အာဏာသိမ်းစစ်ကောင်စီက သေဒဏ်ပေးကွပ်မျက်ခဲ့သည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အတွက် သုံးလပြည့်အနေဖြင့် အင်းစိန်ထောင်အတွင်း ဆွမ်းကပ်ဒါနပြုသူများ ရိုက်နှက်ခံရပြီး ဦးဆောင်သူလေးဦး တိုက်ပိတ်ခံရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများကပြောသည်။
ယင်းကဲ့သို့ဆွမ်းကပ်လှူဒါန်းမှုကို ထောင်ဝင်စာနှင့် ရုံးထုတ်များ ပိတ်ပင်ခံထားရသည့် အောက်တိုဘာ ၂၃ ရက်နေ့က နိုင်ငံရေးအကျဉ်းသားအချို့က ဦးဆောင်ကာ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
“ခေါင်းဆောင်လေးယောက်ကတော့ တိုက်ပိတ်ခံရတယ်၊ ကျန်တဲ့ ၁၇ ဦးက အဆောင်မှာ ကျန်တဲ့အကျဉ်းသားတွေရဲ့ ဝိုင်းဝန်းထိုးကြိတ်တာ ခံရတယ်လို့ သိထားရတယ်” ဟုလည်း အင်းစိန်ထောင်အတွင်း အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေတဦးကပြောသည်။
အောက်တိုဘာလ ၂၃ ရက်နေ့မှ စ၍ တိုက်ပိတ်ခံရခြင်း ဖြစ်ပြီး လက်ရှိ အခြေအနေနှင့် ပတ်သက်၍ ဧရာဝတီက သီးခြား အတည်ပြူနိုင်ခြင်း မရှိပါ။
ထောင်ဝင်စာကူညီပေးနေသူများထံမှ ရရှိထားသော သတင်းအချက်အလက်များအရ အဆိုပါ လှုပ်ရှားမှုကြောင့် တိုက်ပိတ်ခံရသူများမှာ နိုင်ငံရေးအကျဉ်းသားများဖြစ်သည့်ကိုရဲရင့်ကို၊ ကိုရဲရင့်ဘို၊ ကိုဝသုန်စံနှင့် ကိုဟန်သာဆိုသူတို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အခြားသော ပူးပေါင်းပါဝင်သူ ၁၇ ဦးမှာ ကိုသက်ကိုကိုထွေး၊ ကိုကျော်ကျော်ခန့်၊ ကိုစိုးကိုကို၊ ကိုအောင်ပြည်စုံဦး၊ ကိုကျော်သက်ပိုင်၊ ကိုရဲလင်းအောင်၊ ကိုဇော်ဇော်ဟန်၊ ကိုဇေယျာဖြိုး၊ ကိုဖိုးကောက်၊ ကိုနတ်ဆိုး၊ ကိုရဲကျော်၊ ကို J ညီ၊ ကိုညီဇင်လတ်၊ ကိုချမ်းမြေ့ကိုကိုဇင်၊ ကိုအောင်မင်းခန့်၊ ကိုနိုင်ထာဝရနှင့် ကိုအောင်ကိုမင်းတို့ ဖြစ်ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်တွင် ပါဝင်သူများအနေဖြင့် ထောင်အာဏာပိုင်များနှင့် ရာဇဝတ်အကျဉ်းသားများ၏ ပူးပေါင်းကာ ဝိုင်းဝန်းရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်းများခံရပြီး ခြေထောက်တွင် ဒေါက်ခြေကျင်းများ ခတ်ခံရကာ မတရားအလုပ်စေခိုင်းမှုများ ခံနေရကြောင်းလည်း ထောင်ဝင်စာကူညီပေးနေသူများက ပြောသည်။
ထိုသို့ ထောင်အာဏာပိုင်များမှ နိုင်ငံရေးအကျဉ်းသားများအပေါ် ထောင်များအတွင်း ညှဉ်းပန်းရိုက်နှက်မှုများသည် စစ် အာဏာရှင်စနစ်၏ အငြိုးအတေးဖြင့် ရည်ရွယ်ချက်ရှိစွာ နှိပ်စက်နေခြင်းဖြစ်ပြီး တည်ဆဲအကျဉ်းထောင်ဥပဒေများနှင့် ညီညွတ်ခြင်း မရှိကြောင်း နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်ပြောဆိုထားသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ(ခ)ကိုကျော်မင်းယု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လွှတ်တော်ကိုယ်စားလှယ်နှင့် နိုင်ငံကျော် ဟစ်ဟော့အဆိုတော်ဖြစ်သူ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်မှာ မိသားစုဝင်များပင် သိရှိခြင်းမရှိဘဲ ယခုနှစ် ဇူလိုင် ၂၃ ရက်နေ့က အင်းစိန်အကျဉ်းထောင်တွင် ကြိုးပေးကွပ်မျက်ခြင်း ခံခဲ့ရသည်။
ယခုကဲ့သို့ ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများ၏ လှုပ်ရှားတောင်းဆိုမှုများမှာ ယခုမှဖြစ်ပေါ်နေသည့် ကိစ္စရပ်များ မဟုတ်ဘဲ ၁၉၈၈ ခုနှစ်ကာလများအတွင်းကလည်း ထောင်အတွင်းနိုင်ငံရေးနှင့် ပတ်သက်သည့် လှုပ်ရှားမှုများစွာ ဖြစ်ပေါ်ခဲ့ရာတွင် ထောင်တာဝန်ရှိသူများ၏ အတွေ့အကြုံနှင့် နိုင်ငံရေးရင့်ကျက် ပြည့်ဝမှု၊ စိတ်အခံအပေါ် မူတည်ကာ အေးချမ်းစွာဖြေရှင်းဆောင်ရွက်နိုင်ခြင်းမျိုးလည်းရှိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ထောက်ပြသည်။
၎င်းက “ နိုင်ငံရေးနဲ့နွယ်တဲ့ အကျဉ်းသားတွေရှိနေသရွေ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေကတော့ ရှိနေမှာပဲ။ ဘယ်တော့မှ ပျောက်ကွယ်သွားမှာလည်း မဟုတ်ဘူး။ ရှိနေတဲ့အပေါ်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ထောင်ရဲ့တည်ငြိမ်ရေး၊ ထောင်ရဲ့အုပ်ချုပ်ရေးအပေါ်မှာ ဘယ်လောက် နည်းပရိယာယ်ကြွယ်ဝစွာ၊ လူသားဆန်စွာ ဆောင်ရွက်မလဲဆိုတဲ့ အသိစိတ်ဓာတ်ပြည့်ဝမှုအပေါ်မှာပဲ မူတည်ပြီးမှ ပြဿနာတွေ ကြီးခြင်း၊ငယ်ခြင်းရှိမှာပါ” ဟု ပြောသည်။
လက်ရှိ အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် ထောင်များအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ဖိနှိပ်ရိုက်နှက်မှု အကြပ်အတည်းများ ကြားကပင် ထောင်အတွင်း နိုင်ငံရေးလှုပ်ရှားမှုများအား မကြာခဏဆိုသလို လှုပ်ရှားလျှက်ရှိကြသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ထုတ်ပြန်ချက် အရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၇၅၄) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၅၉၃) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း သိရသည်။
You may also like these stories:
https://burma.irrawaddy.com/opinion/interview/2022/06/16/252581.html ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုတွေဟာ ရာဇဝတ်မှုတွေ ဖြစ်တယ်
စစ်ကောင်စီက ဖမ်းဆီးထားစဉ် ညှင်းဆဲသတ်ဖြတ်ခံရသူများ
ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်ကို ကွပ်မျက်ရန် စစ်ခေါင်းဆောင် ဆုံးဖြတ်