၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းပြီး ၁၈ လအတွင်း မြန်မာစစ်တပ်မှ အရပ်သား စုစုပေါင်း ၂,၄၀၄ ဦးကို သတ်ဖြတ်ခဲ့ပြီး စစ်ကိုင်းတိုင်းရှိ ခုခံတိုက်ခိုက်နေသူများ၏ အမာခံနယ်မြေတွင် သေဆုံးသူဦးရေ အများဆုံးဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ သိရသည်။
အောက်တိုဘာ ၃၁ ရက်နေ့အထိ စစ်ကောင်စီ၏ သတ်ဖြတ်မှု၊ ဖမ်းဆီးထိန်းသိမ်းမှုများဆိုင်ရာ ၎င်း၏နောက်ဆုံးအစီရင်ခံစာတွင် AAPP က အသတ်ခံရသူများအနက် ၁၂ ဒသမ ၂ ရာခိုင်နှုန်း သို့မဟုတ် ၂၉၁ ဦးသည် အမျိုးသမီးများဖြစ်ပြီး ၁၀ ဒသမ ၁ ရာခိုင်နှုန်း သို့မဟုတ် ၂၄၃ ဦးသည် ကလေးသူငယ်များဖြစ်ကာ အာဏာသိမ်းပြီးနောက် သေဆုံးသူစုစုပေါင်း၏ ၇၄၂ ဦး (၃၁ ရာခိုင်နှုန်းခန့်) သည် စစ်ကြောရေးစခန်းများ၊ အကျဉ်းထောင်များ သို့မဟုတ် စစ်တန်းလျားများတွင် စစ်အစိုးရတပ်များ သို့မဟုတ် အရာရှိများက ဖမ်းဆီးထိန်းသိမ်းထားချိန်တွင် ဖြစ်ကြောင်း ဖော်ပြထားသည်။
သတ်ဖြတ်မှု အများဆုံး ဒေသ
ခုခံတော်လှန်ရေး စခန်းဖြစ်သည့် စစ်ကိုင်းတိုင်း ဒေသကြီးသည် စစ်တပ်နှင့် စစ်တပ်လိုလားသည့် အဖွဲ့များ၏ သတ်ဖြတ်ခြင်း ခံရသူ အရေအတွက် အများဆုံးဖြစ်ကြောင်း AAPP က ပြောသည်။
စစ်ကိုင်းတိုင်းအတွင်း စစ်တပ်နှင့် စစ်တပ်လိုလားသော ပျူစောထီးတို့၏ တိုက်ခိုက်မှုများကြောင့် အရပ်သားနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူ ၁,၀၀၀ နီးပါး သေဆုံးခဲ့ပြီး စစ်အစိုးရတပ်များက ခြေလျင်နှင့် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
စစ်ကိုင်းတိုင်းသည် အာဏာသိမ်းပြီးနောက်ပိုင်း ကလေးသူငယ် ၈၀ နီးပါး အသတ်ခံရပြီး ကလေးသေဆုံးမှု အများဆုံးလည်း ဖြစ်သည်။ အိမ်နီးချင်း မန္တလေးတိုင်း ဒေသကြီးတွင် ကလေး နှစ်ဒါဇင်ခန့် အသတ်ခံရပြီး ဒုတိယ အများဆုံး ဖြစ်သည်။
စစ်ကိုင်းတိုင်းတွင် ရက်စက်ကြမ်းကြုတ်စွာ အမြောက်များဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်များ မကြာခဏ သေဆုံးလေ့ရှိသည်။
ဖမ်းဆီးထိန်းသိမ်းမှုများ
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အောက်တိုဘာလ ၃၁ ရက်နေ့အထိ အရပ်သားနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူ စုစုပေါင်း ၁၆,၀၁၆ ဦး ဖမ်းဆီးခံခဲ့ရပြီး ၁၂,၈၀၆ ဦး ထိန်းသိမ်းထားကြောင်း AAPP က ပြောသည်။
အထိန်းသိမ်းခံရသူများ၏ ၃၀ ရာခိုင်နှုန်း သို့မဟုတ် ၃၃၄၉ ဦးမှာ အမျိုးသမီးများဖြစ်ပြီး ၂ ဒသမ ၉ ရာခိုင်နှုန်း သို့မဟုတ် ၄၆၅ ဦးမှာ ကလေးသူငယ်များဖြစ်သည်။
ဒီမိုကရေစီရေး လှုပ်ရှားသူများကို ရှာမတွေ့သဖြင့် အရပ်သား စုစုပေါင်း ၄၅၉ ဦးကို စစ်အစိုးရက ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
၎င်းတို့ထဲမှ အများစုသည် စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများနှင့် စစ်ကောင်စီ ထိန်းချုပ်ထားသည့် ရုံးများကို တိုက်ခိုက်မှုများ မြင်တွေ့နေရသည့် ရန်ကုန်တွင် အဖမ်းခံခဲ့ရသူများ ဖြစ်သည်။
You may also like these stories:
သတင်းသမားများကို သတ်ဖြတ်ပြီး အရေးယူမခံရသည့် စာရင်းတွင် မြန်မာပါဝင်လာ
မန္တလေးတွင် CDM အထူးကု ဆရာဝန်ကြီးများအပါ ၉ ဦး ထပ် အဖမ်းခံရ
အငြိုးကြီးသော စစ်တပ်၏ ကချင်အပေါ် ပစ်မှတ်ထားမှု နောက်ကွယ်
စစ်ကောင်စီက လူမဆန်သော်လည်း တော်လှန်ရေးတပ်များ စစ်သုံ့ပန်းကို လူလို ဆက်ဆံ
မြေပြင်စစ်ရှုံးနေသော စစ်ကောင်စီက လေကြောင်းအားကိုးနေ