စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများတွင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) ဆရာတော် ဦးဝါသ၀ ဦးဆောင်သည့် ပျူစောထီးအဖွဲ့များက ဒေသခံများအား စစ်သင်တန်း တက်ရန် ဖိအားပေး ခြိမ်းခြောက်လျက် ရှိကြောင်း သိရသည်။
ပျူစောထီးသင်တန်းဟု ဒေသခံများ ခေါ်သည့် စစ်သင်တန်းကို အသက် ၁၈ နှစ်မှ ၅၅ နှစ်ကြား အမျိုးသားတိုင်း မဖြစ်မနေ တက်ရန်၊ မတက်ပါက ရွာမီးရှို့မည် အသက်ကိုလည်း အာမခံမည် မဟုတ်ဟု ပြောကာ အတင်းအကျပ် ဖိအားပေးသဖြင့် တချို့ ကြောက်လန့်ကာ သင်တန်းတက်နေရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ကန့်ဘလူဒေသခံတဦးက ဧရာဝတီကို ပြောသည်။
ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တဦးကလည်း “ပျူစောထီးသင်တန်းတက်ဖို့ တရွာကို ၃၅ ယောက် ပေး ရမယ်လို့ လူတောင်းတယ်။ ပျူထဲဝင်ဖို့နဲ့ သင်တန်းတက်ဖို့အတွက်ကို ဖိအားတွေ ပေးနေတာပေါ့။ မတက်ရင် ရွာတွေကို မီး နဲ့ ရှို့မယ်လို့ ခြိမ်းခြောက်တာကြောင့် ရွာသားတွေက ကြောက်ပြီး တက်ကြတဲ့သူတက်၊ တိမ်းတဲ့သူက တိမ်းပေါ့။ အချို့က လည်း ရွာကိုစွန့်ပြီး ရှောင်ထွက်တာမျိုးတွေ လုပ်လာကြတယ်။ တော်တော်ကြီးကို ဆိုးရွာလာတာပါ” ဟု ဆိုသည်။
သင်တန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိနှင့် အခြားအဆင့် ၅ ဦးခန့် အပါအဝင် အမာခံပျူစောထီး ခေါင်းဆောင်များက ပေးနေခြင်း ဖြစ်ပြီး သင်တန်းပေးနေစဉ် ကျေးရွာပတ်လည်၌ လက်နက်ကိုင် ပျူစောထီး အင်အား ၁၀၀ ခန့်က လုံခြုံရေး ယူပေးထားကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်မှ တက်ကြွလှုပ်ရှားသူတဦးက “ပျူတွေထဲကို အများဆုံး ရောက်တာက ကြံ့ခိုင်ရေးနဲ့ မဘသတွေက များ တာပေါ့။ ရွာလုံးကျွတ်ဆိုတာတွေက ကြံ့ခိုင်ရေးအားကောင်းတဲ့ ရွာတွေပါ၊ ကြံ့ခိုင်ရေးရွာ မဟုတ်တာတွေကလည်း နီးရာ ဓား ကြောက်နေရတော့ သင်တန်းတက်ဆိုလည်း တက်နေကြရတာ။ အဓိကတော့ အကြောက်တရားကြောင့်ပဲပေါ့။ နောက် ပျူရွာတွေကို PDF တွေကလည်း ကပ်လို့မရတဲ့ အခြေအနေ ဖြစ်နေတယ်” ဟု ရှင်းပြသည်။
ယခုအခါ ကန့်ဘလူ၊ ကျွန်းလှနယ်တွင် ပျူစောထီးကျေးရွာပေါင်း ၅၀ ကျော်ထိ ရှိလာပြီး လက်နက်တပ်ဆင်ပေးမှု အနေဖြင့် ယခင်က လုပ်သေနတ်ကို အဓိကထား ပံ့ပိုးပေးခဲ့သော်လည်း ယခုအခါ BA-63 (G-3) မောင်းပြန်ရိုင်ဖယ်၊ ကာဘိုင်၊ MA-1 များကို စစ်ကောင်စီက ပြောင်းလဲ တပ်ဆင်ပေးလာကြောင်း သိရသည်။
စစ်ကောင်စီဘက်ကမူ စစ်ကောင်စီ ခါးပိုက်ဆောင်တပ် ပျူစောထီးကို ဖွဲ့ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုထားပြီး ဒေသခံပြည်သူ များ၏ လုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းခွင့် တင်ပြလာပါက စိစစ်ခြင်း၊ ဖွဲ့စည်းခွင့်ပြုခြင်း၊ လိုအပ်သည့်လက်နက် တပ် ဆင်ပေးခြင်း၊ စစ်မြေပြင်စည်းကမ်းနှင့် စစ်သင်တန်းပေးခြင်းများ ဆောင်ရွက်ပေးကြောင်း၊ လိုအပ်လျှင် ဥပဒေအရ ဒေသ ကာကွယ်ရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းရန်သာ ရှိကြောင်း ပြီးခဲ့သည့် ဇူလိုင်လ သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုထားသည်။
ဒေသတွင်း PDF အဖွဲ့ဝင် တဦးက “ပျူစောထီးရွာတွေ များလာတော့ ဝါသ၀ ဦးဆောင်ပြီး စစ်ကောင်စီထံကနေ လက်နက် တွေကို တောက်လျှောက် တောင်းနေတယ်။ စစ်ကောင်စီကလည်း လက်နက်တွေကို ဆက်တိုက် ချပေးနေတာတွေလည်း လုပ်လာတယ်။ အရင်က သင်တန်းတက်ပြီးသား စိတ်ချရတဲ့ ရွာတွေဆိုရင် လက်နက် တပ်ဆင်ပေးတာတွေလည်း ဆက် တိုက်လုပ်လာတယ်” ဟု ပြောသည်။
ကန့်ဘလူနယ်အတွင်း ပျူစောထီးများ အားကောင်းလာမှုကြောင့် စစ်အာဏာရှင် တော်လှန်ရေးအတွက် စစ်ရေးလှုပ်ရှားမှု များ အပါအဝင် ထောက်ပို့လုပ်ငန်းများ၊ လှူဒါန်းလိုသူများအတွက် အခက်အခဲများဖြင့် ရင်ဆိုင်လာရကြောင်းလည်း တော် လှန်ရေးအင်အားစုများက ဆိုသည်။
နိုင်ငံရေး နားမလည်၊ ခံယူချက်လည်း မရှိဘဲ အနေအစားချောင်ရေးအတွက် ပျူစောထီးအဖွဲ့ထဲ ဝင်ကြသူများ ရှိသလို တချို့ ကလည်း မိသားစုလိုက် ပြေးစရာမြေမရှိ၊ လုပ်ကိုင်စားသောက်ရန်အတွက်လည်း အခက်အခဲများ ဖြစ်လာသောကြောင့် လက်ရှိ အခြေအနေနှင့် အဆင်ပြေအောင် လိုက်လျောညီထွေ နေထိုင်နေရကြောင်း ဒေသခံများက ပြောသည်။
တဖက်တွင်လည်း အမာခံ ပျုစောထီးအဖွဲ့ဝင်များအား လစာပေးနိုင်ရန်အတွက် ကျေးရွာများရှိ အိမ်ထောင်စုများထံမှ ငွေးကြေး ကောက်ခံနေမှုများလည်း ပြုလုပ်နေလျက် ရှိနေကြောင်း သိရသည်။
ကန့်ဘလူတောင်ခြမ်း ဒေသခံတဦးက “ပိုက်ဆံကောက်တာက ရွာတိုင်းလိုလို ကောက်နေတာ။ အချို့ရွာတွေဆို ၁ အိမ်ကို လစဉ်ကြေး ၁ သောင်း ကောက်နေတာတွေလည်း ရှိတယ်။ အချို့ရွာတွေဆိုရင် မီးကြေးလိုလိုနဲ့ ရောကောက်နေကြတာ။ မီတာခ ကောက်နေရင်းနဲ့ ပိုကောက်တာမျိုးလည်း ရှိတယ်။ ကိုယ်ကျသင့်တာထက် ပိုပေးနေရတာ သိပေမယ့်လည်း ဘာမှ မပြောရဲလို့ တောင်းသလောက်ပဲ ပေးနေရတယ်။ သူတို့ တောင်းသလောက် မပေးရင် အိမ်အဝင်မီးကြိုးကို ဖြတ်ပစ်တာ။ ပြန်တပ်ခိုင်းဖို့ တောင်းတောင်းပန်ပန်နဲ့ မနည်းပြောယူနေရတာဆိုတော့ ၁ လ ၅ ထောင်၊ ၁ သောင်း ပိုတာပဲလေဆိုတဲ့ စိတ်နဲ့ပဲ ဖြေနေကြရတာပဲ။ ပြောရမယ်ဆိုရင် ဘယ်လို ခေါင်းစဉ်နဲ့ပဲကောက်ကောက် အဓိကတော့ သူတို့အတွက် ဆက် ကြေးပေးနေရတာပဲလေ” ဟု ရှင်းပြသည်။
ထို့ပြင် ဖမ်းဆီးခံရသူများကိုလည်း ငွေဖြင့် ပြန်ရွေးခိုင်းခြင်းများ ပြုလုပ်လျက်ရှိရာ ယခုလအတွင်း ကင်းတပ်ဆည်အနီး ရှိ ဘုတ္တောကျေးရွာ အောင်ဘော်ဒါဆောင်အနီး ဗုံးပေါက်ကွဲမှုကို အကြောင်းပြပြီး စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များ က ဒေသခံ မွတ်ဆလင်အမျိုးသား ၇ ဦးအား ဖမ်းဆီးခေါ် ဆောင်ကာ ၁ ဦးလျှင် ငွေကျပ် ၁၃ သိန်း၊ ၁၀ သိန်း၊ မတတ်နိုင် သူ များအား ကျပ် ၁ သိန်း တောင်းကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လွှတ်ပေးခဲ့သူများအနက် စမန်အင် ဆိုသည့် လူငယ်အား ငွေပေး၍ ပြန်လွတ်မြောက်လာကြောင်း ပြောဆိုနေ သည် ဟုဆိုကာ အောက်တိုဘာ ၂၆ ရက်တွင် ၎င်းတို့က ပြန်လည် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ဒေသတွင်း သတင်းများ ဖော်ပြနေသည့် Infinity Group ကလည်း ကန့်ဘလူရှိ ပျူစောထီးများသည် စစ်ကောင်စီ တပ် သားများနှင့် ပူးပေါင်းပြီး ဒေသခံများအား အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီး ငွေညှစ်လျက်ရှိရာ မွတ်ဆလင်ဘာသာဝင် များ အများဆုံး နေထိုင်သည့် ဘုတ္တော၊ ဆားကုန်း၊ ဆားကိုင်း၊ ဝါးရုံပုတ်၊ မှော်တော် စသည့် ကျေးရွာများအား လက်နက် အားကိုးဖြင့် ငွေညှစ်ယူခဲ့သည်မှာ ကျပ် သိန်း ၃၀၀ ကျော်ထိ ရှိနေပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဒေသတွင်း PDF တပ်ဖွဲ့ဝင် တဦးက “ကန့်ဘလူနယ်မှာ ပျူစောထီးတွေ ခေါင်းထောင်လာနိုင်တာ အဓိကတော့ ကာကွယ် ရေးအဖွဲ့တွေရဲ့ အားနည်းချက်လည်း ပါတယ်။ ရွာတွေကို ဝင်ရောက် စည်းရုံးနိုင်တာမျိုး မရှိဘူးလေ။ NUG လက်အောက်က ခရိုင်ကွပ်ကဲမှူးတို့၊ ခရိုင်ပကဖ၊ မြို့နယ်ပကဖ ခေါင်းဆောင်တွေ အလုပ်ကောင်းကောင်း မလုပ်ကြလို့ အခုလို ဖြစ်တာလို့ သုံးသပ်တယ်။ အဲဒီလို အခြေအနေမှာ ဝါသဝတို့အဖွဲ့က အရင်ဝင်ပြီး အကျပ်ကိုင် ခြိမ်းခြောက်မှုတွေကြောင့် မပါချင်ကြပေ မယ့်လည်း ကြောက်ကြတာကြောင့် အခုလောက်ထိ ပျူတွေ အင်အားများလာရတာပဲ” ဟု ပြောသည်။
ကန့်ဘလူ၊ ကျွန်းလှနယ်အတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးရာတွင် နယ်ခံပျူစောထီးများ ပါဝင်မှု အများဆုံးဖြစ် ကာ ကျေးရွာများကို မီးရှို့ ဖျက်ဆီးခြင်း၊ ပစ္စည်းများအား စိတ်ကြိုက်ရှာဖွေ ယူဆောင်ခြင်းအများအပြင် အောက်တိုဘာ ၂၆ ရက်နေ့မှ စတင်ပြီး ကျေးရွာနေပြည်သူများအား ပေါ်တာဆွဲခြင်းများကိုပါ လုပ်ဆောင်လာကြောင်းလည်း ဒေသခံများက ဆိုသည်။
ဒေသခံတဦးက “အခုဆိုရင် ပျူစောထီးတွေက နေ့ခင်းကြောင်တောင် ဗြောင်ကြီးကို ပေါ်တာဝင်ဆွဲတာတွေ လုပ်လာကြ တယ်။ အောက်တိုဘာ ၂၆ ရက်က ငါတို့ရွာထဲကို ပေါ်တာ ဝင်ဆွဲသွားတယ်။ အမျိုးသား၊ အမျိုးသမီး အယောက် ၃၀ ကျော် ပါသွားတယ်။ စစ်ကြောင်းထိုးရာတလျှောက် လုယက်တာတွေကို သယ်ဆောင်ခိုင်းဖို့ပဲပေါ့” ဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပါဝင်သော အင်အား ၂၀၀ ကျော်ရှိ စစ်ကြောင်းသည် ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်း သိန်ရင်ဆည်ဝန်းကျင်သို့ စစ်ကြောင်း ထိုးနေခြင်းကြောင့် သိန်ရင်ဆည်အနီးရှိ ကျေးရွာပေါင်း ၁၄ ရွာမှ ဒေသခံ ၁ သောင်းကျော် စစ်ဘေးရှောင်နေရသလို ကျေးရွာ ၃ ရွာမှ နေအိမ် ၁၅၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရ သည်။
You may also like these stories:
ကန့်ဘလူခရိုင်အတွင်းက လုပ်ငန်းရှင်များကို နေရပ်ပြန်ရန် ပျူစောထီးများ ခြိမ်းခြောက်
ကန့်ဘလူ မင်းကုန်းရွာကို ပျူစောထီးများ အကြမ်းဖက်ဖိနှိပ်
မဘသ ဆရာတော် ဦးဝါသ၀ ပျူစောထီးအဖွဲ့များ ဖွဲ့စည်းနေ
ကန့်ဘလူ ဒေသခံ အမျိုးသမီး ၉ ဦးအား ပျူစောထီးအဖွဲ့ ဖမ်းဆီး