မြန်မာ စစ်တပ်အတွက် လက်နက်ပွဲစားတဦးဖြစ်သူ ခရိုနီ ဒေါက်တာထွန်းမင်းလတ်၏ ပိုင်ဆိုင်မှုများကို ထိုင်းအစိုးရက နိုင်ငံပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းကဆိုသည်။
ထိုင်းနိုင်ငံ မြို့တော်ရဲတပ်ဖွဲ့ (MPB) နှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံး (ONCB) တို့သည် ကျယ်ပြန့်သည့် ပူးပေါင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် မြန်မာခရိုနီ ဦးထွန်းမင်းလတ်၏ မူးယစ်ဆေးဝါးကွန်ရက်မှ ပိုင်ဆိုင်မှု ဘတ်ငွေ ၁ ဒသမ ၈ ဘီလီယံ ခန့် သိမ်းဆည်းနိုင်ခဲ့ကြောင်းလည်း ပါရှိသည်။
ဒေါက်တာ ထွန်းမင်းလတ်သည် မြန်မာစစ်တပ်အတွက် အစ္စရေးလုပ် ကင်းထောက် ဒရုန်းများ၊ လေယာဉ်များအတွက် အပိုပစ္စည်းများ တင်သွင်းပေးနေသည့် Star Sapphire Group လုပ်ငန်းစုပိုင်ရှင်ဖြစ်ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်တွင် ဘန်ကောက်မြို့၌ ထိုင်းနိုင်ငံသား ၃ ဦးနှင့်အတူ ဖမ်းဆီးခံရခြင်း ဖြစ်သည်။
MPB ဒုတိယ အကြီးအကဲ ရဲဗိုလ်ချုပ် Nitithorn Jintakanon က ထိုင်းရဲအရာရှိများသည် ၂၀၁၉ ခုနှစ်ကတည်းကစပြီး မြန်မာသူဌေးများ၏ ငွေကြေး လွှဲပြောင်းမှုများကို ခြေရာခံခဲ့ကြောင်း၊ ထို့အပြင် MPB အနေဖြင့် မြန်မာခရိုနီ၏ ပိုင်ဆိုင် မှု များ သိမ်းဆည်းမှုဆိုင်ရာ အစီရင်ခံစာတစောင်ကို မူးယစ်ဆေးဝါး နှိမ်နင်းရေး ဗျူရိုထံ ပေးပို့ထားကြောင်း ဆိုသည်။
သိမ်းဆည်းလိုက်သည့် ပိုင်ဆိုင်မှုများထဲတွင် ငွေကြေး၊ ကားများ၊ ဇိမ်ခံပစ္စည်းများ၊ ဟိုတယ်နှင့် အပန်းဖြေစခန်းများ ပါဝင်ပြီး စုစုပေါင်းတန်ဖိုး ဘတ် ၁ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိကြောင်း ရဲဗိုလ်ချုပ် Nitithorn Jintakanon က ပြော သည်။
MPB အနေဖြင့် မြန်မာခရိုနီ ဒေါက်တာထွန်းမင်းလတ်၏ အခွန်ဆောင်ခဲ့သည့် မှတ်တမ်းများနှင့် တခြားဖုံးကွယ် ထားသည့် ငွေများကို ဆက်လက်စုံစမ်းရန် စီစဉ်နေကြောင်း သိရသည်။
ထိုင်းနိုင်ငံတရားရေး ဝန်ကြီး Somsak Thepsutin က ဦးထွန်းမင်းလတ်အား စုံစမ်းဖော်ထုတ်ရာတွင် ပါဝင်သူများကို သိမ်းဆည်းထားသော ဦးထွန်းမင်းလတ်၏ ပိုင်ဆိုင်မှုများထဲမှ ၂၅ ရာခိုင်နှုန်းနှင့် ဦးထွန်းမင်းလတ်နှင့် ပတ်သက်၍ သတင်းပေးသူများကို ၅ ရာခိုင်နှုန်းအသီးသီး ဆုချီးမြှင့်သွားမည် ဖြစ်ကြောင်း ပြောသည်။
ဦးထွန်းမင်းလတ်သည် မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နီးစပ်သည့် ဆက်ဆံ ရေးရှိပြီး မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေသူဟု အတည်မပြုနိုင်သေးသော သတင်း များ က ဆိုကြောင်း ၎င်းကို MPB က မူးယစ် ဆေးဝါးရောင်းချမှုနှင့် ငွေကြေးခဝါမှုတွင် ပါဝင်ပတ်သက်မှုတို့ဖြင့် တရားစွဲ ထား ကြောင်း ထိုင်းနိုင်ငံ မြို့တော်ရဲတပ်ဖွဲ့ (MPB) ထံမှ သိရသည်။
ဦးထွန်းမင်းလတ်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်နေသည်ဟု ယူဆရသည့် အခြား ထိုင်းနိုင်ငံသား၂ ဦးဖြစ်သော Pannarong Khunpitak နှင့် Kallayawee Thiraprapawong တို့သည် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး ၎င်းတို့၏ တည်နေရာကို မသိရသေးပေ။
လွတ်မြောက်နေသည့် ထိုင်းနိုင်ငံသား ၂ ဦးသည် ထိုင်းရဲတပ်ဖွဲ့က အလိုရှိနေသူများဖြစ်ပြီး ၎င်းတို့အတွက် ဖမ်းဝရမ်း လည်း ထုတ်ထားကြောင်း ထိုင်းနိုင်ငံ တရားရေးဝန်ကြီးဌာနက ဆိုသည်။
You may also like these stories:
စစ်တပ်၏ လက်နက်ပွဲစား ဒေါက်တာ ထွန်းမင်းလတ် ထိုင်းတွင် အဖမ်းခံရ
ခရိုနီ ထွန်းမင်းလတ်နှင့် ပတ်သက်မှုမရှိဟု ထိုင်းလွှတ်တော်အမတ် ငြင်းဆို
ခရိုနီထွန်းမင်းလတ်၏ စီးပွားဖက် ထိုင်းအမတ်ကို ဖမ်းဝရမ်း ပြန်ရုပ်
ထိုင်းလွှတ်တော်အမတ်နဲ့ မြန်မာလက်နက်ပွဲစားတို့ရဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေး စစ်ကောင်စီကို အကျိုးပြု
ခရိုနီ ထွန်းမင်းလတ်နှင့် ပတ်သက်မှုမရှိဟု ထိုင်းလွှတ်တော်အမတ် ငြင်းဆို
စစ်တပ်၏ လက်နက်ပွဲစား ဒေါက်တာ ထွန်းမင်းလတ် ထိုင်းတွင် အဖမ်းခံရ