မြန်မာအကျပ်အတည်းကို ဖြေရှင်းရန် ဆယ်စုနှစ်များစွာ ကြာနိုင်သော်လည်း ထိုအကျပ်အတည်း ရှိနေသမျှ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ အနာဂတ်ကို ရင်ဆိုင်နိုင်မည့် စွမ်းရည်အတွက် စိန်ခေါ်မှု ဖြစ်မည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဗီဗီယန် ဘာလာခရစ်ရှ်နန်က ယူစွတ် အစ်ရှ်ဟက် အင်စတီကျု (ISEAS) တွင် အင်္ဂါနေ့က ပြောကြားလိုက်သည်။
အောက်တိုဘာလ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် ကျင်းပသည့် ASEAN နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ရည်ညွှန်းပြောကြားရာတွင် မစ္စတာ ဘာလာခရစ်ရှ်နန်က “ပြောဆိုဆွေးနွေးရတာ တော်တော် ခက်ခဲတယ်။ ကျနော်တို့က ASEAN တခုလုံးအနေနဲ့ အလုပ်လုပ်ပြရုံ သက်သက်မဟုတ်ဘဲ အပြုသဘောဆောင်ပြီး အထောက်အကူဖြစ်တာ ဘာဆက်လုပ်နိုင်မယ်ဆိုတာ ဆက်လက် စဉ်းစားနေတယ်” ဟု ပြောသည်။
“ကျနော်တို့ရဲ့ ဦးစားပေးက မြန်မာပြည်သူတွေ ခံစားရတဲ့ ဒုက္ခကို လျှော့ချပေးဖို့သာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
အဓိကကျသော ဆုံးဖြတ်ချက်များကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်တွင် ကျင်းပမည့် ASEAN ထိပ်သီးဆွေးနွေးပွဲတွင် ချမှတ်မည်ဟု မျှော်လင့်ရသည်။
“ASEAN အနေနဲ့ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချလိုက်ရမှာ ကျနော်စိုးရိမ်နေတယ်။ ဘာဆက်ဖြစ်မယ်ဆိုတာ ရှေ့လာမယ့် ၂ ပတ်အတွင်း စောင့်ကြည့်ရတော့မှာပဲ” ဟု ဒေါက်တာ ဘာလာခရစ်ရှ်နန်က ပြောသည်။
မြန်မာသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ စတင်ပြီး ဖရိုဖရဲဖြစ်နေကာ လက်နက်ကိုင် ပဋိပက္ခများ ကြီးထွားနေကာ နေရပ်စွန့်ခွာ ထွက်ပြေးရသူအရေအတွက် တသန်းကျော်သည်အထိ ဖြစ်လာနေသည်။
တချိန်တည်းတွင် ASEAN သည် ၂၀၂၁ နှစ်၊ ဧပြီလက စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရှေ့တွင် ထိုအကျပ်အတည်းအတွက် ဘုံသဘောတူညီချက် ၅ ချက် ချမှတ်ထားစေကာမူ မြန်မာစစ်ကောင်စီအနေဖြင့် အကျပ်အတည်းဖြေရှင်းရေး အဓိပ္ပာယ် ပြည့်ဝသည့် လုပ်ဆောင်မှုများလုပ်ရန် မဖျောင်းဖျနိုင်ဘဲ ဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားခေါင်းဆောင် အများအပြား ဆက်လက် ဖမ်းဆီးခံထားရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ကို ASEAN ထိပ်တန်း အစည်းအဝေးများမှ ပိတ်ပင်ထားပြီး နိုင်ငံရေးရာထူး မရှိသူများကိုသာ တက်ရောက်ခွင့် ပြုနေဆဲဖြစ်သည်။
စစ်ကောင်စီကလည်း မည်သည့်ကိုယ်စားလှယ်မျှ မစေလွှတ်ဘဲ တုံ့ပြန်ကာ ထိုဆုံးဖြတ်ချက်သည် ASEAN ၏ ပြည်တွင်းရေးကို မစွက်ဖက်ရေးနှင့် ဘုံသဘောတူညီချက် ယူရေးမူများကို ထိခိုက်စေကြောင်း ပြောသည်။
မြန်မာစစ်တပ်ကို ရည်ညွှန်းပြီး ဒေါက်တာ ဘာလာခရစ်ရှ်နန်က “မြန်မာ့သမိုင်းကို ကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံက အထီးကျန်မှုကို ခံနိုင်ရည် အရမ်းမြင့်မားနေတာတွေ့ရမယ်” ဟုလည်း ပြောသည်။
ASEAN သည် ငယ်ရွယ်သော လူဦးရေရှိပြီး ကြီးထွားကျယ်ပြန့်နေသော စီးပွားရေးရှိကာ အမေရိကန် ပြည်ထောင်စုနှင့် တရုတ်အကြား သေနင်္ဂဗျူဟာ အားပြိုင်မှု လေဆန်ကို ရင်ဆိုင်နေရချိန်တွင် အားလုံးပါဝင်သည့် ဆွေးနွေးမှုအတွက် အဓိက အခန်းမှပါဝင်ပြီး လက်ရှိအခြေအနေနှင့် ကိုက်ညီနေဆဲဖြစ်ကြောင်း ၎င်းကပြောသည်။
အမေရိကန် ပြည်ထောင်စုနှင့် တရုတ်အကြား သေနင်္ဂဗျူဟာအရ ယုံကြည်မှု ကင်းမဲ့ခြင်းသည် ၎င်းတို့ဆက်ဆံရေးအပေါ် သြဇာသက်ရောက်နေပြီး အန္တရာယ်များသည့် ဖြစ်ရပ်များ ဖြစ်စေနိုင်ကြောင်း ဒေါက်တာ ဘာလာခရစ်ရှ်နန်က ပြောသည်။
“ကျနော်စိုးရိမ်တာက နှစ်ဘက်လုံးက သေနင်္ဂဗျူဟာအရ ယုံကြည်မှုကင်းမဲ့ပြီး လက်ဦးမှုရအောင် တဘက်ကို တဘက်က အဆိုးဆုံးမြင်တဲ့ မဟာအင်အားကြီး ၂ နိုင်ငံဖြစ်လာမယ့် အခြေအနေပဲ” ဟုလည်း သူကပြောသည်။
“အဲဒီယုတ္တိဗေဒနဲ့ စဉ်းစားတဲ့အခါ အန္တရာယ် အရမ်းကြီးမားတယ်။ တနိုင်ငံက လုပ်တာကို တနိုင်ငံက အရမ်းတင်းမာတဲ့ သဘောထား ဖြစ်နိုင်ခြေများတယ်” ဟု ဒေါက်တာ ဘာလာခရစ်ရှ်နန်က ပြောသည်။
ထိုသို့သော အခြေအနေများကို လက်ရှိဖြစ်ပွားနေသည့် အုပ်စုကွဲမှုနှင့် ကမ္ဘာ့ကုန်စည် ဖြန့်ဖြူးရေးလမ်းကြောင်း စတင်ကွဲထွက်ခြင်းတို့က ပိုမိုဆိုးရွားစေသည်။
“ဒါတွေအားလုံးက ဝေဟင်နဲ့ ရေပြင်မှာ အတွက်အချက်မှားတာ၊ မတော်တဆဖြစ်တာ၊ ပွတ်တိုက်တာတွေနဲ့ မရည်ရွယ်တဲ့ အကျိုးဆက်တွေ ဖြစ်စေနိုင်တယ်။ ဇာတ်စင်ကို ဘယ်လို ပြင်ဆင်ထားတယ်ဆိုတာ အားလုံး မြင်နေရတာပဲ။ ကျနော်တို့ သတိမထားရင် ၁၉၁၄ ခုနှစ်ကလို ထပ်ဖြစ်မှာပဲ” ဟု သူကပြောသည်။
ကိုးကား။ ။ The Straits Times သတင်း Myanmar crisis poses challenge for Asean’s ability to confront future: Vivian
You may also like these stories:
နိုဝင်ဘာ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အကဲဖြတ်မည်
ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက်ရေးကို သုံးရန် ASEAN သံတမန် အိပ်မက်
အတိုက်အခံများနှင့် ဆွေးနွေးရန် တရုတ်က မြန်မာစစ်ကောင်စီကို တောင်းဆို
NUG နှင့် ပိုမိုထိတွေ့ဆက်ဆံရန် အာဆီယံကို အမေရိကန် တောင်းဆို