သတင်း

မောင်တောနှင့် ပလက်ဝတွင် စစ်တပ်နှင့် AA တို့ကြား တိုက်ပွဲ ပြင်းထန်

ရခိုင်ပြည်နယ်၊ မြောက်ပိုင်း မောင်တောမြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အာဏာသိမ်းစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ယနေ့ မနက်ပိုင်းက တိုက်ပွဲများ ဖြစ်ပွားနေကြောင်း AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ဧရာဝတီသို့ ပြောသည်။

မောင်တောမြို့နယ်မြောက်ပိုင်း၊ ကျွဲတက်ပြင် ကျေးရွာအနီးတွင် ယနေ့ မနက် ၉ နာရီဝန်းကျင်၌ စစ်ကောင်စီယာဉ်တန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီးထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

ဦးခိုင်သုခက “ဒီနေ့ တိုက်ပွဲကတော့ မောင်တောမြောက်ပိုင်း ကျွဲတက်ပြင်အနီးမှာ ကျနော်တို့ ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်တာရှိတယ်။ စစ်ကားတစီးကတော့ ထိခိုက်သွားတယ်။ တပ်ဖွဲ့ဝင်တချို့လည်း သေဆုံးနိုင်ခြေရှိတယ်။ အသေးစိတ်ကတော့ မသိရသေးဘူး။ နောက် ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာအနီးမှာ ဒီနေ့ မနက် ၇ နာခွဲ လောက်က စပြီး တိုက်ပွဲဖြစ်နေတယ်။ စစ်တပ်က ကျဆုံးတာရှိတယ်။ အရေအတွက် အသေးစိတ်ကတော့ လောလောဆယ် မသိရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ယမန်နေ့ကလည်း ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့ နယ်၊ ရွာပကာကျေးရွာအနီးတွင် စစ်ကြောင်းလှည့် လည်သွားလာနေသော စစ်ကောင်စီတပ်အား AA တပ်ဖွဲ့ဝင်များက ကြားဖြတ် တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိကြောင်း ၎င်းက ရှင်းပြသည်။

ဦးခိုင်သုခ က “အဲဒီဘက်မှာ စစ်ကောင်စီတပ်က ပြည်သူတွေတွေကို လှည့်လည်ပြီးတော့ နေ့စဉ်၊ နေ့တိုင်း ဒုက္ခပေးနေတဲ့အတွက် တိုက်ခိုက်ခဲ့တာဖြစ်တယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ၃ ဦးထက်မနည်း သေဆုံးတာ ရှိတယ်။ အဲဒီထက်လည်း ထိခိုက်သေဆုံးမှုတွေ ရှိနိုင်သေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ်တွင် နယ်ခြားစောင့်ရဲအရာရှိ ၃ ဦး သေဆုံးခဲ့သလို ၆ ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ ဒဏ်ရာရရှိသည့် တပ်ဖွဲ့ဝင်များကို ဘူးသီးတောင်စစ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်းလည်း သိရသည်။

မောင်တောမြို့နယ်အတွင်းက ဒေသခံတဦးက “မိုင်းပေါက်သံတော့ အကျယ်ကြီး ၂ ကြိမ်ကြားလိုက်ရတယ်။ အစတုန်းတော့ ဘယ်နေရာကမှန်းမသိလို့ လူတွေက ဟိုနေရာပြော၊ ဒီနေရာပြော၊ နောက်ပိုင်း သိရတာက မောင်တောကနေ လှဖိုးခေါင် သွားတဲ့ ကားလမ်းမှာ ဖြစ်တာလို့ပြောတယ်။ မောင်တောမြို့နယ်ဝင်မှာရှိတဲ့ နယ်ခြား စောင့်ရဲတပ်ရင်းက လှဖိုးခေါင်အနီးမှာ ရှိတဲ့ နယ်ခြားစောင့်ရဲစခန်းကို ကား ၇ စီးနဲ့ ရိက္ခာတွေတင်ပြီး အင်အားဖြည့်ဖို့ သွားတဲ့ ယာဉ်တန်း မိုင်းဆွဲခံရတာလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များတွင် စစ်တပ်နှင့် AA တို့ကြား နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေပြီး အောက်တိုဘာလ ၂၆ ရက်မှ ၃၁ ရက်နေ့ အထိ ၆ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၄ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးဌာနမှ နိုဝင်ဘာ လ ၁ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

မြေပြင်တိုက်ပွဲများအတွင်း စစ်ရေးရှုံးနိမ့်သည့် စစ်တပ်သည် အရပ်သားများနေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် သြဂုတ်လအတွင်း အပြစ်မဲ့ အရပ်သား ပြည်သူ ၆ ဦးသေဆုံးကာ လူပေါင်း ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

You may also like these stories:

ရခိုင်အနောက်ဘက်ခြမ်းကို ဘာကြောင့် AA စစ်မျက်နှာဖွင့် တိုက်သလဲ

ရခိုင်မြောက်ပိုင်း ရေလမ်းများ စစ်ကောင်စီ ပိတ်ဆို့ထား

ပလက်ဝရှိ တဲမဝ တပ်စခန်းကို AA ဝင်တိုက်

မြောက်ဦးကို စစ်ကောင်စီတပ် ဓါးစာ ခံလုပ်နေဟု AA စစ်ဦးစီးချုပ်ပြော

Loading