ကျိုက်ထီးရိုးဘုရားတောင်ခြေ ပစ်ခတ်မှု၌ ပါဝင်သူများဆိုကာ စစ်ကောင်စီ သတင်းထုတ်ပြန်ရာတွင် အဖမ်းခံထား ရသည့် မွန်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အေးဇံနှင့် ယင်းဖြစ်စဉ် မတိုင်ခင်ကတည်းက ကွယ်လွန်သွားသူများကိုပါ ထည့်ထားသဖြင့် ကရင်အမျိုးသားအစည်းအရုံးနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်အချို့က ဝေဖန်ပြောဆိုကြ သည်။
နိုဝင်ဘာ ၁ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ကျိုက်ထီးရိုး တောင်ခြေ ပစ်ခတ်မှုတွင် ပါဝင်ပတ်သက်သူများ စာရင်းဟု ကြေညာရာ အဖမ်းခံထားရသည့် ဒေါက်တာ အေးဇံအပြင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လကတည်းက သွေးတိုးရောဂါဖြင့် ကွယ်လွန်သွားသည့် KNU တပ်မဟာ (၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောပလေ့နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လက်ချက်ဖြင့်၂၀၂၂ ခုနှစ် ဇွန်လတွင် ကွယ်လွန်သွားသည့် မွန်ပြည်နယ် NLD လွှတ်တော် ကိုယ်စား လှယ် ဦးကျော်မျိုးမင်းတို့ ပါဝင်နေခြင်း ဖြစ်သည်။
KNU ဗဟို နိုင်ငံခြားရေးဌာန အကြီးအကဲ ပဒိုစောတောနီးက “စစ်ကောင်စီက သူလုပ်တာကို သူများလုပ်တယ် ဖြစ်အောင် လုပ်တတ်တယ်။ သူတို့ ပြောနေတာလည်း ဘယ်သူမှတော့ မယုံကြဘူး။ ဒါပေမယ့်လည်း ဒီလို အပြစ် ဖို့နေတာတွေက များသထက် များလာနေတာပေါ့။ အခု ကျိုက်ထီးရိုးဖြစ်စဉ်မှာဆိုရင်လည်း အသက်ရှိတဲ့သူ တွေရော၊ အသက်မရှိတဲ့သူတွေရော မနေရတော့ဘူးလေ။ သူတို့က ရွေးကောက်ပွဲ အနိုင်ရဖို့လည်း သေတဲ့သူတွေ တောင် မဲပေးတဲ့ စာရင်းထဲထည့်တဲ့ လုပ်ရပ်တွေ လုပ်ဖူးတယ်။ အခု လည်း ဒီလိုပဲ သူသတ်ဖြတ်လို့ သေတဲ့သူတွေ တောင် မနေရဘူး။ ဒါက လုံးဝယုတ္တိမတန်တဲ့ဟာ လုပ်တယ် ဆိုတာ ရှင်းနေပါတယ်” ဟု ၎င်းက ဆိုသည်။
ကျိုက်ထီးရိုးပစ်ခတ်မှု ဖြစ်စဉ်မှာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး၊ စစ်ကောင်စီ စွပ်စွဲ သည့် သူများမှာ ယင်းမတိုင်မီ လအတန်ကြာကတည်းက ကွယ်လွန်သွားသူများဖြစ်ကြောင်း KNU ဗဟိုနိုင်ငံခြားရေး ဌာန အကြီးအကဲက ပြောသည်။
KNU တပ်မဟာ ၁ မှ တာဝန်ရှိသူတဦးကလည်း ဒေါက်တာ အေးဇံသည် အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီ၏ ဖမ်းဆီး တရားစွဲဆိုမှုကြောင့် မွန်ပြည်နယ်ကျိုက်မရောထောင်တွင် အကျဉ်းကျနေသူဖြစ်ပြီး စစ်ကောင်စီက ထုတ်ပြန် ထားသည့် NLD ပါတီဝင်များမှာလည်း တပ်မဟာ (၁) အခြေပြုသည့် သထုံခရိုင်တွင် ခိုလှုံနေထိုင်နေခြင်း မရှိကြောင်း ဧရာဝတီသို့ ပြောသည်။
ယင်းပြင် စစ်ကောင်စီ၏ ထုတ်ပြန်ချက်၌ NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဒေါက်တာ ခင် ဆောင်၊ ဦးလှမြင့်သန်း၊ ဒေါ်သီရိရတနာနှင့် ဦးခင်တိုးတို့ ပါဝင်နေသည့် အပေါ်လည်း မမှန်ကန်ကြောင်း KNU ဘက်က ဆိုသည်။
ပြည်သူ့ ကာကွယ်ရေးတပ် (PDF) သည် ကျိုက်ထီးရိုးဘုရား တောင်ခြေ ကင်မွန်းချောင်း တောင်တက် ကားဝင်း အနောက်ဘက်တွင် နေရာယူကာ ဘုရားဖူးတောင်တက် ကားဝင်းအတွင်းရှိ လှေကားအတက် စင်နှင့် မော်တော်ယာဉ် ဝင်း မြောက်ဘက်အစွန်ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ နေရာကို လက်နက်ကြီး ငယ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ဘုရားဖူး ၃ ဦး သေဆုံးပြီး ရဲတပ်သားတဦး အပါအဝင် အရပ်သား ၁၇ ဦး ဒဏ်ရာရခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန် ချက်တွင် ပါရှိသည်။
လေ့လာသူများကမူ PDF များကသာ စစ်ကောင်စီဖော်ပြသည့် နေရာများမှ ရဲကင်းအပါအဝင် ခရီး သွားများကိုပါ ပစ်ခတ်မည်ဆိုပါက လူသွား လူလာများသည့် အချိန်ဖြစ်သည့်အတွက် သေဆုံးသည့် အရပ်သား အရေအတွက်မှာ ၃ ဦး ထက် ပိုနိုင်ကြောင်း ဆိုသည်။
KNU ဘက်ကမူ စစ်ကောင်စီ လက်အောက်ခံများ၏ ပစ်ခတ်မှုကြောင့် ခရီးသွားများ သေဆုံးရကြောင်း တုံ့ပြန်ပြီး ၎င်းတို့၏ မိတ်ဖက် PDF အဖွဲ့ ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) သည် စစ်ကောင်စီ၏ ရဲကင်းစခန်း ကိုသာ ဦးတည် ပစ်ခတ်ခဲ့ကြောင်း ပြောသည်။
KNU တပ်မဟာ ၁ တာဝန်ရှိသူတဦးက ကျိုက်ထီးရိုး ပစ်ခတ်မှုဖြစ်စဉ်ကို ၎င်းတို့အနေနှင့် စုံစမ်းစစ်ဆေးထားပြီး ၎င်းတို့၏ မိတ်ဖက် PDF များသည် စစ်ကောင်စီ၏ ရဲကင်း တခုတည်းကိုသာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “မိတ်ဖက် တော်လှန်ရေး အင်အားစုဘက်က ရဲကင်းတခုတည်းကိုပဲ ပစ်ခတ်ခဲ့တယ်။ စစ်ကောင်စီရဲ့ ရဲကင်းက ပြန်လည်ပြီး ပစ်ခတ်တယ်။ သူတို့ကတော့ ရမ်းကား ပစ်ခတ်တယ်လို့ စုံစမ်းသိရှိရတယ်။ အဲဒီမှာ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်တယ်။ ပစ်လို့ ကင်ပွန်းချောင်း၊ ကျောင်းစုအပိုင်းမှာ ဒေါ်လှရွှေအိမ်ခေါင်မိုးမှာ ကျတယ်။ အိမ်ရှေ့ကို လည်း တလုံး ကျတယ်။ ကျလို့ ဒေသခံ ၃ ဦး ဒဏ်ရာ ရသွားတယ်။ သူတို့ကတော့ ဓာတ်ပုံတွေ ဘာတွေနဲ့ပစ်တဲ့ ဒီဂရီ တွေ ဘာတွေနဲ့ ထောက်ပြတာပေါ့။ ဒါပေမယ့် ကျနော်တို့ စုံစမ်းချက်အရတော့ သူတို့ထောက်ပြတာနဲ့ မတူဘူးပေါ့” ဟု ဧရာဝတီသို့ ဆိုသည်။
ဆက်လက်၍ KNU တပ်မဟာ ၁ တာဝန်ရှိသူတဦးက စစ်ကောင်စီတပ်သည် ၎င်းတို့တည်ဆောက်ထားသည့် အမှုတွင် ပါဝင်သူများအဖြစ် စွပ်စွဲခံရသူများမှာ အမှု မဖြစ်ခင်ကတည်းက သေဆုံးထားသူများဖြစ်ပြီး ယင်း အချက်ကိုလည်း စစ်ကောင်စီဘက်က သိရှိထားပုံ မရကြောင်း သုံးသပ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးက“NLD ရဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေကို မဲတဲ့သဘောပါ။ ဒေသတခုမှာ၊ မြို့နယ်တခုမှာ အခင်း ဖြစ်ပွားခဲ့လို့ရှိရင် သေချာတယ် NLD အလုပ် အမှုဆောင် အဖွဲ့တွေကို ပြဿနာရှာမယ်။ လွှတ်တော် ကိုယ်စားလှယ်ကို ပြဿနာရှာမယ်။ ဒီပုံစံက သူတို့ရဲ့ ဖော်မြူလာလို့တောင် ပြောလို့ ရနေပါပြီ” ဟု ၎င်းက မှတ်ချက်ပေးသည်။
အာဏာသိမ်း စစ်ကောင်စီသည် ကျိုက်ထီးရိုးဘုရားအနီး ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းရေးသား တင်ပြ သည့် ဘီဘီစီ မြန်မာပိုင်းနှင့် ဧရာဝတီသတင်းဌာနတို့ကိုလည်း ဆက်သွယ်ရေးဥပဒေ၊ သတင်းမီဒီယာ ဥပဒေအပြင် အခြားဥပဒေများဖြင့် အရေးယူမည်ဟု အောက်တိုဘာ ၁၄ ရက်တွင် ကြေညာခဲ့သည်။
သတင်းသမားများ ကာကွယ် စောင့်ရှောက်ရေး ကော်မတီ (CPJ) ကမူ မြန်မာစစ်ကောင်စီသည် ဧရာဝတီ သတင်းဌာန အား ခြိမ်းခြောက် နှောင့်ယှက်နေခြင်းကို ရပ်တန့်ပြီး လွတ်လပ်သည့်သတင်းဌာနများအား မကြောက်မရွံဘဲ သတင်း ထုတ်နိုင်ရန် ခွင့်ပြုရမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ထားသည်။
You may also like these stories:
ဘီးလင်း NLD အမတ်နှင့်အတူ ဖမ်းခံရသည့် ပါတီဝင်၂ ဦး ညှဉ်းပန်းသတ်ဖြတ်ခံရ
ဧရာဝတီသတင်းဌာနအပေါ် စစ်ကောင်စီ ခြိမ်းခြောက်မှု CPJ ရှုတ်ချ
ကျိုက်ထီးရိုးတောင်ခြေ တိုက်ခိုက်မှု KNU စုံစမ်း စစ်ဆေးမည်