ မိုးမောက်နှင့် ဗန်းမော်မြို့များရှိ စစ်ကောင်စီစခန်းများကို ခြိမ်းခြောက်နေသဖြင့် စစ်ကောင်စီဘက်က ထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တောင်ကြောကို KIA ဘက်မှ ထိန်းချုပ်ထားခြင်းသည် ၎င်းတို့၏ အဓိကဒေသဖြစ်သော မိုင်ဂျာယန်၊ လိုင်ဇာ စသည့်နေရာများကို ကာကွယ်ပြီးသာ ဖြစ်သလို တဖက်တွင်လည်း ဗန်းမော်၊ မြို့သစ်၊ ဒေါ့ဖုန်းယန်၊ နားလုံ ၊ နန်ဆာယန် ၊ မြစ်ကြီးနားသွား ကားလမ်းကို ခြိမ်းခြောက်မှု တခုလည်းဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
၎င်းက “အစိုးရစစ်တပ်စခန်း အားလုံးဟာ ဗန်းမော်၊ မိုးမောက် ၊ မြို့သစ်၊ ဒေါ့ဖုန်းယန် ၊ နားလုံ ကားလမ်းတလျှောက်မှာရှိတယ်။ စစ်ရေးအရတော့ အရေးပါတယ်။ KIA က တောင်ကြောတွေအပေါ်မှာထိုင်ပြီး တပ်ဖွဲ့ငယ်တွေနဲ့ ဆင်းပြီးလှုပ်ရှားလေ့ရှိတယ်။ စစ်တပ်အတွက်ကတော့ အဲဒီတောင်ကုန်းတွေကို ရမှ သူတို့စခန်းလုံခြုံမယ့်သဘောဖြစ်တာကိုး ။ အဲဒါကြောင့် စစ်တပ်က သူတို့အင်အား စုနိုင်တဲ့အချိန်တက်ထိုးတာပါပဲ” ဟု ရှင်းပြသည်။
လုံဂျာတောင်ကို ထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မိုးမောက်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အမှတ် (၄၃၇) ခြေမြန်တပ်ရင်းအပါအဝင် တပ်မ (၈၈) လက်အောက်ခံတပ်များနှင့် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ တပ်များမှ ထုတ်နှုတ် အင်အားများဖြစ်ပြီး၊ KIA တပ်ရင်း (၁၅) ၏ ပင်မစခန်းကို သိမ်းနိုင်၊ မသိမ်းနိုင်နှင့် ပတ်သက်၍ လက်ရှိ အချိန်အတွင် အတိအကျပြောရန် ခက်ခဲကြောင်းလည်း မှတ်ချက်ပေးသည်။
လတ်တလော တိုက်ပွဲများဖြစ်နေသည့် မိုးမောက်မြို့နယ်အပါအဝင် ၊ မိုးမောက်နှင့် ထိစပ်နေသည့် ဗန်းမော်မြို့နယ်နှင့် မံစီမြို့နယ်တို့တွင် KIA တပ်မဟာ ၃ ဘက်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) အပါအဝင် စစ်သည်အင်အား ၃၀၀၀ ခန့်ဖြန့်ကျက်ထားကြောင်း KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှသိရသည်။
You may also like these stories:
မိုးမောက်တွင် စစ်ကောင်စီတပ်နှင့် KIA စစ်ရေး တင်းမာနေ
အနန့်ပါက ပြည်သူတွေ သွားလာတဲ့ နေရာဖြစ်တယ် စစ်ရေးပစ်မှတ်မဟုတ်ဘူး
ဆုံးရှုံးမှုကို ခွန်အားယူ၍ တော်လှန်ရေး ခရီးဆက်မည် ဟု KIO ကြေညာ